Thursday, January 30, 2014

ဒေါ်အောင်ဆန်းစုကြည် အတွက် စာတစ်စောင် (တတိယပိုင်း)

ဒေါ်အောင်ဆန်းစုကြည် အတွက် စာတစ်စောင် (၁၁)

ကျိုတိုရောက် စု (၁၉၈၅-၁၉၈၆)
ဒေါ်အောင်ဆန်းစုကြည် နှင့် နိုရီကို
၁၉၈၅ ခုနှစ် ဇူလိုင် ၂ရက်မှာ စုဆီက စာတစ်စောင် ကျွန်မဆီ ရောက်လာပါတယ်။
ခင်မင်ရပါတဲ့ နိုရီကိုနဲ့ဆဒါယိုရှိ (အားရပါးရ ခေါ်လိုက်တာနော်)
ကျွန်မမှာ စိတ်လှုပ်ရှားစရာ သတင်းတွေရှိနေတယ်နော်။ စက်တင်ဘာလ ကုန်ကျရင် ကင်မ်နဲ့ ကျွန်မ ကျိုတိုကို လာခဲ့မယ်။ ကျိုတိုတက္ကသိုလ် ရဲ့ အရှေ့တောင်အာရှ လေ့လာရေးဌာန က ကျွန်မကို ဧည့်သုတေသီအဖြစ် ခြောက်လတာ ဖိတ်ကြားခဲ့ပါတယ်။ ဒီအခွင့်အရေးကို ကာလ တာရှည် စောင့်မျှော်နေခဲ့တဲ့ ကျွန်မအတွက် ဒီလို အဆင်ပြေအောင် ကူညီပေးခဲ့တာကတော့ လူသားချင်း စာနာမှု လေ့လာရေး ဌာနက သုတေသနမှူး ပါမောက္ခ တိုဆီယို ယိုကိုယာမာ ပါပဲ။ သူက ကျိုတို တက္ကသိုလ်ရဲ့ အပြည်ပြည် ဆိုင်ရာ ဧည့်ဂေဟာမှာ နေခွင့်ရဖို့ကိုလည်း ကြိုးစားပေး နေပါတယ်။ ဒါပေမယ့် ကြည့်ရတာ ဒီဇင်ဘာအထိ အခန်းလွတ် ရှိပုံမရဘူး။ ပြီးတော့ ကျွန်မက ပါပီ့ကို ခေါ်လာမယ်လေ။ မိုက်ကယ်က အိန္ဒိယကို မခေါ်သွား နိုင်ဘူးလေ။ ပါပီက အိုလည်း အိုနေပြီ။ ကျွန်မကသာ သူ့ကို ဂျပန်ကို ခေါ်မလာရင်သူ ရင်ကွဲပြီး သေမှာပဲ၊   ဂေဟာမှာ တိရစ္ဆာန်ကို လက်ခံ မခံတော့ မသိဘူးပေါ့။ ဒါကြောင့် နိုရီကိုရေ ကျေးဇူးပြုပြီး ကင်မ်ရယ်၊ ကျွန်မရယ်၊ ပါပီရယ် နေလို့ရမယ့် နေရာကလေးများ ကူရှာ ပေးလို့ ရမလား လို့ပါ။ ဒီကိစ္စနဲ့ ပတ်သက်ပြီးလည်း ပါမောက္ခ ယိုကိုယာမာကို တိုင်ပင် ပြောထားပေးမယ်ဆိုရင် လည်း ကျေးဇူးတင်မှာပါ။
စာက ဆက်ရေးထားရာမှာ ဟို အရင်အပတ်က စု ရေးလာတဲ့ စာ တစ်စောင်ကို သတိရမိပါတယ်။ “ကျွန်မလေ ငွေစုမိတာနဲ့ ချက်ချင်းဆိုသလို ဂျပန်ကို အလည်လာချင်တာ ပါပဲ။ ရှင့်ရဲ့ ကျေးလက်က အိမ်ကလေးဆီကို လာမှာပေါ့”တဲ့။ အရှေ့တောင်အာရှ လေ့လာရေး ဌာနမှာ  မြန်မာပြည်နဲ့ ပတ်သက်တဲ့ စာအုပ်တွေ အများကြီးပဲ လို့ ပြောကြပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း အကြောင်းလည်း အများကြီး ရှိနေပါတယ်တဲ့။ ဒီတော့ စုမှာ အဲဒါတွေကို လေ့လာချင်သလို သူ့အဖေ နေခဲ့ဖူးတဲ့ ဂျပန်ကို လာပြီး အတွေ့အကြုံတွေ လိုချင်စိတ်လည်း ရှိနေခဲ့တာပါ။

ပါမောက္ခ ယိုကိုယာမာက အောက်စ်ဖို့ဒ်ကနေ ပါရဂူဘွဲ့ ရခဲ့သူပါ။ ဒါကြောင့် အောက်စ်ဖို့ဒ်နဲ့လည်း ဆက်ဆံရေး အဆင်ပြေပုံရပါတယ်။ တခြား သုတေသီတွေအနေနဲ့ ဗိုလ်ချုပ် အောင်ဆန်းအကြောင်း သုတေသန ပြုဖို့ အရေးကြီးတာကို သူ့လောက် နားလည်နိုင်မှာ မဟုတ်ဘူးပေါ့။ ဒီ သုတေသနအတွက် စုဟာ အသင့်တော်ဆုံး လူတစ်ယောက်ဖြစ်တာ မှန်ပေမယ့် စုလို အိမ်ရှင်မ တစ်ယောက်ကို သိပ္ပံပညာ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ ဂျပန် ဖောင်ဒေးရှင်းအနေနဲ့ သုတေသန ထောက်ပံ့ကြေး ပေးချင်သွားအောင် စည်းရုံးဖို့ဆိုတာ အတော် မလွယ်တဲ့ အလုပ်ဆိုတာကိုတော့ ကျွန်မတို့က ခန့်မှန်းနိုင်ခဲ့ပါတယ်။
စုအနေနဲ့ကတော့ ဒီလိုရှုပ်ထွေးတဲ့ ကိစ္စတွေကို နားမလည်နိုင်မှာ သဘာဝ ကျပါရဲ့။ မိုက်ကယ်က အလုပ် အနေနဲ့မရဘဲ အင်္ဂလန်မှာ ဖြစ်ဖြစ်၊ တခြားနိုင်ငံ တစ်ခုခုမှာဖြစ်ဖြစ် သုတေသီ အနေနဲ့ ထောက်ပံ့ကြေးတွေ ရကာ  လှည့်လည် နေထိုင်    နေရတာကြောင့် စု ကလည်း အခုလိုပဲ ဧည့်သုတေသီ အဖြစ် နေထိုင်နိုင်အောင် တွေးဖြစ်ပုံပါ။ ဒီအခွင့်အရေးကတော့ စုအတွက် အခွင့်အလမ်းကောင်း ကိုသာမက နောင်နှစ်နှစ်အတွင်း ဖြစ်လာတော့မယ့် ဘဝအပြောင်းအလဲ အတွက်ပါ သက်ရောက်ခဲ့တယ်လို့ ဆိုရပါမယ်။

ကျွန်မက စုရဲ့စာကို ကျွန်မ ခင်ပွန်းပါ ကြားရအောင် အသံထွက် ဖတ်ဖြစ်ခဲ့ပါတယ်။ ပါပီ့အကြောင်းလည်း ရောက်ရော “အိုး ဒီပါပီ အကြောင်း ပါလာပြန်ပြီ”လို့ ရယ်ပါတော့တယ်။ ပါပီက စုရဲ့အချစ်တော် ခွေးပေါ့။ ဘူတန် တယ်ရီယာ ခွေးကလေး    ဖြစ်ပါတယ်။ ဘူတန်က အပြန် မှာ ခေါ်လာခဲ့တာပါ။ စုက ပါပီဟာ အင်္ဂလန်မှာ အရမ်းအဖိုးတန်တဲ့ တစ်ကောင် တည်းသော ခွေးလို့ ဂုဏ်ယူနေကျပေါ့။

စုအတွက်တော့ အဖိုးတန်ခွေး ဖြစ်ပေမယ့် ကျွန်မတို့ အတွက်တော့  ပါပီက ကမူးရှူးထိုး ခွေးတစ်ကောင် ပါပဲ။ အကောင်က သေးပြီး ဘာမှမထူးခြားတဲ့ ကောင်ပါ။ မျက်နှာဝိုင်းဝိုင်းလေးရယ်၊ မျက်လုံး ဝိုင်းနက်နက်ရယ်၊ အမွှေးတွေက အဖြူနဲ့အညို ရောပြီး ခပ်ရှည်ရှည်ပေါ့။ ခြေထောက် တွေကတော့ တိုတို။ အလက်ဇန္ဒားရဲ့ အချစ်တော်လည်း ဖြစ်ပါတယ်။ သူက ကျွန်မတို့အရင် လှေကားကို အပြေးတက် သွားတတ်ပြီး လှေကားစွန်းလည်း ရောက်ရော မေးစေ့နဲ့ လှေကားစောင်း ရိုက်မိပြီးလဲကျရောဆိုတဲ့ ပါပီမျိုးလေ။ ကျွန်မတို့က စုဆီ လာလည်တိုင်းမှာ ကျွန်မတို့နား နာရီဝက်လောက် ထိုင်နေတာ ငြိမ်လို့ ပြီးတော့မှ ရုတ်တရက်ကြီး ထပြီး သူစိမ်းတွေကို တွေ့ရသလို ဟောင်တော့တာပဲ။ ပြီးတော့ သူက အစောင့်ခွေး လိုလည်း အသုံးမတည့်ပါဘူး။ သူ့ပုံစံက ကာတွန်းပုံလေးမို့ ချစ်စရာတော့ ကောင်းနေ တာပေါ့။ စုက သူ့ကို ချစ်တယ်ဆိုတာကတော့ အာရှနွယ် ဖွားချင်းကလည်း ဖြစ်၊ သူ့သားနှစ်ယောက် ထက်စာရင် သူ့စကားကိုလည်း ပိုနားထောင် ဆိုတာကြောင့် ဖြစ် ချင်ဖြစ်မှာပေါ့။ ဒါပေမယ့် ခွဲထားခဲ့ရင် သေသွားမလားလို့ စိတ်ပူနေတဲ့အထိတော့ ချစ်လိမ့်မယ်လို့ ထင်မထားခဲ့ပါ ဘူး။

အဆုံးမှာတော့ စုက ပါပီ့ကို  ထားရစ်ခဲ့ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ လူဝင်မှု ကြီးကြပ်ရေး ဥပဒေအရ ဘယ်တိရစ္ဆာန် ကိုမဆို အချိန်အတော်ကြာ သီးသန့်ခွဲထားရမယ့် အခြေအနေရော၊ ဧည့်ဂေဟာမှာ ဘယ်တိရစ္ဆာန်မှ ထားမရတဲ့ အခြေအနေကြောင့်ပါ ပါပီ ကျန်ခဲ့ရပါမယ်။ မိုက်ကယ်အနေနဲ့ အိန္ဒိယက ဆင်းမလားကို တစ်ပါတည်း ခေါ်ချင် ခေါ်၊ ဒါမှမဟုတ် သူတို့ရဲ့ အိမ်ခန်းကို အငှားတင်ခဲ့မယ့် သူတွေနဲ့ ထားချင်ထားခဲ့ပေါ့။ သူတို့မိသားစုက နိုင်ငံခြား သွားမယ်ဆိုရင် အခန်းကို လူငှားထား ခဲ့တတ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ခွေးပြဿနာကတော့ ဖြေရှင်းပြီး သွားပါပြီ။ တကယ်တော့ စုကို ဧည့်သုတေသီ အဖြစ် ဖိတ်ဖို့ ပါမောက္ခ ယိုကိုယာမာအနေနဲ့ အတော်ကြီး အားထုတ်ခဲ့ရမှာပါ။ ပါမောက္ခက “သူဟာ မင်းသမီးလေး မဟုတ်တော့ဘူးလေ။ ငါကလည်း ဘာပဲဖြစ်လာလာ အဆိုးဆုံးကို ပြင်ဆင်ထားမှာပါ”လို့ ဆိုခဲ့ပါတယ်။
ဆက်လက်ဖော်ပြပါမည်။
မသီတာ(စမ်းချောင်း)

ဒေါ်အောင်ဆန်းစုကြည်အတွက် စာတစ်စောင် (၁၂)

ကျွန်မတို့ လင်မယားလည်း စုနဲ့ ကင်မ့်ကို အီတာမိ အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ သွားကြိုကြပါတယ်။ ကျွန်မက ပါမောက္ခ ယိုကိုယာမာ ပြောခဲ့တာကို သတိရပြီး အစဖော်တဲ့ အနေနဲ့ “သူက ပြင်ဆင်ထားခဲ့ပါ တယ်တဲ့..”လို့ဆိုတော့ စုကပဲ “အဆိုးဆုံး ကိုပေါ့”လို့ ဖြတ်ပြောပါတယ်။ ကျွန်မတို့ နှစ်ယောက်သားပြိုင်တူပဲ ရယ်လိုက်မိပါတယ်။ စုက ပြဿနာကို သဘောပေါက်ခဲ့ပုံပါပဲ။
ကြီးကြီး မသန်းဧ နှင့် နိုရီကို
စုရဲ့ စာထဲမှာ ပါခဲ့တာ တစ်ခုကတော့ အသက် ၈ နှစ်အရွယ် ရောက်နေပြီဖြစ်တဲ့ ကင်မ့်အတွက် ကျောင်းကိစ္စ စိတ်ပူပန်မှုပါပဲ။ အဲဒီအချိန်က အလက်ဇန္ဒားက ကျောင်းအဆောင်မှာ နေရမှာ နောက်ဆုံးနှစ်ပါပဲ။ နောက်နှစ် နွေဦးဆို အတန်းတင် စာမေးပွဲ စစ်ပြီလေ။ ပြီးရင်တော့ သူလည်း ကင်မ်နဲ့အတူ ကျိုတိုကို လာမှာပါ။ ဒီ၁၉၈၅ ခုနှစ် ခရစ်စမတ် ပိတ်ရက်မှာ စုနဲ့ကင်မ်ပဲ ရှိပေမယ့် ၁၉၈၆ ခုနှစ် နွေမှာတော့ အလက်ဇန္ဒားရော၊ တစ်မိသားစုလုံး အိန္ဒိယမှာ အတူတူ ရှိကြမှာပါ။ စုက ဩဂုတ်လ ပထမပတ်မှာတော့ ဆွစ်ဇာလန်နဲ့ ဂျာမဏီကို သွားရမှာမို့ ဂျပန်ကို မလာခင် အတော်လေး အလုပ်ရှုပ်ဦးမှာပေါ့။ သူ့စာထဲမှာတော့ သူ့စွန့်စားခန်းအတွက် အတော်လေး စိတ်လှုပ်ရှား နေပုံ ပါပဲ။

