Saturday, May 25, 2013

အဆိပ်မသင့်သောလူ


ကြွယ်ဝချမ်းသာမှုဆိုတာ
ကျောင်းဆရာ လယ်သမားတဦးအဖို့တော့
ဆန်းပြားတဲ့ ကံစီမံရာအတတ်ပညာတခုပ
ဥာဏ်မမှီခဲ့ရှာဘူး။
ကြောက်တတ်ရင်နှစ်ခါသေတယ်ကွ
ငါ့ဦးနှောက်တွေကို
ဘာအကြောင်းပြချက်နဲ့မှ ခုတုံးမလုပ်နိုင်ဘူး ညီညီ။

တလင်တမယားစနစ်ကိုချစ်တယ်
ဓါးလေးစင်း
ထီးတလက်
ဘ၀ကိုခရီးဆက်ရတဲ့အခါ
လျှာပေါ်မြက်ပေါက်လာတာတောင်
မိသားစုအဟာရကို အဆိပ်မခတ်ခဲ့ဘူး။

လဘက်ရည်ဆိုင်ထဲမှာ
အတွေးတွေမကြွယ်ခဲ့ဘူး
ရုပ်ရှင်ရုံထဲမှာ
သူရဲကောင်းတွေနဲ့ လက်ဆွဲမနှုတ်ဆက်ခဲ့ဘူး
စာဥယျာဉ်ထဲကိုလည်း
တောလည်ထွက်ဖို့ အချိန်မရှိခဲ့ဘူး

လက်သီးကိုဆုပ်ခဲ့ပြီး
ကိုယ်လုပ်မှ ကိုယ်စားရတာပါကွာလို့ 
ကျောင်းဆရာလယ်သမားက
သူ့အဘိဓမ္မာကိုဖွင့်ပြခဲ့တယ်။

အနာဂါတ်ကိုထက်ရှဖို့အတွက်
ကျောင်းမှာ ကလေးတွေရဲ့အတွေးတွေကို
ကျောင်းဆရာတဦးအနေနဲ့မီးဆေးတယ်။

မိသားစုစားဘို့ ခက်တော့
လယ်သမား
စပါးစိုက်တယ်
နေကြာပွင့်တွေကိုဆီဖြစ်စေခဲ့တယ်
ဘယ်လိုအကြောင်းအချက်တွေက
အဖေ့ကို
လောကကြီးရဲ့ မြူဆွယ်ဖြေားယောင်းမှုတွေထဲက
ခုခံအားကောင်းစေခဲ့တာလဲ။

မိုးခါးရေတွေ
ဗူးသွပ်ရောင်းဝယ်နေတဲ့အဲဒီခေတ်မှာ
သူ့သိက္ခာတွေက လူတွေခပ်သလောက်
မခမ်းတဲ့
စမ်းရေလိုချိုတယ်။

မင်းကတော့
ပုံကန်ချင်တဲ့ကောင်
အောက်ဆီဂျင်လိုကောင်ပဲဆိုပြီး
ဒေါသကြီးတကြီးဆူပွက်ခဲ့ရတဲ့ကျနော့်ကြောင့်များ
အဖေနေရမယ့်နှစ်တွေကို
မြန်မြန်မျိုချလိုက်တာလား။

ကျနော့်အတွက်တော့
လူတွေလုပ်ခဲ့သမျှ
မိုးမျှော်အဆောက်အဦကြီးတွေကိုလည်း
အဖေ့စိတ်ကူးတွေလောက်
မြင့်မယ်မထင်ခဲ့ဘူး။

လူတွေဆောက်ခဲ့သမျှ
မြစ်ကူးတံတားကြီးတွေကိုလည်း
အဖေ့စိတ်ကူးတွေလောက်
အသုံးတည့်တယ်လို့မထင်ခဲ့ဘူး။

လူတွေချက်တဲ့ ၀ိုင်အရက်တွေကလည်း
အဖေ့စိတ်ကူးတွေလောက်
လှပရီဝေမနေခဲ့ဘူး။

တစ်ရာရာခိုင်နှုန်းကော်တွန်တောင်
အဖေ့စိတ်ကူးတွေလောက်
ချည်မစစ်နိုင်ပါဘူးလေ။

ခုတော့----ကမ္ဘာကြီးက ပြားသွားပြန်ပြီတဲ့အဖေရေ
လားတကောင်သွားဘို့ လမ်းရှာဘို့လိုပါသေးသလား
အဖေ့စိတ်ကူးတွေကိုကြားချင်လိုက်တာ
တိမ်တွေပွင့်ရင် သားက
နှင်းဆီးရန့ံတွေကို ဟောဒီမြေပေါ်မှာ
ကိုယ်တိုင်ယက်လုပ်ချင်သေးတာ
စိတ်ကူးတွေကိုဘယ်လိုစိတ်ကူးခဲ့ပါသလဲအဖေ။

တိုးသစ်။
(မူလတန်းကျောင်းအုပ်ဆရာကြီးဖေ့ဖေ့သို့)