လေဆိပ်ကနေ ကျွန်မတို့အိမ်ကို ရောက်တယ်ဆိုတာနဲ့ ရွာထဲကို အလည်ပို့ဖို့ ဆိုကာ ကျွန်မခင်ပွန်းက စက်ဘီး တစ်စီးနဲ့ ကင့်မ်ကို တင်ပြီး ထွက်သွားပါတော့တယ်။ ကင်မ်ကတော့ စက်ဘီးပေါ်က ဆင်းဆင်းချင်း အောက်စ်ဖို့ဒ်မှာ ကျန်နေတဲ့ မိုက်ကယ့်ဆီကို ဖုန်းခေါ်ဖို့ လောဆော်တော့တာ ပါပဲ။ သူ့ကြည့်ရတာ စက်ဘီးကို ပထမဆုံး စီးခွင့်ရသလိုကို ပျော်နေကာ မိုက်ကယ့်ကိုလည်း သူ့ခရီးရှည်ကြီး အကြောင်း မပြောဘဲ စက်ဘီးစီး တဲ့ အတွေ့အကြုံကိုပဲ ပြောနေပါတယ်။ ကျွန်မခင်ပွန်းက ပြန်ပြောပြ တာကတော့ သူ့နောက်မှာ ထိုင်စီးတဲ့ ကင့်မ်ကို စကားတွေ လှမ်းလှမ်းပြောတော့ ကင်မ်က စက်ဘီးနင်းနေခိုက် စကားမပြောရဘူးလို့ ပြောပါသတဲ့။ အဲဒီတော့ သူက “မင်းတို့ အင်္ဂလိပ် ကလေးတွေဟာ စိတ်ပူတတ် ရန်ကောကွာ”လို့ ပြောတဲ့အခါ “မဟုတ်ပါဘူး။ ကျွန်တော်က မြန်မာပါ”လို့ ပြန်ဖြေခဲ့ပါသတဲ့။ အဲဒီအခါမှပဲ ကျွန်မတို့လည်း ပထမဆုံး အနေနဲ့ စုရော သား နှစ်ယောက်လုံးပါ မြန်မာနိုင်ငံသား ဖြစ်နေတာကို သိလိုက်ရပါတယ်။ စုက ဘယ်တုန်းကမှ ဗြိတိသျှ နိုင်ငံသား မခံယူခဲ့ပါဘူး။

စုက ကျွန်မတို့အိမ်ကို သိပ်သဘောကျ ပါတယ်။ ဘီဝါကန်ကို မြင်နေရတဲ့ မြင်ကွင်းနဲ့ အရိပ်ကောင်းတဲ့အတွက် ပေါ့။ ကျွန်မတို့ အိမ်လှေကားရဲ့ ပထမသုံးဆင့်က ထောင့်ချိုးလေးပေါ့။ စုက သူ့အမေအိမ်က လှေကားကလည်း အဲဒီလို ထောင့်ချိုးလေးပဲ ဆိုကာ လှေကားကို အကြိမ်ပေါင်းများစွာ တက်လိုက်ဆင်းလိုက် လုပ်နေခဲ့ပါတယ်။ ကျွန်မတို့အိမ်က ဘီဝါကန်ရဲ့အနောက်ဘက်ကမ်းက တောင်ကုန်းလျှောလေးမှာ ဖြစ်ပြီး အသစ် တည်ထားတဲ့ ရပ်ကွက်လေးမှာ ရှိတာပါ။ အဲဒီအချိန်တုန်းက အနိမ့်ပိုင်းက မြေကို ကျွန်မတို့ မပိုင်သေးပါဘူး။ ကျွန်မတို့အိမ်ရဲ့ ပထမထပ်ကနေ ကြည့်ရင် ကန်ရဲ့ ဟိုဘက်ကမ်းနဲ့ နောက်ဘက်က အီဘူကီတောင်ဟာ တကယ့်ကို လှပါရဲ့။ စု ကောက်ကာ ငင်ကာနဲ့ “နိုရီကိုရယ် ရှင် အဲဒီအနိမ့်ပိုင်းက မြေကို ဝယ်သင့်တယ် သိလား” လို့ ဆိုပါတယ်။ “ဝယ်ချင်တာပေါ့။ ဒါပေမယ့် တတ်မှ မတတ်နိုင်တာ”လို့ ဆိုတော့ “ဘာလို့လဲ ဒီမြေလေးက သေးသေးလေး လေ”လို့ စုက နားမလည်သလို ကြည့်ပြီး မေးပါတော့တယ်။

ကျွန်မတို့နှစ်ယောက် နှုတ်က ထုတ်မပြောဘဲ အကြည့်ချင်း စကားပြောဖြစ်ခဲ့တယ် ဆိုပါတော့။ စုက “ကျွန်မက အကြံကောင်းတွေ ပေးနေတာနော်”ဆိုတဲ့ အကြည့်နဲ့ မေးပြီး ကျွန်မက “ဟုတ်ပါတယ်။ ဒါပေမယ့် ရှင်မှ ဂျပန်က မြေသေးသေးလေး တစ်ကွက်ရဲ့ တန်ဖိုးကို မသိတာ”ဆိုတဲ့ အကြည့်နဲ့ဖြေခဲ့တာလေ။
ကျွန်မတို့က နေ့တိုင်းလိုလို ကို စီရထားလိုင်းက ဝါနီဘူတာရုံရှေ့မှာ ဖွင့်ထားတဲ့ စူပါမားကက်မှာ ဈေးသွား ဝယ်ပါတယ်။ စုက ငါးရောင်းသူ တစ်ယောက်ကို သဘောကျပါတယ်။ “သူက မျက်နှာကချိုတယ်။ ဘူတန်က ကျွန်မသူငယ်ချင်းနဲ့ တူတယ်”လို့ ပြောခဲ့ပါတယ်။ ဒါကြောင့် စုကို နေအိမ် အကျယ်ချုပ် ချထားလိုက်ပြီ လို့လည်း ဆိုရော ငါးဆိုင်ပိုင်ရှင်က ကျွန်မဆီ မနက်အစောကြီး ရောက်ချလာကာ “အစ်မကြီးရေ၊ အောင်ဆန်း စုကြည်တော့ အခက်အခဲ တွေ့နေပြီနော်။ ကျွန်တော် တတ်နိုင်တာများ ရှိရင် ပြောပါနော်။ အတတ်နိုင်ဆုံး ကူညီချင်လို့ပါ”လို့ ပြောခဲ့ပါတယ်။ ကျွန်မအနေနဲ့ စုအပေါ် အခုလောက် နွေးထွေးတဲ့ စိတ်မကောင်းဖြစ်ပုံမျိုး မတွေ့ဖူးပါဘူး။ သူက မြန်မာပြည် အရေးကိုအမြဲစိတ်ဝင်စားသလို ကျွန်မကို တွေ့တိုင်းလည်း စုသတင်းကို မေးတတ်ပါတယ်။ ကျွန်မကလည်း ဆိုင်ကိုရောက်တဲ့အခါ ငါးလှီးဓား ကိုင်ထားတဲ့ ငါးဆိုင်ပိုင်ရှင်နဲ့ စုကြားက တွေ့ဖူးနေခဲ့တဲ့ အသံတိတ် အပြုံး ဖလှယ်မှုတွေကို ပြန်သတိရ နေမိခဲ့ပါတယ်။

စုက ဂျပန်ကို သွားတော့မယ်ဆိုတဲ့ သတင်းဟာ သူ့အမေက တစ်ဆင့် ရန်ကုန်က မိတ်ဆွေတွေကြား ပျံ့နှံ့ သွားပါတယ်။ စုအမေကို ကူညီပေးနေသူတွေဆီက ဈေးဝယ်ပေးဖို့ ပစ္စည်း စာရင်းရှည်ကြီးကလည်း စုရဲ့လက်ထဲကို ရောက်လာခဲ့ ပါတော့တယ်။ စုကလည်း သူ့မေတ္တာကို ပြသတဲ့အနေနဲ့ အမှတ်တရ ပစ္စည်းလေးတွေ ဝယ်ဖို့ ကြိုးစားပါတော့တယ်။ ကျွန်မကလည်း သူ့ကို စူပါမားကက် ပထမထပ်က နာရီဆိုင် ရှိရာဆီ ခေါ်သွားပေးလိုက်ပါတယ်။ သူ့စာရင်းထဲမှာ နာရီက ပါနေတာကိုး။ စုက နာရီကို အငေးသား ကြည့်လိုက်ပြီး သက်ပြင်းလေး ချလိုက်ပါတယ်။ “နိုရီကိုရေ ကျွန်မအနေနဲ့ ဒီလို ဈေးကြီးတဲ့ပစ္စည်းတွေကို ဝယ်ဖို့ မတတ်နိုင်ပါဘူး။ ဒီနာရီက ယန်း သုံးသောင်းခွဲတောင်လေ။ ကျွန်မ ပတ်ထားတဲ့ နာရီကို ကြည့်ပါဦး။ ယန်းငါးထောင်ပဲ ပေးရတာ”လို့ ပြောခဲ့ပါတယ်။

စက်တင်ဘာလ ကုန်တဲ့အထိ နေ့ပေါင်းများစွာ စုနဲ့ ကင်မ်ဟာ ဂျပန်နိုင်ငံက သူတို့ဘဝကို ပျော်ပိုက်နေပုံ ရပါတယ်။ အောက်တိုဘာ ၁ ရက်ကစပြီး အပြည်ပြည်ဆိုင်ရာ ဧည့်ဂေဟာကို သူတို့ ပြောင်းရွေ့နေထိုင် ရပါတယ်။ ဘဝသစ် တစ်ခုပေါ့။ ကျွန်မတို့ အိမ်နီးနားချင်း တွေကလည်း သူတို့ရဲ့ ၆လစာ အဝတ်အစားနဲ့ အသုံးအဆောင်တွေကို ကူသယ်ပေးခဲ့ကြပါတယ်။ တကယ်တော့ အဲဒီ ပစ္စည်းတွေ အားလုံးဟာ မိန်းမသား တစ်ဦးအတွက် လေးပင်လွန်းလှပေမယ့် ၈နှစ်သား ကင်မ်ရယ်၊ စုရယ်၊ သူ့ရဲ့ စိတ်စွမ်းအားရယ်ကပဲ အဲဒီ ပစ္စည်းတွေကို သယ်ပိုးခဲ့ကြတာပါ။ ကျွန်မတို့ အိမ်နီးနားချင်းတွေကို စုတို့ သားအမိ တိုင်ဖွန်း လာတိုက်သွား သလို ကျွန်မတို့လည်း အားအင်တွေ ပြည့်ခဲ့လို့ပါပဲ။ တိုက်တိုက်ဆိုင်ဆိုင်ပဲ အို့စု မတ်ဆူရီပွဲတော်ကို တက်ဖို့ ကျွန်မကို ဖိတ်ကြားခဲ့ပါတော့တယ်။

ဆက်လက်ဖော်ပြပါမည်။
မသီတာ(စမ်းချောင်း)

ဒေါ်အောင်ဆန်းစုကြည်အတွက် စာတစ်စောင် (၁၃)

 အို့စုမတ် ဆူရီ ပွဲတော်က စု
အို့စုမတ်ဆူရီပွဲတော်က နှစ်စဉ် အောက်တိုဘာလ ၁ဝ ရက်မှာ အို့စုမြို့မှာ ကျင်းပတာပါ။ ဒီပွဲတော်က ကိုင်ချိုခေတ် (၁၅၉၆-၁၆၁၅)မှာ ကတည်းက စခဲ့တာပါ။ ရှေးခေတ်မှာ အို့စုမြို့ဟာ မီဒိရာ ဘုရားကျောင်းနားမှာ ပေါ်ထွက်လာခဲ့တာ ဖြစ်ပါတယ်။ ၁၆ဝဝ ခုနှစ်မှာ ဂျပန်ကို ဘယ်သူ အုပ်စိုးမလဲဆိုတဲ့ အဆုံးအဖြတ်ပေးခဲ့တဲ့ ဆကီဂါဟာရာ စစ်ပွဲအပြီးမှာ အို့စုရဲတိုက် ပြိုလဲသွားပါတယ်။ အဲဒီနောက်မှာတော့ အို့စုဟာ တိုကိုင်ဒို လမ်းမ တစ်လျှောက်မှာဖြစ်စေ၊ ဘီဝါကန် တစ်ခွင်မှာဖြစ်စေ ကုန်းလမ်းရော ရေလမ်းအရပါ အရေးပါတဲ့ နေရာလေး တစ်ခုဖြစ်လာပါတယ်။ နောက်ပိုင်းမှာတော့ တိုကူဂါဝါ ရှိုဂူနာတေခေတ်မှာ ကုန်သွယ်မြို့ တစ်မြို့ဖြစ်လာပါ တယ်။
ကုန်သွယ်မြို့မို့လို့ ကြွယ်ဝလာတဲ့ အို့စုမြို့ကလေးရဲ့ စိတ်ဓာတ်ဟာလည်း တန်စွန်နတ်ဘုရားကို ကိုး ကွယ် ယုံကြည်မှုတွေနဲ့ ပွဲတော်အတွက် တက်တက်ကြွကြွ ရှိနေတတ်ပါတယ်။ လမ်းတိုင်းမှာ ပူဇော်ဖို့ အပြင် အဆင်တွေ လုပ်ကြကာ တန်စွန် နတ်ဘုရားကို ပူဇော်တဲ့နေ့မှာတော့ လမ်းတွေပေါ်မှာ စီတန်း လှည့်လည်ပြီး အပူဇော်ခံကြပါတယ်။ အီဒိုခေတ် (၁၆ဝဝ-၁၈၆၈)ခုနှစ်မရောက်မီ အထိတော့ အဲဒီလိုပူဇော်ဖို့ ပြင်ဆင်တဲ့ မဏ္ဍပ်ကို ဆောက်တာ ၁၃ ခုပဲ ရှိခဲ့ပါတယ်။
အဲဒီအချိန်တုန်းက ကျွန်မဟာ ကျိုတိုမှာ ရှိတဲ့ ဒိုရှိရှတက္ကသိုလ်မှာ အချိန်ပိုင်းနည်းပြအဖြစ် ဝင်လုပ်နေချိန်ပါ။ ကံကောင်းစွာနဲ့ ကျွန်မရဲ့တပည့် ကောင်မလေး တစ်ယောက်က ယူတာတီယာမာဆိုတဲ့ လက်ဖက်ရည် ဧည့်ခံမဏ္ဍပ်တစ်ခုကို မိသားစု အနေနဲ့ ဆက်ခံ ထိန်းသိမ်းထားသူပါ။ ကျွန်မရဲ့ မိသားစုနာမည်ကလည်း အို့စု ဖြစ်တာမို့ ပွဲတော်နာမည်နဲ့ တူနေတာ ကံကောင်းသွားပါတယ်။ ဖြစ်ချင်တော့ တပည့်မလေး နာမည်ကလည်း နိုရီကိုပဲ ဖြစ်ပါတယ်။ တပည့်မလေးရဲ့ မိသားစုက ကျွန်မကို ပွဲတော်ကို လာလည်ဖို့ ဖိတ်ပါတယ်။ ပွဲတော် မတိုင်မီ ညနေမှာကတည်းက ပွဲတော်ကျင်းပမယ့် မိသားစုတွေနဲ့ ကျွန်မကို မိတ်ဆက်ပေးတော့ သူတို့ရဲ့ ပွဲတော်အပေါ် စွဲမြဲတဲ့စိတ်ကို အံ့ဩကြည်နူး ဖြစ်ခဲ့ပါတယ်။ ဒီလိုနဲ့ အို့စုမတ်ဆူရီ ပွဲတော်ဟာ ကျွန်မရဲ့ အချစ်တော် ဖြစ်လာခဲ့ပါတယ်။
ပွဲတော်မှာ အစဉ်အလာ တစ်ခု ရှိတာက မဏ္ဍပ် အပြင်အဆင်တွေမှာ အမျိုးသမီးတွေ ပါဝင်ကြရပေမယ့် ဖျော်ဖြေရေးအဖွဲ့နဲ့ မဏ္ဍပ်ပေါ်ကိုတော့ တက်ခွင့်မရတာပါပဲ။ အဲဒီအစဉ်အလာကိုတော့ ကျွန်မရဲ့တပည့်မလေး နိုရီကိုက ဆန့်ကျင်လိုက်ပါတယ်။ သူက လူငယ်လေးတွေကို စုစည်းပြီး လမ်းပေါ်မှာ ကော်ဇောနီခင်းကာ သစ်သား ခုံတန်းရှည်တွေ ချပြီး လက်ဖက်ရည် ဆိုင်လေး တည်လိုက်ပါတယ်။ ဂျပန်ရိုးရာ အချိုမုန့်ကလေး တွေနဲ့ လက်ဖက်ရည်စိမ်း ရေနွေးကြမ်းကို ရောင်းပြီး ရန်ပုံငွေ ရှာသလို ပွဲတော်ကို ပါဝင်ဆင်နွှဲပါတော့တယ်။ အဲဒီဆိုင်လေးက ရတဲ့ငွေဟာ မဏ္ဍပ်ဟောင်းတွေကို ထိန်းသိမ်းဖို့ လုံလောက်တဲ့ အလှူငွေ ရခဲ့ပါတယ်။ ဒီလိုနဲ့ အို့စု ပွဲတော်ရဲ့ နှစ်ကာလရှည် ကြာခဲ့တဲ့ အမျိုးသားများ ကြီးစိုးတဲ့ သဘာဝကို ကျွန်မရဲ့ တပည့်မလေး နိုရီကိုက ဦးဆောင်ပြီး အဆုံးသတ် စေလိုက်နိုင်ခဲ့ပါတယ်။
တကယ်တော့ တပည့်နိုရီကိုရဲ့ အိမ်နားက ကိုကာရာဆာကီချိုလမ်း ပေါ်မှာပဲ ဂျပန် တော်ဝင်ပုလိပ် ဆန်ဇို စုဒါရဲ့ ဓါးချက်ကြောင့် ရုရှရဲ့ နောက်ဆုံး အင်ပါယာ နီကိုလိုင်(၂)ဟာ ကွယ်လွန်ခဲ့ရပါတယ်။ တကယ်လို့ အမျိုးသားတွေရဲ့ လက်ထဲကို ပွဲတော်အပ်ထားရင် သူတို့က ဒေသခံတွေရဲ့ သမိုင်းတွေကို ချန်ထားပြီး ကျင်းပ သွားနိုင်ပါတယ်။ ဒေသခံဆိုတာ သူတို့ရဲ့ သမိုင်းကို တခြားဧည့်သည်တွေ သိအောင်ပြောပြဖို့ တာဝန်ရှိတာပေါ့။ မိန်းကလေးတွေကတော့ ဧည့်သည်တွေ အနေနဲ့ အို့စုပွဲတော်ကို ပျော်ဖို့ချည်း မဟုတ်ဘဲ အို့စုမြို့သမိုင်းကို မြည်းစမ်းသွားနိုင်ဖို့ပါ ကြိုးစားကြပါတယ်။ ဒီလိုအတွေးမျိုးက မိန်းကလေးတွေရဲ့ လက်ဆောင်ပဲပေါ့။
အို့စုပွဲတော်ရောက် စာရေးသူ နိုရီကို၊ တပည့်မ နိုရီကို၊ ဒေါ်အောင်ဆန်းစုကြည်နှင့် သား ကင်မ်
၁၉၈၅ ခုနှစ်၊ အောက်တိုဘာ ၁ဝ ရက်မှာ ကျွန်မက စုနဲ့ ကင်မ့်ကို အို့စုပွဲတော်ဆီ အလည်လာဖို့ ဖိတ် ခေါ်ခဲ့ပါတယ်။ အဲဒီအချိန်မှာ သူတို့က အပြည်ပြည်ဆိုင်ရာ ဧည့်ဂေဟာမှာ နေနေကြပြီ ဖြစ်ပါတယ်။ ကျွန်မက သူတို့ကို ဂျပန်ရိုးရာပွဲတွေ အကြောင်းလည်း သိစေချင်သလို ဂျပန်မလေး တစ်ယောက်ရဲ့ အမျိုးသား ကမ္ဘာကို ဆန့်ကျင်တတ်တဲ့ စိတ်ဇောကိုလည်း တွေ့စေချင်ပါတယ်။ ကျွန်မရဲ့ခင်ပွန်းကလည်း သူတက်နေတဲ့ အပြည်ပြည် ဆိုင်ရာ ဆွေးနွေးပွဲမှာ ခဏနားချိန်ရတုန်း အတူတက်ဖော် ဆိုဗီယက် ယူနီယံက ပညာရှင်တွေနဲ့အတူ အို့စု ပွဲတော်ကို လာမှာပါ။
စုတို့နဲ့အတူ ပွဲတော်လမ်းပေါ် လျှောက်ကြတော့ ရွေ့လျားမဏ္ဍပ် တွေကို လမ်းတွေပေါ် ဆွဲလာကြတာကို ကျွန်မတို့ တွေ့ကြရပါတယ်။ လူကြီးလူငယ် ယောကျာ်းလေး အားလုံးက မဏ္ဍပ်တင် သုံးဘီးတပ်လှည်းကို ဆွဲကြရာမှာ ယူနီဖောင်း ကိုယ်စီနဲ့မို့ ကြည့်လို့ သိပ်ကောင်းပါတယ်။ အဖွဲ့အစည်းတွေရဲ့ တံဆိပ်တွေကို ထိုးထားကြသလို အလုပ်သမား ဘောင်းဘီမျိုးလည်း ဝတ်ထားကြပါတယ်။ နောက်ခြေမနဲ့ ခြေချောင်းတွေကို ခွဲပြီးထိုးသွင်းရတဲ့ လည်ရှည်ဘွတ် ဖိနပ်လိုမျိုး ဂျပန်ရိုးရာ ဂျီကာတာဘီ ဖိနပ်ကိုလည်း ဆင်တူစီးထား ကြပါတယ်။ လှည်းကို ဆွဲစဉ်မှာ သူတို့ရဲ့ ဖိနပ်တွေကို ခိုင်နေအောင် ခြေဖဝါးကို မြေပြင်မှာ ကပ်ထားကြကာ ခါးကို ကုန်းနေအောင် ဆွဲကြကာ မဏ္ဍပ်ပေါ်က ဂီတပညာရှင်ရဲ့ ဖျော်ဖြေမှုကိုလည်း နားစွင့်ရပါတယ်။ ဘီးတွေ အရွေ့ကို ထိန်းပြီး တရွေ့ရွေ့နဲ့ သူတို့က မဏ္ဍပ်လှည်းကို ဆွဲလာကြတာပါ။
စုကတော့ ကျွန်မ ရှင်းပြတာတွေ နားထောင်ရင်းနဲ့ပဲ  မြင်ရသမျှတွေကို ငေးမောနေခဲ့ပါတယ်။ သူ့ မျက်လုံး တွေက လှည်းဆွဲနေသူတွေရဲ့ တစ်ကိုယ်လုံးကို လိုက်ကြည့်ရာက ခြေထောက်တွေဆီ အရောက်မှာ တော့ ခေါင်းပြန်မမော့ လာနိုင်တာ အတော်ကြာတဲ့ အထိပါပဲ။ “နိုရီကိုရေ အဲဒီလူတွေ စီးထားတဲ့ဖိနပ်က ထူးဆန်း လိုက်တာ။ ဘာဖိနပ်လဲဟင်”လို့ မေးပါတော့တယ်။ ကျွန်မက အိမ်ထဲမှာစီးဖို့ ထုတ်တဲ့ ခြေမနဲ့ ခြေချောင်းလေး တွေ ခွဲစွပ်ရတဲ့ ခြေအိတ်ကို တာဘီလို့ ခေါ်ကြကြောင်းနဲ့ အဲဒီပုံစံကို အတုယူကာ အခုလိုဖိနပ်မျိုး ပေါ်လာတဲ့ အကြောင်း ရှင်းပြဖြစ်ပါတယ်။   ဒီဖိနပ်မှာ အောက်ခံက ရော်ဘာဖြစ်ပါတယ်။ ခေါင်မိုးပေါ် တက်ရတဲ့အခါတို့၊ လမ်းပြင်တဲ့ အခါတို့မှာ အသုံးတည့်ပါတယ်။ ခြေမက သီးခြားထုတ် ထားနိုင်တဲ့အတွက် ခြေကုပ်အား ကောင်းတာမို့ ဂျပန်က လမ်းပြင်သူတွေ၊ ငြမ်းအမြင့်တွေပေါ် အလုပ် လုပ်ရသူတွေက ဂျကာတာဘီ ဖိနပ်ကို သိပ်သဘောကျ ကြပါတယ်။
“အဲဒီ ဂျကာတာဘီဖိနပ်ကို ဘယ်မှာ ဝယ်ရမလဲဟင်”လို့ စုက မေးပါတယ်။ သူက ဒီဝေါဟာရကို တစ်ခါပဲ ကြားဖူးပေမယ့် အသံထွက် မှန်အောင် ပြောနိုင်ပါတယ်။ “ဘာလို့ ဝယ်ချင်တာလဲ”လို့ ကျွန်မကမေးတော့ “ကျွန်မဝယ်ဖို့ စိတ်ပိုင်းဖြတ် လိုက်တယ်။ ကျွန်မက မြို့လည်သွားဖို့ ရထားစီးရင် စီးမှာပေါ့။ ဒါမှ ပလက်ဖောင်း ပေါ်ကနေ ခြေချော်မသွားမှာ” လို့ သူက ဆိုပါတယ်။
သူတို့နေတဲ့ အိမ်ခန်းလေးကို ကျွန်မသွားလည်တော့ သူ့မှာ ဖိနပ်အသစ် ၆ ရံတောင် ရှိနေတာကို တွေ့ လိုက်ရပါတယ်။ “ဘာလို့ဖိနပ်တွေ အများကြီးလိုနေတာလဲ”လို့ မေးတော့ “ကျွန်မရဲ့တစ်ခုတည်းသော သဘောကျတဲ့ အရာလေ”လို့  ပြန်ဖြေ ပါတယ်။ အမလေး လေး၊ နောက်ဆုံးတော့ သူ ဖိနပ်ကြိုက်တာ ဂျကာတာဘီပါ အဆစ်ပါ သွားပါရောလား။ ကျွန်မက ရယ်စရာတစ်ခုကို မြင်ယောင်နေမိပါတယ်။ ထမိန်ဝတ်လေ့ ရှိတဲ့ စုက စက်ဘီးပေါ်မှာ ဂျကာတာဘီကို စီးပြီး ကာမိုမြစ်တစ်လျှောက် သွားနေတဲ့ပုံပေါ့။ အို၊ ကျွန်မ ဘယ်လိုလုပ်ရပါ့။
ဆက်လက်ဖော်ပြပါမည်။

ဒေါ်အောင်ဆန်းစုကြည်အတွက် စာတစ်စောင် (၁၄)

 

ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိမြဲပေမယ့် သူ့မှာ အဲဒီစိတ်ကူးကို စွန့် လွှတ်သွားအောင် ကျွန်မက ဘယ်လို လုပ်နိုင်မှာပါလိမ့်။ ကျွန်မက ဒီဖိနပ်ဟာ အလုပ်ကြမ်း သမားတွေ အတွက် ပါလို့များ ပြောလို့ကတော့ ခွဲခြား ဆက်ဆံမှုလို့ ဝေဖန်ခံရဦးမှာကိုး။ “ဒီဖိနပ် ဘယ်မှာရောင်းလဲဆိုတာ သိတယ် မဟုတ်လား”လို့ စုက ထပ်မေး နေပါတယ်။ “သိတယ်လေ။ နီယိုတံတားနား ကနေ အရှေ့ဘက် နည်းနည်းသွားရင် ရပြီ”လို့ ဖြေတော့ သူ့ကို အဲဒီဆိုင်ဆီ ပို့ပေးဖို့ပြောတော့တာပါပဲ။ ကျွန်မလည်း သူ့ထောင်ချောက်ထဲ ပိတ်မိတော့မလို့ပါပဲ။ နောက်မှ အရှေ့တောင်အာရှ လေ့လာရေးဌာန မှာ တိုင်းပြည် အသီးသီးက ပညာရှင်တွေ ဝင်ထွက်နေတာမို့ အဲဒီလိုဖိနပ်မျိုးကို စီးဖို့ မသင့်တော်ဘူးလို့ အတန်တန် ဖျောင်းဖျ ရပါတော့တယ်။ ကျွန်မတို့ရဲ့စကားပုံတစ်ခုမှာလည်း“ပစ္စည်းမှန် နေရာမှန်”ဆိုတာ ရှိတာမို့ ကိုယ့်နေရာမှာ ကိုယ့်ပစ္စည်းတွေ ကို သူ့ဟာနဲ့သူ သင့်တော်အောင် ထားရမယ့်အကြောင်းလည်း ပြောတာပေါ့။ သူက တော့ ကျွန်မပြောချင်တာကို သိပ်သဘောပေါက်ပုံ မရပေမယ့် နောက်ဆုံးမှာတော့ စိတ်မပါ့တပါနဲ့ပဲ ကျွန်မ ရဲ့အကြံကို လက်ခံလိုက်ပါတယ်။ အဲဒီလို ဂျကာတာဘီဖိနပ်ကိစ္စ ငြင်းခုံနေကြတာနဲ့ပဲ ကျွန်မခင်ပွန်းနဲ့ ချိန်းထားတဲ့အချိန်က ကျော်သွားပါပြီ။ ကျွန်မရဲ့တပည့်မလေး နိုရီကို့ အိမ်ကို ရောက်တော့ နိုင်ငံခြားဧည့်သည်တွေကို ဧည့်ခံတဲ့ အစီအစဉ်က ပြီးတောင်သွား ပါပြီ။ အဲဒီနေ့က သူတို့ရဲ့ဧည့်သည်တွေကတော့ ရုရှက ပညာရှင်တွေ၊ ဂျပန်စာသင်နေတဲ့ အမေရိကန် ကျောင်းသားလေးတွေ၊ ကျွန်မတို့ လင်မယား နှစ်ယောက်နဲ့စုတို့ မြန်မာ သားအမိ နှစ်ယောက်ပေါ့။ တကယ်တော့ ဂျပန်အိမ်လေးတွေက လူ ၃ဝ ထက် ပိုပြီး မဆန့်တတ်ပါဘူး။
အို့စုမတ် ဆူရီ ပွဲတော် မြင်ကွင်း
ကျွန်မတို့အားလုံး အိမ်ထဲမှာ နေရာယူပြီး မကြာခင်မှာပဲ အိမ်အောက်ဆုံးထပ်မှာ တာတာမိဖျာတွေ ခင်းထားတဲ့ အခန်းလေးထဲ ပုလွေသံနဲ့ခေါင်းလောင်းသံတွေ ဝင်ချလာပါတော့တယ်။ လက်ဖက်ရည်ပွဲမှာ တစ်လျှောက်လုံး အေးအေး ငြိမ်းငြိမ်း နေရမယ် ဆိုတာကို မေ့သွားကြ သလိုပဲ ဧည့်သည်တွေ အားလုံးက အပေါ်ထပ်ကို အပြေးအလွှား တက်ကြ ပါတော့တယ်။ ပွဲတော်ရက်တွေမှာ အိမ်တွေ အားလုံးဟာ အပေါ်ထပ် ပြတင်းပေါက်တွေ အားလုံးကို ဖွင့်ထားတတ် ကြပါတယ်။ တာတာမိဖျာတွေကို ခင်းထားပုံကလည်း ပြဇာတ်ရုံကြီးထဲမှာ သီးသန့် အခန်းဖွဲ့ခုံလေးတွေလိုပေါ့။ ရွေ့လျား မဏ္ဍပ်တွေရဲ့ စင်အမြင့်က အိမ်အပေါ်ထပ်နဲ့ ကြမ်းတစ်ပြေးတည်း လောက် ရှိတာမို့ အခုတော့ ကြမ်းပေါ် ထိုင်နေရတာနဲ့ မတူဘဲ အဆင့်မြင့် ပွဲကြည့်စင်မှာလို ခံစားနိုင်တယ်လေ။ ဒါကြောင့် မဏ္ဍပ်တွေ လှည့်လာတဲ့အခါမှာ ဧည့်တွေက အပေါ်ထပ်ကို အပြေးတက်ကြတော့တာပါ။
စုနဲ့ ကင်မ်ကဧည့်တွေ အားလုံးရဲ့ရှေ့ဆုံးက အလယ်မှာ ထိုင်လိုက်ကြပါတယ်။ ကျွန်မက သူတို့ကို ရှင်းပြဖို့ အနောက်ကပ် လျက်မှာပဲ နေရာယူလိုက်ပါတယ်။ တစ်ယောက်ယောက်က“ရှိုမို၊ရှိုမို”လို့ ရွတ်လိုက်ပါတယ်။ ဂျပန်တစ်ယောက်က အဲဒီလို အော်လိုက်ရင်ပဲ ဧည့်သည်တွေက “ရှိုမို၊ရှိုမို”လို့ သံပြိုင် လိုက်အော်ပါတော့ တယ်။ ဒီဒေသခံတွေရဲ့ အသံထွက်က နည်းနည်းကွဲတော့ ကျွန်မက ဘာကို ဆိုလိုမှန်း ချက်ချင်းမသိပါဘူး။ နောက်မှ ”ရှိုမို”ဆိုတာ“I want”လို့ ပြောကြောင်း သိသွားပါတော့တယ်။ လူတွေက မဏ္ဍပ်ပေါ်က ဖျော်ဖြေသူတွေကို “ဆိုပြတီးပြ ပါဗျို့။ ကြည့်ချင်တယ်”လို့ သြဘာ ပေးကြပြီး သူတို့ကလည်း ပွဲကြည့် သူတွေအတွက် ဆိုတီးပြ ကြပါတယ်။ ဂျပန်ခေါင်းလောင်း ကလေးက ကန်ကန် ချီကီချီကီ လို့ မြည်နေသလို ဗုံ ကလည်း ဘုကုဘုကု ဒွန်ဘုကုလို့ အသံထွက်ပါတယ်။ ပုလွေကတော့ စိတ်မရှည့်တရှည်နဲ့ ဟျဟျဟိဟိုဟို လို့ ချွဲတော့တာပါ။ လူတွေကလည်း သံစဉ်ကို လိုက်ပြီး ဂျပန်လို တစ်မျိုး၊ ရုရှန်လို တစ်သွယ်၊ အမေရိကန်လို တစ်နည်း၊ မြန်မာလို တစ်ဖုံနဲ့ ယိမ်းထိုး လှုပ်ရှားလာကြပါတော့တယ်။
ကျွန်မတို့ရဲ့“ဖျော်ဖြေပြပါဗျို့” ဆိုတဲ့အသံကိုကြားတော့ ယူတာ တီယာမာဖျော်ဖြေရေးရွေ့လျားမဏ္ဍပ် က ကျွန်မတို့ရှိနေတဲ့ အိမ်ရှေ့မှာ ရပ်လိုက်ပါတယ်။ ဒီမဏ္ဍပ်က ကျွန်မတို့ရှိနေတဲ့ အိမ်ရှိရာလမ်းရဲ့ အပိုင် မဏ္ဍပ်မို့ စောင့်ကြည့်နေသူတွေဟာ ပိုပြီးတက်ကြွကာ စိတ်အားထက်သန် လာခဲ့ကြပါတယ်။ တပည့်မ နိုရီကိုရဲ့ အစ်ကိုက ဆိုရင် သူ့အဘိုးနဲ့ သူ့အဖေလိုပဲ ပုလွေဖျော်ဖြေမှုကို အားရပါးရ စိတ်လှုပ်ရှားစွာ တင်ဆက်နေတာ သူ့ကိုယ်တစ်ခြမ်းတောင် ရွေ့လျားမဏ္ဍပ် အပြင်ကို ထွက်နေသလိုပါ။
ယူတာတီယာမာ မဏ္ဍပ်က တန်ဆွန်ဘုရားကျောင်းမှာ ဘာသာရေး အရ လက်ဘက်ရည်ပွဲပြီးတာနဲ့ ထွက်လာခဲ့တာ ဖြစ်ပါ တယ်။ မဏ္ဍပ် အလည်မှာတော့ ဘုရားဝတ်ပြုလို သူတွေအတွက် နေရာရှိပြီး ပတ်လည်မှာ အမိုးပါစင်္ကြံလေး ရှိပါတယ်။ ဒီမဏ္ဍပ်လေးရဲ့လျှို့ဝှက်ချက်ကတော့ ရှင်တိုဘုန်းကြီးတစ်ပါးက မကောင်းဆိုးဝါး တွေကို မောင်းထုတ် ပေးဖူးတဲ့နေရာ၊ လူတစ်ယောက်က ရေနွေးနဲ့ဝါးရွက်တွေကို အပေါ်အောက် ဖြန်းပက်ကာ သန့်စင်အောင် လုပ်ပေးတဲ့ နေရာ၊ မိန်းမငယ်လေး တစ်ယောက်က ဗုံတီးကာ ဂီတဖျော်ဖြေတဲ့ နေရာ ဆိုတာပါပဲ။
အဲဒီလိုဟာတွေအားလုံး ဖျော်ဖြေဖော်ပြပြီးတဲ့ အခါမှာတော့ ပုလွေသမား၊ ဗုံသမား၊ စည်သမားတွေ အားလုံးက ပုဝါတွေကို မြှောက်ကြသလို ဝါးရွက်နဲ့ ထုတ်ထားတဲ့ ဂျပန် ရိုးရာဆန်မုန့်တွေကိုပါ အိမ်ထဲကို ပစ်ပေးခဲ့ ကြပါတယ်။ လူတွေအားလုံးက ပျော်ရွင်ဝမ်းမြောက်စွာပဲ လက်တွေကို ဆန့်တန်းကာ လက်ဆောင်တွေကို ဆုပ်ဖမ်းကြတော့ တာပေါ့။ ဒီလက်ဆောင်တွေ ရရင်ကံကောင်း လိမ့်မယ်လို့အများက ယုံကြည်ကြတယ်လေ။ ကင်မ်ကလည်း မုန့်တစ်ခုနဲ့ ပုဝါတစ်ပိုင်း ရလိုက်ပါတယ်။ သူကတော့ ပျော်လွန်းလို့“ရေး.. ရေး”လို့ အော်ဟစ်နေလေရဲ့။ ကျွန်မကိုတောင် ခပ်ကြွားကြွားဟန်မျိုး လုပ်ပြနေပါသေးတယ်။
စုကို ကြည့်ရတာလည်း ပါးလေးတွေ နီမြန်းပြီး ပျော်နေပုံပါပဲ။ သူကတော့ လက်ဆောင်တွေကို အမိဖမ်းလိမ့်မှာ မဟုတ်ဘူးပေါ့။ တကယ်တော့ သူ လက်မထပ်ခင် တုန်းကဆိုရင်အိမ်အဖော် တစ်ယောက်ယောက်က သူ့ကို ပြုစုပေးခဲ့တာမို့ သူက တော်ဝင်သူ တစ်ယောက်လို နေခဲ့ပေမယ့် အခုတော့ အိမ်ရှင်မ ဖြစ်နေပြီမို့ ဘာမဆို သူ့ဘာသာ စီမံခန့်ခွဲနေရ ပြီလေ။ သူက ဂျပန်ရိုးရာချီမကီမုန့် ကို ကံကောင်းဖို့ဆိုပြီး အရယူစရာလည်း လိုမှမလိုဘဲကိုး။ သူကိုယ်တိုင်က ကံကောင်းခြင်း တွေကို သယ်လာနိုင်သူမဟုတ်လား။ တကယ်တော့ သာမန်လူတွေရဲ့ အပြုအမူနဲ့ တော်ဝင်သူတွေရဲ့ အပြုအမူတွေက ကွဲပြားတတ်တာ သဘာဝပဲလို့ ကျွန်မ တွေးနေမိပါတယ်။ ကျွန်မလည်း စုနောက်ဘက်ကို ကျလာတဲ့ ပုဝါတစ်ပိုင်းကို ပွဲတော်လက်ဆောင်အဖြစ် စုကို ပေးခဲ့ဖြစ်ပါတယ်။
မဏ္ဍပ်က ကျွန်မတို့အိမ်ရှေ့ကနေ ဖြတ်ကျော်သွားခဲ့ပါပြီ။ နောက်ထပ် ရွေ့လျားမဏ္ဍပ်များစွာ အိမ်ရှေ့ကနေ တစ်ခုပြီး တစ်ခု ဖြတ်သွားခဲ့ကြပါတယ်။ မဏ္ဍပ်တိုင်းမှာ လျှို့ဝှက် ပဉ္စလက် အစီအစဉ်တွေ ပါလို့ပါပဲ။ ဒါပေမယ့် ကျွန်မတို့ကို လက်ဆောင်တွေ လှမ်းပစ်ပေးမယ့် မဏ္ဍပ်ကတော့ နောက်ထပ် မရှိတော့ပါဘူး။
ဆက်လက် ဖော်ပြပါမည်။

ဒေါ်အောင်ဆန်းစုကြည်အတွက် စာတစ်စောင် (၁၅)

 

ဖျော်ဖြေမှု ပြီးဆုံးသွားတဲ့ အခါမှာတော့ အမေရိကန် ကျောင်းသားတွေက ပြန်သွားခဲ့ပါတယ်။ ရုရှက ဧည့်သည် နဲ့ ကျွန်မတို့ အုပ်စုကိုတော့ လက်ဖက်ရည်သောက် ဖိတ်ကြားထားတာမို့ ဘေးက အခန်းဆီ ပြောင်းလာခဲ့ ကြပါတယ်။ မစ္စ အဝါဆာကီ က နေ့လယ်စာကို ပြင်ဆင်ထားနှင့်ပါတယ်။ အဲဒီခေတ်က ရုရှ ပညာတော်သင် တွေကို ပြည်ပနိုင်ငံတွေ စေလွှတ် မှုတွေမှာ သိပ်မတင်းကြပ် တော့ပေမယ့် ဂျပန်မိသားစုအိမ်တွေကို ဖိတ်ကြားခံရတာ မျိုးတော့ သူတို့လည်း မကြုံဖူးသေးချိန်ပေါ့။ ဒီတော့ သူတို့က ဂျပန်ရိုးရာဆူရှီထဲက ဆာ ဘာဇူရှီ (ငါးသေတ္တာ ငါးဆူရှီ)နဲ့ ဆကီဟန်(ကောက်ညှင်းနဲ့ ပဲနီမုန့်)ကို သိပ်မစားဖူးကြသေးပါဘူး။ သူတို့က ရှေးရိုးစွဲသူ တွေပီပီ ငါးဆူရှီကို အစပိုင်းမှာ သိပ်မတို့ထိခဲ့ပေမယ့် သိပ်မကြာခင်မှာပဲ အရသာ ကောင်းတယ် ဆိုကာ စားလာကြပါတယ်။
စုကတော့ ငါးဆူရှီကို သိပ်ခံတွင်းမတွေ့ဘဲ ကောက်ညှင်း ပဲနီမုန့်ကို ထပ်ထည့်ပါတော့တယ်။ စုရဲ့ တူကိုင်ပုံ ကလည်း ဂျပန်တွေ တူကိုင်ပုံနဲ့ တူပါတယ်။ ကင့်မ်ကို ကြည့်ရတာတော့ မဏ္ဍပ်ပေါ်က ပေးသွားခဲ့တာတွေနဲ့ ပြည့်နေသလို ပလပ်စတစ် သေနတ်တစ်လက်လည်း ရထားလေတော့ သူ့ဘာသာ ကျေနပ်ပြီး ဗိုက်ပြည့် နေသလား ပါပဲ။
“နိုရီကိုရေ မစ္စအဝါဆာကီကို ပြောပြလိုက်ပါ။ ကောက်ညှင်းနဲ့ ပဲနီက ကျွန်မတို့ဆီမှာလည်း ရှိတယ်လို့။ ကျွန်မတို့ က ကောက်ညှင်းပေါင်းလို့ ခေါ်တာလေ”လို့ ဆိုပါတယ်။ ကျွန်မက ပဲနီရော ရှိလားဆိုတော့ ရှိကြောင်း ဖြေပါတယ်။ အိမ်ရှင်ကလည်း မြန်မာမှာ ကောက်ညှင်းနဲ့ ပဲနီရှိတယ် ဆိုတာ သိပြီး သဘောတွေ ကျနေတာပေါ့။ မြန်မာမှာ ဆကီဟန် ရှိတယ်လို့ ပြန်ပြောနေလေရဲ့။
အို့စု ပွဲတော်ရောက် အပြည်ပြည်ဆိုင်ရာ ပညာရှင်များနှင့် အတူတွေ့ရသည့် ဒေါ်အောင်ဆန်းစုကြည်၊ သားငယ်နှင့် နိုရီကို
ကျွန်မတို့ အိမ်အပြန် ဘူတာရုံဆီ လျှောက်လာကြတော့ ရုရှပညာရှင်တစ်ယောက်က သူမြန်မာပြည်ကို ရောက် ဖူးကြောင်း ပြောလာပါတယ်။ စုကမြန်မာပြည်ကို ဘယ်လို သဘောရလဲလို့  သူ့ကိုမေးတော့ “ပူတယ်။ မခံနိုင်လောက်အောင် ပူတယ်” လို့သာ အထပ်ထပ် ပြောနေပါတော့တယ်။ သူက အိန္ဒိယအသွားမှာ မြန်မာပြည်ကို ဝင်ခဲ့တယ်လို့ဆိုတော့ ကျွန်မမှာ တံခါးပိတ် မူဝါဒ ရှိနေတဲ့ မြန်မာပြည်ကို ဘာလို့သွား ခဲ့တာလဲဆိုပြီး တွေးကြည့်တော့ ဆိုဗီယက်ရော၊ မြန်မာပါ ဆိုရှယ်လစ် နိုင်ငံတွေမို့ ဆိုတာ သဘောပေါက် မိလာပါတယ်။ ဂျော့ရှ်အော်ဝဲလ်ရဲ့ “တိရစ္ဆာန်ကမ္ဘာ”တို့၊ “၁၉၈၄” တို့ ဆိုတာ ဆိုဗီယက်နဲ့ မြန်မာကို ကြည့် ပြီး ရေးတယ်လို့ ဆိုကြတယ် မဟုတ်လား။ တစ်နိုင်ငံက သိပ်အေးပြီး နောက်တစ်နိုင်ငံက သိပ်ပူနေတာတော့ ကွဲပြားတာပေါ့။ ရုရှနဲ့ မြန်မာမှာ နိုင်ငံရေး စိတ်ကူးတူပြီး  ဂျပန်နဲ့ မြန်မာမှာတော့ ဆာကီဟန်ချင်း တူတယ်လို့ ဆိုရမှာပေါ့လေ။
နိုင်ငံရေးစိတ်ကူး ဆိုတာ အချိန်ပြောင်းလာရင် ပြောင်းလဲသွား နိုင်ပေမယ့် အစားအစာကိုတော့ ပြောင်းဖို့ မလွယ်ကူပါဘူး။ ပိုပြီးလည်း အေးချမ်းတဲ့ တူညီမှုမို့ အစားအစာ တူရတာ ကောင်းတာပေါ့လို့ တွေး မိနေပါတယ်။ ကျွန်မနဲ့စု နှစ်ယောက် စလုံးက အောက်စ်ဖို့ဒ်မှာ ဆိုရင် နိုင်ငံခြားသားလို နေခဲ့ရတာကိုး။ ဒါပေမယ့် ကျွန်မက မြန်မာရော ဂျပန်မှာပါ တူညီတဲ့ အစားအသောက် ယဉ်ကျေးမှု ရှိနေတာကို ရုတ်တရက် မေ့နေခဲ့တာပါ။ ဒီ အို့စုမတ်ဆူရီ ပွဲတော်ကပဲ ကျွန်မတို့ကို ဒီအတွေး တွေးမိအောင် ဖန်တီးခဲ့တာပေါ့။

လူထုဘဝထဲက စု
စုနဲ့ကင်မ်တို့က ကျိုတိုဘူတာရုံရဲ့အရှေ့မြောက်ဘက်မှာ ရှိတဲ့ အပြည်ပြည်ဆိုင်ရာ ဧည့်ဂေဟာမှာ ဘဝ အသစ်တစ်ခုကို စခဲ့ကြပါပြီ။ စုကတော့ အောက်စ်ဖို့ဒ်က ဘဝနေထိုင်နည်းကိုပဲ ပြန်သုံးပါတယ်။ ချွေတာ ရေးလည်း ဖြစ်အောင်နဲ့ ကားတွေ ကြပ်တာကိုလည်း ရှောင်ရာကျအောင် စုက စက်ဘီးအဟောင်း တစ်စီးကို ဝယ်လိုက်ပါတယ်။ ခြောက်လလုံးလုံး သူက မြန်မာဝတ်စုံ ဝတ်ပြီး အဲဒီစက်ဘီးတစ်စီးနဲ့ လျှောက်သွား တော့တာပါပဲ။ ကင်မ်ကလည်း မူလတန်း ကျောင်းလေး မှာ ကျောင်းအပ်လို့ ရသွားပါတယ်။ ပြဿနာကတော့ သူက ဂျပန်လို လုံးဝနားမလည်တော့ စာလိုက်မလုပ်တော့ပါဘူး။ စုက ဗြိတိသျှကောင်စီက ငှားလာပေးတဲ့ အင်္ဂလိပ်စာအုပ် တွေကိုပဲ အတန်းထဲမှာ ထိုင်ဖတ်ပြီး ကျောင်းက ကျွေးတာတွေ စားပေါ့။ သူက “ကျောင်းသွားရတာ ပျော်တယ်။ စာကြည့်စရာ မလိုပေမယ့် ကျွေးတာကတော့ စားနိုင်တယ်လေ”လို့ ပျော်ပျော် ပဲ ပြောပါတယ်။
စုက အင်္ဂတေနဲ့ ဆောက်တဲ့အိမ်တွေကို မယဉ်ပါးဘူး ထင်ပါရဲ့။ ပိတ်ရက်တွေမှာ ကျွန်မတို့အိမ်ကို ရောက်လာရင် သူ ဘယ်လောက် စိတ်လက် ပေါ့ပါးသွားကြောင်း ပြောလေ့ ရှိပါတယ်။ နိုဝင်ဘာလမှာတော့ သူက ခရစ်စမတ်မှာ သူ့ဆီ လာလည်ကြမယ့် မိုက်ကယ်နဲ့ အလက်ဇန္ဒား တို့အတွက် လေယာဉ်လက်မှတ် ဝယ်ပေးရမှာမို့ လျှော့ဈေးဆိုင် ကို ခေါ်သွားပေးဖို့ ပြောလာပါတော့ တယ်။ စုက အိန္ဒိယမှာနေခဲ့တုန်းက ခင်ခဲ့တဲ့သူငယ်ချင်းတစ်ယောက်ဟာ အိန္ဒိယ လေကြောင်းလိုင်းမှာ လုပ်တာမို့ သူက အဲဒီလေကြောင်းလိုင်း ကနေပဲ လတ်မှတ်ဝယ် တတ်ပါတယ်။
အဲဒီအချိန်မှာ လန်ဒန်မှာ ဘော်ဒါနေ နေတဲ့ အလက်ဇန္ဒားက နယူးဒေလီကို သွားပြီး ဆင်းမလားက နေလာမယ့် မိုက်ကယ်နဲ့တွေ့ကာ ဂျပန်ကို အတူလာကြရမှာပါ။ အပြန်လည်း အဲဒီလိုပဲ စီစဉ်ပေးရမှာ ဖြစ်ကာ လက်မှတ်ဖိုး တွေကိုတော့ စုက ပေးရမှာပါ။ သူက မမောတမ်းပဲ လေယာဉ်ခရီးစဉ်အချိန်ဇယားကို ကြည့်ပြီး စိတ်ရှည် လက်ရှည် ရွေးနေလေရဲ့။ ကျွန်မကတော့ အဲဒီဘေးမှာ ရပ်ရင်းကို ပင်ပန်းလို့ လာတော့တာပါ။ ဈေးလျှော့ ပေးတယ်ဆိုပေမယ့် အပြန်လက်မှတ်တွေက သိပ်မချိုလှပါဘူး။ ငွေလည်း ချေပြီးရော သူက သက်ပြင်းကြီး ချလိုက်ကာ “နိုရီကိုရေ ယောကျာ်းတွေ ဆိုတာ ဘယ်လောက်များ ဒုက္ခပေးတဲ့ သတ္တဝါတွေ များပါလိမ့်နော်”လို့ ဆိုလိုက်ပါတော့တယ်။
စုက လစဉ်ဝင်ငွေ အဖြစ် စကောလားရှစ်က ယန်းငါးသိန်း ပေးပါတယ်။ အဲဒီအချိန်က ကျွန်မ ခင်ပွန်းရဲ့ လက်ထောက် ပါမောက္ခ လစာဟာ အခွန်ဖြတ်ပြီးတဲ့ အခါမှာတောင် လစဉ် ယန်းသုံးသန်းနှစ်သိန်း မို့ အတော် အဆင်ပြေပါရဲ့။ စု အတွက် ကတော့ “ကျွန်မက မြန်မာသံရုံးကို ဝင်ငွေရဲ့ ဆယ်ရာခိုင်နှုန်း ပေးရတာမို့ ယန်းငါးထောင် ပေးရမယ်လေ”လို့ ဆိုတာမို့ သူ့ဝင်ငွေဟာ သိပ်တော့ မဟန်လှဘူး ဆိုရမှာပါ။ “အဲလိုသာ မပေးရရင် ကောင်းမှာပဲ” လို့ စုက ပြောပါသေးတယ်။ ကျွန်မက သံရုံးကို ဘာအတွက် ပေးရတာလဲလို့ မေးတော့ စုကဘာမှ ပြန်မဖြေခဲ့ပါဘူး။ ဘာပဲဖြစ်ဖြစ် ပေးရမှာပေါ့ လို့တော့ ပြောလေရဲ့။
အင်္ဂလန်မှာ ရှိတဲ့ မြန်မာတွေ အနေနဲ့ သူတို့ရဲ့ လစဉ်ဝင်ငွေထဲက ၁ဝ ရာခိုင်နှုန်းကို မြန်မာသံရုံးကို ပေးစရာ မလိုခဲ့ပါဘူး။ ၁၉၄၇ ခုနှစ် ဝန်ကြီးချုပ် အက်တလီနဲ့ ဗိုလ်ချုပ်အောင်ဆန်းတို့ သဘောတူညီချက် မှာကို အဲဒီကိစ္စ ထည့်ပြောခဲ့ကြတယ်လို့ ဆိုပါတယ်။ ဂျပန်နဲ့ မြန်မာကြား မှာတော့ အဲဒီသဘောတူညီချက် ကိစ္စမျိုး မရှိပါဘူး။ ဂျပန်မှာ အလုပ်လုပ်နေတဲ့ မြန်မာတွေ အနေနဲ့ သူတို့လခ ထဲက ၁ဝ ရာခိုင်နှုန်းကို ဂျပန်အစိုးရက ဖြတ်တောက် ပြီးမှ ပေးတာမို့ မြန်မာသံရုံး ဘက်ကိုပါ အခွန် ထပ်ပေးရတာမျိုးက မဖြစ်သင့်ဘူးလို့ ကျွန်မထင်ပါတယ်။ ဒါဟာ ဂျပန်နိုင်ငံရဲ့ အခွန်ဥပဒေနဲ့လည်း ဆန့်ကျင် နေပါတယ်။ (အခုအချိန်မှာတော့ မြန်မာ အလုပ်သမားတိုင်းဆီက ယန်း တစ်သောင်းနှုန်း ကောက်ခံနေပါတယ်) ဒီကိစ္စကို ဂျပန်အစိုးရက မကြာခဏ ကန့်ကွက်ခဲ့ပြီးလည်း ဖြစ်ပါတယ်။ ဒီလို ကောက်ခံပုံက ကျွန်မတို့ဆီမှာ ယာကူဇာတွေ လောင်းကစားဝိုင်းတွေ ဆီက ငွေကောက်ပုံမျိုးနဲ့ တူနေပါရဲ့။ ဒီငွေကို ဘယ်သူကမှလည်း ကြည်ကြည်ဖြူဖြူ မပေးချင်ကြပါဘူး။
မသီတာ(စမ်းချောင်း)





 

 

 





ဒေါ်အောင်ဆန်းစုကြည်အတွက် စာတစောင် (ဒုတိယပိုင်း)


ဒေါ်အောင်ဆန်းစုကြည်အတွက် စာတစ်စောင်(၆)

တကယ်တော့ စုအနေနဲ့ မြန်မာပြည်မှာ နေတုန်းကရော၊ အိန္ဒိယမှာ နေတုန်းကပါ ဧည့်သည်တွေ အများကြီး ကြုံခဲ့ဖူးတာမို့ ဧည့်ဆိုရင် အသားကျနေပြီ ထင်ပါတယ်။  တကယ်တော့ မိုက်ကယ်ဟာ စုလို အရှေ့တိုင်းသူ တစ်ယောက်ကို ရထားတဲ့အတွက် အခုလို ဧည့်တွေကို မငြိုငြင်တာမို့ ကံကောင်းတယ်လို့ ဆိုရမှာပါ။ ဒါကြောင့်လည်း အောက်စ်ဖို့ဒ်မှာ မိုက်ကယ်ဟာ ကိုယ်ပိုင်မိတ်ဆွေတွေ အများကြီး တွေ့ခဲ့ရပါတယ်။

ကျွန်မတို့က ၁၉၇၄ ခုနှစ်ကနေ ၁၉၇၆ ခုနှစ်အထိ အင်္ဂလန်မှာ နေခဲ့ကြရာမှာ မိတ်ဆွေတွေ အများကြီး ရခဲ့ပါတယ်။ အဲဒီမိတ်ဆွေတွေ အားလုံးနဲ့ခင်မင်မှုဟာလည်း နက်နက်ရှိုင်းရှိုင်း ရှိခဲ့တာပါ။ မိတ်ဆွေအများ စုကတော့ လန်ဒန်နဲ့ အောက်စ်ဖို့ဒ်မှာ ရှိတဲ့ ဘာသာရပ်ဆိုင်ရာ ပညာရှင် ကြီးကြီး ငယ်ငယ်တွေပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်မတို့ လင်မယားရယ်၊ မိုက်ကယ်တို့ မိသားစုရယ် မှာတော့ ရာထူးရာခံ မြင့်မြင့်မားမားမရှိတာ ချင်း၊ နာမည်မကြီးကြတာချင်းရော ပိုက်ဆံမရှိတာချင်းပါ တူနေကြတာမို့ ခံစားချက်ချင်း ထပ်တူကျခဲ့ကြပါ တယ်။ မိုက်ကယ်က ကျွန်မရဲ့ လက်ရာကို အလွန်သဘောကျခဲ့သလို ကျွန်မကလည်း မိုက်ကယ့်အပေါ် ကျွန်မရဲ့မောင်အရင်း တစ်ယောက်လို သဘောထားကာ မောင်ငယ်လေး မဆာလောင်ရအောင် ကျွေးမွေးရမယ် ဆိုတဲ့ အသိမျိုး ဖြစ်နေရတာကိုပဲ စွဲလန်း သဘောကျနေခဲ့တာပါ။

 ချစ်စဖွယ် အလက်ဇန္နား အဲရစ်

ကျွန်မနဲ့ စုကတော့ မိသားစု အကြောင်း ပြောလိုက်၊ အချက်အပြုတ် အကြောင်း ပြောလိုက်၊ အလက်ဇန္ဒား ကို အနှီးဘောင်းဘီလေးလဲပေးရင်း သီချင်းလေး ဘာလေး ညည်းပြီး ချော့သိပ်လိုက်နဲ့ပေါ့။ ပြီးရင်မြို့ထဲက လေဘာတီ အထည်ဆိုင်ကို သွားပြီး အပြင်ဘက်မှန်အရှေ့ကနေ ဘယ်အဆင်လေးတွေ ဝယ်ရင်ကောင်းမလဲ လို့  စိတ်ကူးကြတယ်။  ဝယ်တာကတော့ လျော့ဈေးချတဲ့အချိန်မှ ဝယ်နိုင်ကြမှာကိုး။ ကျွန်မတို့ နှစ်ယောက်က တခြားသာမန် အိမ်ထောင်ရှင်မတွေလိုပဲ အိမ်ထောင့်တာဝန် တွေနဲ့သာ ကိုယ့်ကိုယ်ပိုင်အချိန်တွေကို အတူတူ ကုန်ဆုံးခဲ့ကြတာပါ။ ကျွန်မတို့ နှစ်ယောက်စလုံးက ကိုယ့်ရဲ့ကိုယ်ပိုင်ဘာသာရေး၊ နိုင်ငံရေး၊ စီးပွားရေး ဒါမှမဟုတ် စာပေသဘောထားတွေကို မဖြစ်မနေ ဆွေးနွေးထုတ်ဖော် ကြရမယ်လို့လည်း သဘောမထားခဲ့ ကြပါဘူး။ ဒီလိုနဲ့ ကျွန်မအတွက် မိန်းမတစ်ယောက်အနေနဲ့ အချိန်တွေကို သာမန်အိမ်ထောင်ရှင်မတစ် ယောက်လို ကုန်ဆုံးစေခဲ့တာဟာ ပထမဆုံးနဲ့ နောက်ဆုံးအတွေ့အကြုံ ဖြစ်ခဲ့ရပါတယ်။

တစ်နေ့မှာတော့ မြို့ပြ လူ့အဖွဲ့အစည်းမှာ ဆယ်စုနှစ် တစ်စုစာလောက် ကျင်လည်ခဲ့တဲ့ စုဟာ “ နိုရီကိုရေ၊
တချို့အင်္ဂလိပ်တွေက ခွေးကလွဲပြီး ဘာကိုမှ မချစ်တတ်ကြဘူးနော်”လို့ ဗြုန်းစားကြီး ပြောချလိုက်ပါတယ်။ ကျွန်မကလည်း “ဘာလို့လဲ”လို့ ပြန်မမေးဖြစ်ခဲ့ပါဘူး။ ကျွန်မသိနေတာပဲလေ။ သူ့အဖို့ လူတစ်ယောက် အနေနဲ့ အင်္ဂလိပ်ရယ်လို့ ဖြစ်လာရင် ပေးဆပ်ရမှာကတော့ အထီးကျန်မှုပဲ ဆိုတာ သဘောပေါက်နေခဲ့တယ်လို့ ကျွန်မက သိနေတာလေ။ သူခံစားနေရတဲ့ အပြင် လူဆိုတဲ့ စိတ်ခံစားမှု သက်သက်ကြောင့်ချည်း ဒီလိုပြောဖြစ် တာမဟုတ်ခဲ့ပါဘူး။ သူ့အနေနဲ့ အရှေ့နဲ့ အနောက်ကမ္ဘာမှာ “မေတ္တာ”ကို ထုတ်ဖော်ပြသပုံ မတူကြကြောင်း သဘောပေါက်ခဲ့လို့လည်း ခုလိုထုတ်ပြောခဲ့တာပါ။

စုအနေနဲ့ မိုက်ကယ်ရဲ့အချစ်ကို ဘယ်လောက်ပဲ ပိုပိုလျှံလျှံ ရနေတယ် ဆိုပေမယ့် အာရှသူ တစ်ယောက် အနေ နဲ့ အခုလို တွေးမိလာတာ မဆန်းပါဘူး။ ခပ်တုံးတုံးဓားနဲ့ ခက်ရင်းကို သုံးပြီး စိတ်ဝင်စားစရာ မကောင်းတဲ့ အသားတုံးတစ်တုံးကို လှီးနေခိုက်မှာ စားပွဲပေါ်ကို ခေါက်ဆွဲတစ်ပန်းကန် ရောက်လာသလိုဖြစ်မှာပေါ့။ ကျွန်မတို့ နှစ်ယောက်စလုံး အဖို့တော့ သက်ပြင်းမောတွေ ရှိုက်ခဲ့ဖြစ်တာ အတူတူပါ။ နေ့စဉ်ဘဝ အနေအထားတွေပေါ်မှာ ကျွန်မတို့နှစ်ယောက်စလုံး အတူတူပဲ သဘောပေါက် နားလည်ခဲ့ကြတာကို နှစ်ယောက်လုံးက ထုတ်မပြောဘဲ သဘောပေါက်ခဲ့ကြပါတယ်။ တကယ်တော့  အဲဒီကာလတွေဟာ ကျွန်မတို့အဖို့ ခက်ခဲခဲ့တဲ့ကာလတွေ ပါ။ ဒါပေမယ့်  အလက်ဇန္ဒားရဲ့ ချစ်စဖွယ် အပြုအမူလေးတွေကြောင့် စိတ်သက်သာရာ  ရခဲ့ပါတယ်။

အောက်စ်ဖို့ဒ်က ဘဝကို ကျွန်မတို့တွေ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြတ်သန်းခဲ့ကြတယ်ဆိုပါတော့။
နောက် သုံးနှစ် ကြာတဲ့အခါမှာတော့ ကျွန်မတို့က ဂျပန်ကို ပြန်လာခဲ့ပါတယ်။ ၁၉၇၉ ခုနှစ် ဖေဖော်ဝါရီလကုန်မှာ  မိုက်ကယ်နဲ့  စုဆီကနေ စာတစ်စောင် ရောက်လာခဲ့ပါတယ်။ မနှစ်က နှစ်လယ်ကတည်းက ကျွန်မ ပေးပို့ခဲ့တဲ့ ခရစ်စမတ်ကဒ်ဟာ သူတို့ရှိရာ အိန္ဒိယအရှေ့မြောက်ဖျား က တာဝန်ဂ်မြို့လေးဆီကို ရောက်သွားပုံရပါတယ်။ စာထဲမှာ စုက မိုက်ကယ်ဟာ အလုပ်များနေပြီး သူနဲ့သားနှစ်ယောက်က မိုက်ကယ့်ကို ကူညီနေပါသတဲ့။
စုက သားငယ်လေးရဲ့နာမည်ကို မိတ်ဆက်ပေးလာပါတယ်။ ထိန်လင်း ဒဲမီယန် ကင်မ် အာရူဒန် ပါတဲ့။ နောက် ထပ် တိဘက်နာမည်နှစ်ခုလည်း လားမားဘုန်းတော်ကြီးတွေက ပေးထားသေးသတဲ့။ နောက်တစ်ခါ လန်ဒန်က ထိုင်းဘုန်းကြီးတစ်ပါးကလည်း ပါဠိနာမည်တစ်ခု ပေးထားပါသေးတယ်။

 စုက “ကျွန်မတို့ရဲ့ သားငယ်လေးကို ကျွန်မတို့က ဘာဘာလို့ ခေါ်တယ်။ မျက်လုံးက ပြူးပြူးဝိုင်းဝိုင်း၊ မျက်နှာက ပန်းသီးလို လုံးလုံးဝန်းဝန်းနဲ့လေ။ ကျွန်မ ထင်တာကတော့ ရှင်သူ့ကိုချစ်မှာပါ။ သူကအလက်ဇန္ဒားနဲ့မတူဘူး။ အားကလည်း သန်တယ်။ ခပ်ဂျစ်ဂျစ်ပေါ့။ အလုပ်လုပ်တဲ့ နေရာမှာတော့ တော်တယ်။ စကားပြောတဲ့နေရာမှာတော့ သူ့အသက် တစ်နှစ်ခွဲခါနီး နေပေမယ့် ခုထိကောင်းကောင်း မပြောနိုင်သေးဘူး။ အလက်ဇန္ဒားတုန်းက ဒီအရွယ်ဆို ကောင်းကောင်း ပြောနေနိုင်ပြီ”လို့ ကျွန်မကိုပြောပါတယ်။ စု ကြည့်ရတာ ဒီသားလေးကို ဘာပဲဖြစ်ဖြစ်  သဘောကျနေပုံပါ။ ဘာဘာရေ မင်းစကား မပြောနိုင်သေးတာကို မပူပါနဲ့ကွယ်။ မိဘတွေအကြိုက် မင်းကို ဒီလောက်ရှုပ်တဲ့ နာမည်အရှည်ကြီး အပေးခံရတာ စိတ်ရှုပ်စရာမှန်း သိပါရဲ့။

တစ်ခါမှာတော့ ကျွန်မက စာထဲမှာ “ချာတိတ်ဆိုးလေးနှစ်ယောက်” လို့ သုံးမိဟန်တူပါရဲ့ စုက “ရှင် မှန်တယ် နိုရီကို။ ကျွန်မတို့မှာ ချာတိတ်ဆိုးလေး နှစ်ယောက်ရှိပါတယ်။ တကယ်တော့ ကျွန်မက သုံးယောက်လိုချင်တာ။ တစ်ယောက်က ကျန်တဲ့နှစ်ယောက်ထက် ပိုဆိုးမယ့်ကလေးမျိုးပေါ့”လို့ စာရေးလာပါတယ်။  တတိယတစ်ယောက် လိုချင်တယ်သာ ပြောတာပါ။ မိန်းကလေးလား၊ ယောက်ျားလေးလားလို့တော့ သူကမပြောပါဘူး။ စုကိုယ်တိုင်က သူ့အစ်ကိုနှစ်ယောက်ထက်  ပိုခွန်အားရှိတဲ့ မိန်းကလေး ဖြစ်ခဲ့သလို တတိယမြောက် ကလေးလည်း ဖြစ်တယ်လေ။ စာက ခပ်ရှည်ရှည်ဖြစ်ပြီး အဲဒီထဲမှာ “ကျွန်မ ငွေစုနေတာ ပြည့်ရင်တော့ ဂျပန်ကို လာလည်ချင်သေးတယ်။ ရှင်တို့ရဲ့ ကျေးလက်အိမ်လေးဆီကို အပြေး ရောက်လာ ချင်တာပေါ့။ အခုတော့ ကျွန်မတို့လည်း ကိုယ့်အခန်းလေးကို ဂျပန်မိသားစု လက်ထဲထားခဲ့ရတာ။ သူတို့က ပါပီလေးကို ကောင်းကောင်း ကြည့်ပေးတယ်လေ”လို့ ရေးထားပြန်တာပါ။ သူ့မှာသာ ချာတိတ်နှစ်ယောက် ထက်မိုက်တဲ့ သမီးကလေး ရှိခဲ့ရင်  အခုလို အခက်အခဲတွေ တွေ့တဲ့အခါ အတော်အားကိုးရရှာမှာလို့ ကျွန်မ တွေးနေမိပါရဲ့။
 
                                                              ဆက်လက်ဖော်ပြပါမည်။                                                                                         မသီတာ(စမ်းချောင်း)

ဒေါ်အောင်ဆန်း စုကြည်အတွက် စာတစ်စောင် (၇)

မိုက်ကယ်ကတော့ “ကျွန်တော်တို့ နေနေတဲ့နေရာကို အိန္ဒိယမြေပုံပေါ်မှာ ရှာကြည့်ပါလား။ ဟိုးအပေါ် ဘက်မှာလေ။ နိုရီကိုရဲ့ ခရစ်စမတ် ကတ်လေး မနေ့ကရတော့ သိပ်ဝမ်းသာတာပဲ။ ခင်ဗျားရဲ့ သဘောကျစရာ ဟင်းချက်လက်ရာကိုရော၊ ခင်မင်စွာ အတူရှိခဲ့မှုကိုပါ ပြန်အောက်မေ့စရာပါပဲ။ ကျွန်တော့် ပါရဂူဘွဲ့စာတမ်းက မကြာသေးခင်ကမှ ပြီးသွားတာပါ။ စာတမ်းကိုတော့ ဒီနှစ်ထဲမှာ စာအုပ်အဖြစ် ထွက်မယ်လေ။ ပြီးရင် စိန့်ဂျွန်းကောလိပ်မှာ ဖဲလိုးရှစ် တစ်နှစ်ခွဲပြန်လုပ်ရဦးမယ်။

ကျွန်တော်တို့လည်း အောက်စ်ဖို့ဒ်မှာ အိမ်ဝယ်ဖို့ စဉ်းစားနေပါတယ်။ အဲဒီမှာပဲ အမြဲတမ်း အခြေချနေချင် တယ်လေ။ နှစ်ယောက်လုံးကို ချစ်ခင်တဲ့ မိုက်ကယ်”လို့ စာရေးလာပါတယ်။
၁၉၇၉ ခုနှစ် အောက်တိုဘာ ၃ ရက်မှာတော့ ကျွန်မ ခင်ပွန်းရဲ့ သုတေသနကိစ္စကြောင့် မော်စကိုမှာ တစ်နှစ်နီးပါး သွားနေရဖို့ ဖြစ်လာပါတယ်။ အဲဒီအချိန်က ဆိုဗီယက် ယူနီယံခေတ်မို့ အစစအရာရာ ရှားပါး တာတွေကြောင့် ထင်ထားတာထက် ပိုပြီးအဆင်မပြေခဲ့ပါဘူး။ မိုက်ကယ်နဲ့ စုဆီလည်း မဆက်သွယ်နိုင်ခဲ့ပါဘူး။ အမှန်အတိုင်း ပြောရရင်တော့ ကျွန်မတို့ကလည်း မော်စကိုကနေ ကမ္ဘာ့ အနောက်ခြမ်းက သူငယ်ချင်းတွေဆီ ကို စာထည့်ဖို့တောင် အတော်စဉ်းစား ခဲ့ကြရပါတယ်။ တကယ်တော့ လန်ဒန်ဆိုတာ မော်စကိုကနေဆိုရင် ဂျပန်ထက် ပိုနီးတဲ့နေရာမှာပါ။ ကျွန်မတို့အနေနဲ့ အောက်စဖို့ဒ်ကို ခဏတစ်ဖြုတ် ဝင်ချသွားလို့ ရပါတယ်။ ဒီတော့ ကျွန်မတို့က မော်စကိုမှာ နေတဲ့ ဆယ်လအတွင်း စုဆောင်းထားတဲ့ တောင်ပေါ်အစားအစာတွေကို အပြည်ပြည်ဆိုင်ရာဖြတ်တဲ့  ရထားနဲ့တင်ပြီး အင်္ဂလန်ကိုဝင်သွားဖို့ တွေးဖြစ်ခဲ့ပါတယ်။ ကျွန်မတို့က ရုရှရဲ့ စာတိုက်စနစ်ကို ယုံမှမယုံဘဲလေ။ ဒါပေမဲ့ ရထားအကောက်ခွန်က ပစ္စည်းတွေ သယ်လာတာများလို့ ဆိုပြီး ခေါ် မေးပါတော့တယ်။

တစ်ခါ အောက်စ်ဖို့ဒ်ကောလိပ်က ဖိတ်ကြားစာမပါလို့ ဆိုပြီး အင်္ဂလန်ထဲ ပေးမဝင်ပြန်ပါဘူး။
နောက်ဆုံးမှာတော့ ကျွန်မတို့ အင်္ဂလန်ကို ပြန်ရောက်ခဲ့ပါပြီ။ ကျွန်မတို့ရဲ့ အင်္ဂလိပ်သူငယ်ချင်း တွေက မြို့လယ်နဲ့ သုံးမိုင်လောက် ဝေးတဲ့နေရာမှာ တစ်လလောက် နားခိုဖို့ စီစဉ်ပေးကြပါတယ်။ ကျွန်မတို့ ကတော့ ရောက်ရောက်ချင်းမှာ မိုက်ကယ်တို့ဆီ သွားလည်ကြတာပါပဲ။ အဲဒီအချိန်မှာ မိုက်ကယ်တို့က ဗိသုကာ အသွင်သဏ္ဌာန်မှာ ကျော်ကြားတဲ့ လခြမ်းပုံ ပါ့ခ်တောင်းမှာ နေနေကြပါပြီ။ အဲဒီနေရာက ဈေးကြီးတဲ့နေရာမို့ ကျွန်မက အံ့သြနေခဲ့တာပါ။ မိုက်ကယ်က သူ့အနေနဲ့   ဈေးအင်မတန်ချိုချိုနဲ့ ဒီအိမ်ကို ရလိုက်ကြောင်း ခပ်ပြုံးပြုံးနဲ့ ရှင်းပြပါတယ်။ အင်္ဂလန်မှာ ကိုယ်မဝယ်ခင်က နေထိုင်နှင့်   တဲ့သူတွေကို ဆက်လက် နေထိုင်ခွင့် ပြုမယ်ဆိုရင် အင်မတန် ဈေးချိုချိုနဲ့ အိမ်ဝယ်နိုင်တဲ့ စည်းမျဉ်း တစ်ခု ရှိပါတယ်။ မိုက်ကယ်တို့က အဲဒီလိုနည်းနဲ့ အိမ်ဝယ်ခဲ့တာပါ။ သူတို့မိသားစုက မြေအောက်ထပ်မှာ နေကြပြီး မြေညီထပ်မှာတော့ မိုက်ကယ်ရဲ့ စာကြည့်ခန်းနဲ့ အိပ်ခန်းတွေ ထားပါတယ်။ ပထမထပ်မှာ နဂိုတည်းက နေနေတဲ့ အဖွားကြီး တစ်ယောက်နေပြီး ဒုတိယထပ်မှာလည်း အိမ်ငှားရှိနေပါတယ်။ အဲဒီ အထပ်တွေက အိမ်ငှားခက မိုက်ကယ်တို့အတွက် လစဉ်ဝင်ငွေ ဖြစ်လာတာပါ။ အိမ်ငှား သက်ကြီးရွယ်အိုတွေ အိမ်ထဲက မထွက်မချင်း (ပြောင်းတာပဲဖြစ်ဖြစ်၊    သေဆုံးတာပဲ ဖြစ်ဖြစ်) အိမ်ရှင်အသစ်က သူတို့အခန်းကို မပိုင်ဆိုင်နိုင်အောင်  ဥပဒေက ကန့်သတ်ထားပါတယ်။ အိမ်ငှား အများစုက အသက်ကြီးသူတွေဖြစ်ပြီး ဥပဒေက သူတို့ကို ကာကွယ်ပေးထားတာပါ။

မိုက်ကယ်တို့ အိမ်ငှားအဖွားကြီးက သိပ်မကြာခင်မှာ ပြောင်းရွှေ့သွားခဲ့ကာ စုကို အမြဲအကူအညီ ပေးနေတဲ့ မသန်းဧက အဲဒီအထပ်ကို ဝယ်လိုက်ပါတယ်။ စုက မသန်းဧကို သူ့ရဲ့ “အရေးပေါ်ကြီးကြီး”လို့ ခေါ်ခဲ့တာပါ။ ဒီလိုနဲ့ စုတို့မိသားစုလည်း ငွေရေးကြေးရေး စိတ်အေးလာရပါတော့တယ်။ ကျွန်မတို့ရဲ့အောက်စ်ဖို့ဒ် ဘဝဟာ တကယ်တမ်းမှာ မလွယ်ကူခဲ့ပေမယ့် မိုက်ကယ်ရယ်၊ စုရယ်၊ မသန်းဧရယ်၊ အလက်ဇန္ဒားရယ်၊ ကင်မ်ရယ်၊  ခွေးကလေးရယ်နဲ့ သိုက်သိုက်ဝန်းဝန်း ပျော်ရွှင်ခဲ့ရပါ တယ်။

 ၂ဝဝ၅ ခုနှစ်တွင် တွေ့ရသော မသန်းဧ 
( သူ့ကို ဒေါ်ရာသန်းဧဟု ခေါ်လျှင် မကြိုက်သူ) ကြီးကြီးမသန်းဧ

ကျွန်မတို့ မသန်းဧကို စတွေ့ တော့ သူက ကုလသမဂ္ဂဝန်ထမ်း အဖြစ် အနှစ် ၂ဝ ကြာ အမှုထမ်းပြီးလို့ ပင်စင်စားအဖြစ်    အေးအေးဆေးဆေး နားနေချိန် ဖြစ်ပါတယ်။ ကျွန်မတို့ အောက်စ်ဖို့ဒ်ကို ဘယ်အချိန်ပဲ သွားသွား သူက စုတို့ မိသားစုနဲ့အတူ ရှိနေခဲ့တာပါ။ ကျွန်မက သူတို့ နှစ်ယောက်ကြားမှာ သွေးသားမတော် စပ်တာကို အချိန်တော်တော်ကြာတဲ့ အထိ မသိခဲ့လေတော့ သူတို့နှစ် ယောက်ဟာ ရုပ်ချင်းလည်း မတူပါလားလို့ တွေးနေခဲ့တာပါ။ စုကလည်း သူတို့နှစ်ယောက် ဘယ်လိုတော်စပ် တယ်ဆိုတာ ဘယ်တုန်းကမှ မပြောခဲ့ ပါဘူး။ ကျွန်မတို့နှစ်ယောက်ကြားမှာ  အတူတကွ နားလည်ထားကြတာက မိသားစုအရေးတွေမှာ အသက်တွေ၊  နေရာဒေသတွေ၊ အချိန်ကာလတွေဆို တဲ့ ကွာခြားမှုကို လျစ်လျူရှုလိုက်ဖို့ ပါပဲ။

မသန်းဧရဲ့ အသက်ကို ဘယ်သူ ကမှလည်း မသိပါဘူး။  ၁၉၈၉ ခုနှစ်မှာ စု နေအိမ်အကျယ်ချုပ်ကျ သွားတော့ မိုက်ကယ်က “ကျွန်တော် ထင်တာတော့ အန်တီ့အသက်က ၇ဝ ဝန်းကျင်ဖြစ်ရမယ်။ ဒါပေမဲ့ မသေချာပါဘူး။ အန်တီကသူ့အသက် ကို ဘယ်တုန်းကမှ မပြောဘူးလေ”  လို့ ပြောခဲ့ပါတယ်။ သူ့အသက်က အတော်လေး အိုချင်အိုရောပေါ့။ ဒါပေမဲ့ ဘယ်သူကမှ သူ့အသက်ကို ဂရုမစိုက်ပါဘူး။  လူတွေက  သူ မှတ်ဉာဏ် ကောင်းလွန်းတာ၊ စာဖတ် ဝါသနာ ကြီးလွန်းတာ၊   နိုင်ငံတကာ နိုင်ငံရေးနဲ့ပတ်သက်ရင် သူ့ခန့်မှန်းချက်တွေ မှန်နေတာ အဲဒီလိုမျိုးတွေ ကြောင့်ပဲ သူ့ကို မိတ်ဆွေတွေက တအံ့တသြနဲ့ မှတ်မိနေခဲ့ကြတာပါ။

အန်တီဟာ သူ့ရဲ့ နောက်ဆုံး အချိန်အထိ အမျိုးသမီးဆန်တဲ့ အလှတရားအပေါ် အင်မတန် သတိထားခဲ့သူပါ။ သူ့ခေါင်းမှာ ခေါင်းစည်းပုဝါ လေးကို လွှားပြီးမေးအောက်မှာ အထုံး လေးထုံးထားတတ်တာ အန်တီ့စတိုင်လ် ပါပဲ။ သူက ဂျပန်လက်ကိုင်ပုဝါလေး ပဲဖြစ်ဖြစ် ပစ္စည်းထုတ်တဲ့ ပိတ်စ လေးပဲဖြစ်ဖြစ် တွေ့တဲ့အခါ “ထားခဲ့လေ။ ကျွန်မခေါင်းစည်းလေး လုပ် လိုက်မယ်”လို့ ပြောတတ်ပါတယ်။ သူ့မျက်နှာတစ်ဝက်ကိုတော့ ကိုင်း အနက်မျက်မှန်ဝိုင်းဝိုင်းကြီးက ကွယ်ထားလေရဲ့။ သူက အင်္ကျီကို ဘလောက်စ်လို အနောက်တိုင်းဆန် တာတွေ ဝတ်တတ်ပေမယ့် ထဘီကို တော့ အမြဲစွဲစွဲမြဲမြဲ ဝတ်တတ်ပါ တယ်။ သူ့ခြေထောက်တွေက ပုံစံ နည်းနည်း ပြောင်းနေပြီမို့ ဖိနပ်ကိုတော့ အထူအကြီးကြီးတွေပဲ စီးတတ်ပါတယ်။ သူက မျက်နှာမှာ မိတ်ကပ် ပါးပါးလိမ်း၊ နှုတ်ခမ်းနီဆိုးပြီး မျက်ခုံးမွှေးကိုလည်း တောင်တန်းနှစ်သွယ် လို ထူထူနက်နက် ဆွဲထားတတ်ပါတယ်။

သူ့ခြေထောက်ကြောင့် သူက လမ်းလျှောက်ရင် တုတ်ကောက် လိုပါတယ်။ သူက သူ့ရဲ့ ပုံပြောင်းနေတဲ့ လက်ချောင်းတွေကို ဖြန့်ပြပြီး “ဒီမှာလေ၊ သွေးလေးဘက်နာ ရောဂါကြောင့် ကျွန်မလက်ချောင်းတွေ ခုလိုဖြစ် နေတယ်”လို့ ပြောပြတတ်ပါတယ်။ သူ့ကို ၁၉ဝ၉ ခုနှစ်ဝန်းကျင်က မွေးဖွားခဲ့တယ်လို့ ကျွန်မထင်တာပါပဲ။ သူ့အသက် ၂၃ နှစ်ကနေ ၂၅ နှစ်ကြားကာလမှာ အင်္ဂလိပ်စာ သင်ယူဖို့ အင်္ဂလန်ကို ရောက်လာတဲ့ အချိန်ကလွဲရင် သူ့အသက် ၃ဝ အထိ မြန်မာပြည်မှာ နေခဲ့တာပါ။ နောက် တော့ အိန္ဒိယမှာ သုံးနှစ်နေခဲ့ကာ နောက်ထပ်နှစ်ပေါင်းများစွာ (သူ့ အသက်ရဲ့ သုံးပုံနှစ်ပုံလောက်ထိ) နိုင်ငံရပ်ခြားမှာ ရောက်နေခဲ့ပါတယ်။ အမေရိက၊ သြစတြီးယားနဲ့ အင်္ဂလန် တို့မှာ အနေများခဲ့တာပါ။ သွေးလေးဖက်နာက အာရှလို ပူပြီးစိုစွတ် တဲ့နေရာမျိုးမှာ မွေးဖွားခဲ့သူ တစ်ယောက်အနေနဲ့ ဥရောပလို အေးပြီး ခြောက်သွေ့တဲ့နေရာမျိုးမှာ အနေကြာ တဲ့အခါ  ဖြစ်တတ်တယ်နဲ့ တူပါတယ်။

                                                          ဆက်လက်ဖော်ပြပါမည်။
                                                           မသီတာ(စမ်းချောင်း)

ဒေါ်အောင်ဆန်း စုကြည်အတွက် စာတစ်စောင် ( ဂ )

မသန်းဧကသြစတြီးယားအနောက်ပိုင်းက သူ့အိမ်ခန်းနဲ့ မိုက်ကယ်တို့ စုတို့အိမ်က အခန်းကြားမှာ လူးလာခေါက်တုံ့ နေထိုင်ခဲ့ပါတယ်။ အင်္ဂလန်က သူ့ကိုလိုနီထဲမှာ နေတဲ့သူတွေထဲက ထူးချွန်သူတွေကို အင်္ဂလန်ခေါ်ကာ အင်္ဂလိပ်စာ သင်ပေးပြီး ဗြိတိသျှမှု ပြုတတ်ပါတယ်။ မသန်းဧကို ၁၉၃၂ ခုနှစ်မှာ ဗြိတိသျှက ရွေးခဲ့တာပါ။ အင်္ဂလန်ကပြန်တော့ ကရင်တွေ အင်္ဂလိပ်စာ သင်ပေးခွင့် ရခဲ့ပါတယ်။ သူက သူမိသားစုအကြောင်း ပြောလေ့မရှိတာမို့ သူ့အဖေဟာ တက္ကသိုလ်မှာ မြန်မာစာသင်တဲ့ ဆရာဖြစ်ပြီး သူ့မှာ မောင်ငယ်တစ်ယောက်ရှိကြောင်းလောက်သာ ကျွန်မတို့သိပါတယ်။ သူ့အခန်းမှာချိတ်ထားတဲ့ ပန်းချီကားကြောင့်လည်း မြန်မာပြည်က သူ့ဘ၀ကို ကျွန်မတို့ ခန့်မှန်းမြင်ယောင်နိုင်ခဲ့ကြပါတယ်။ မြန်မာပန်းချီကျော်တစ်ဦးရဲ့လက်ရာ သူ့ပုံတူက အသက်ဝင်လှပါတယ်။ အဲဒီအချိန်က သူ့မှာ ဆံပင်အရှည်ကြီးနဲ့ မြန်မာဆန်ဆန် ၀တ်ပြီး ပန်းတွေအလယ် ကြမ်းပြင်ပေါ်မှာ ထိုင်နေတဲ့ပုံက သိပ်အသက်ဝင်လှပါတယ်။ ပုံထဲမှာ သူ့ဟန်ပန်က သူ့ဘ၀အနာဂတ်ကို တွေးနေပုံပါ။


ဒေါ်ရာသန်းဧ၏ ပုံတူပန်းချီနှင့် ဓာတ်ပုံများကို နေအိမ်ဧည့်ခန်းတွင် တွေ့ရစဉ်

သူ့အလုပ်အကြောင်း ကျွန်မကသိပ်မသိပေမယ့် မြန်မာပြည်မှာ ဘိလပ်ပြန်ဆိုပြီး သူ့ကိုခေါ်ကြတာနဲ့ နာမည်ကျော်အဆိုတော် ဖြစ်ခဲ့တာကိုတော့ သိပါတယ်။ သူ့အသံနဲ့ အင်္ဂလိပ်စာ ကောင်းပုံတွေက မြန်မာပြည်အတွက် အဖိုးတန်လှတာပါ။ ဒုတိယ ကမ္ဘာစစ်ကြီးဖြစ်လာတော့ သူက နယူးဒေလီမှာရှိတဲ့ အသံလွှင့်ဌာနတစ်ခုမှာ အလုပ်ဝင်ခဲ့ပါတယ်။ အဲဒီ အသံလွှင့်ဌာနက ဂျပန်သိမ်းပိုက်ထားတဲ့ နေရာတွေမှာ ဂျပန်တပ်တွေအကြောင်း အသိပေးတာတွေကို ထုတ်လွှင့်ရပါတယ်။ စစ်ကြီးပြီးတော့ သူက ဆန်ဖရန်စစ္စကို ကိုသွားကာ ကုလသမဂ္ဂမှာ အလုပ်မ၀င်ခင် ဗွီအိုအေမှာ အလုပ်လုပ်ခဲ့သေးတယ်နဲ့ တူပါတယ်။ 
                ၁၉၄၇ ခုနှစ် ဇန္န၀ါရီလမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့အဖွဲ့ လန်ဒန်ကိုလာပြီး ဗြိတိသျှနန်းရင်းဝန်ချုပ် ကလီမန့် အက်တလီနဲ့ မြန်မာ့လွတ်လပ်ရေးအတွက် စာချုပ်လာချုပ်ကြတော့ မသန်းဧကလညး လန်ဒန်မှာ ရှိနေခဲ့ပါတယ်။ သူနဲ့ သူ့သူငယ်ချင်းက ဗိုလ်ချုပ်တို့တည်းခိုတဲ့ ဟော်တယ်ကို သွားတွေ့ခဲ့တာပါ။ အန်တီမသန်းဧက သူ့အနေနဲ့ ပင်ပန်းနေတဲ့ ဗိုလ်ချုပ်ကို မြန်မာသီချင်းတွေနဲ့ ဖျော်ဖြေပေးချင်ခဲ့တယ်လို့ ကျွန်မကိုပြောပြဖူးပါတယ်။ နှုတ်ဆက်ပွဲမှာတော့ ဗိုလ်ချုပ်မှာ မိသားစုအတွက် လက်ဆောင်ပစ္စည်းဝယ်သွားဖို့ အချိန်မရှိတော့ဘူးလို့ တွေးမိတာနဲ့ သူက၀ယ်ပေးလိုက်ဖို့ တာဝန်ယူလိုက်ပါတော့တယ်။ သူက အသက်တစ်နှစ်ခွဲအရွယ် စုအတွက် အဲဒီအချိန်က အင်္ဂလန်မှာခေတ်စားနေတဲ့ ကော်ပတ်ရုပ်လေးတစ်ရုပ် ၀ယ်ပေးလိုက်ပါတယ်။


အဲဒီအရုပ်လေးဟာ အန်တီနဲ့စုတို့ကြားက ပထမဆုံးဆက်စပ်မှုပါပဲ။ အဲဒီအရုပ်လေးကို နှစ်တော်တော်ကြာအထိ စုက တမြတ်တနိုးထိမ်းသိမ်းပွေ့ပိုက်ထားကြောင်း သိရတဲ့အခါမှာတော့ အန်တီက သိပ်ကိုစိတ်လှုပ်ရှားခဲ့ပါတယ်။ လန်ဒန်မှာရှိတဲ့ မြန်မာတချို့ကတော့ အန်တီအနေနဲ့ ဗိုလ်ချုပ်ပေါ်မှာ လေးစားတာထက်ပိုတဲ့ စိတ်အနေအထားမျိုးရှိခဲ့လို့ စုကိုချစ်နေကြောင်း အတင်းပြောတာမျိုး ရှိခဲ့ပေမယ့် ဘယ်သူကမှတော့ ဘယ်ရယ်လို့ အတိအကျ မသိကြပါဘူး။

၁၉၅၀ ခုနှစ်မှာ အန်တီမသန်းဧက ကုလသမဂ္ဂရဲ့ ၀န်ထမ်း ဖြစ်လာပါတယ်။ စိန့်ဟျုခ်ျကောလိပ်ကျောင်း ဒုတိယနှစ်နွေမှာတော့ စုဟာ မိခင်ရှိရာ အိန္ဒိယကိုမပြန်ဘဲ အယ်လ်ဂျီးရီးယားမှာ ကုလသမဂ္ဂ ဆက်ဆံရေးဌာန ဖွင့်ဖို့ တာဝန်နဲ့ရောက်နေတဲ့ အန်တီ့ဆီကို အလည်သွားခဲ့ပါတယ်။ အဲဒီတုန်းက အယ်လ်ဂျီးရီးယားနိုင်ငံသစ် ထူထောင်ဖို့ စိတ်တက်ကြွနေတဲ့ လူငယ်တွေဟာ စစ်ဘေးဒုက္ခသည်တွေကို ကယ်တင်တဲ့စခန်းတွေမှာ လုပ်အားပေးနေကြတာမို့ စုကလည်း လုပ်အားသွားပေးခဲ့ပါတယ်။
နယူးယောက်မှာတော့ အန်တီဟာ သူ့ထက် အသက်အများကြီးငယ်တဲ့ သြစသြီးယန်းတစ်ယောက်နဲ့ မေတ္တာမျှခဲ့ပါတယ်။ အဲဒီလူက ရုပ်ရှင်ဒါရိုက်တာ ဖြစ်ချင်နေသူပါ။ အိန္ဒိယမှာရှိတဲ့ ကျားတွေကို ဓာတ်ပုံရိုက်သူ ကျွမ်းကျင်ပညာရှင်လည်း ဖြစ်ခဲ့ပုံပါ။ သူ့ရဲ့ သြစတြီးယား အနောက်ပိုင်းက နေအိမ်ကို ကျွန်မ အလည်သွားခဲ့တုန်းကတော့ အန်တီက သူ့အမျိုးသား ရိုက်ထားခဲ့တဲ့ ကျားပုံ အယ်ဘမ်ကို ပြပေးခဲ့ဖူးပါတယ်။ တကယ်တော့ အသက် ၉၀ ၀န်းကျင် အမျိုးသမီးတစ်ယောက်က ခင်ပွန်းသည်ကို လွမ်းနေသေးတဲ့အကြောင်း သိရတာကတော့ ကျွန်မကို စိတ်ထိခိုက်စေပါတယ်။ အဲဒီအမျိုးသားက အန်တီကိုပစ်ပြီး သူ့ထက်ငယ်တဲ့ သြစတြီးယန်း အမျိုးသမီးလေးနဲ့ လက်ထပ်သွားခဲ့တာပါ။ စုနဲ့အတူ အောက်စ်ဖို့ဒ်မှာ နေထိုင်ခဲ့တဲ့ကာလတွေမှာ အန်တီမသန်းဧရဲ့ အိမ်ထောင်ရေးပြသာနာ ဖြစ်ခဲ့ပုံပါဘဲ။ စုက “ အဲဒီလူဟာ အန်တီကို စောင့်ရှောက်မှာ မဟုတ်ပါဘူး။ ဒါကြောင့် အန်တီ့ နောက်ဆုံးအချိန်တွေမှာ ကျွန်မကပဲ စောင့်ရှောက်မှာပါ “ လို့ ပြောခဲ့ဖူးပါတယ်။
အန်တီကတော့ သူ့သဘောထားကြီးမှုကို အပြုံးမပျက် ပြခဲ့နိုင်ပါတယ်။ အဲဒီလူနဲ့ သူ့နောက်မိန်းမ ကတော့ သူတို့အိမ်နားမှာပဲ နေပြီး အန်တီဆီကိုတောင် မကြာမကြာ လာလည်ခဲ့ပြန်ပါတယ်။ အဲဒီလူရဲ့ မိသားစုဓာတ်ပုံကို ကြည့်ရင်း အန်တီက “ ကျွန်မကိုစောင့်ရှောက်နေသလို ပေါ့လေ “ လို့ ပြောခဲ့ဖူးပါတယ်။ ကျွန်မရဲ့ရထားက သြစတြီးယားရဲ့ Feldkirch ဘူတာရုံမှာ ရပ်တော့ အသက် ၄၀ ၀န်းကျင် အရပ်ရှည်ရှည် ပိန်ပိန်ပါးပါး အမျိုးသမီးက လာကြိုပြီး ရှင်က အို့တ်စု ကတော်နော်လို့ မေးပါတယ်။ သူက အန်တီ့အမျိုးသား ၀ါနာရဲ့ နောက်မိန်းမပါပဲ။ အန်တီက လာမကြိုနိုင်လို့ သူ့ကို လာအကြိုခိုင်းခဲ့တာပါတဲ့။ ကျွန်မလည်း မိုက်ကယ်ပြောခဲ့တဲ့ စကားတခွန်းကို သတိရမိပါတယ်။ “ နိုကိုရီရေ အန်တီကတော့ ကိုယ့်ခင်ပွန်းရဲ့ နောက်မိန်းမနဲ့ အဆင်ပြေအောင် နေနိုင်တယ်နော်။ သိပ်အံ့သြဖို့ ကောင်းတာပဲ “ တဲ့။ ဒီထက် အံ့သြဖို့ ကောင်းတာက အန်တီနေတဲ့အခန်းက သုံးလွှာမှာဖြစ်ပြီး အဲဒီမိန်းမတွေရဲ့ မိဘတွေက အဲဒီအဆောက်အအုံမှာပဲ ပထမထပ်မှာ နေကြတာပါ။ သူတို့က မနက်တိုင်း အန်တီ့ဆီလာပြီး ဈေးဝယ်စာရင်း လာမှတ်ကြသလို အန်တီ့ဘဏ်စာရင်းကိုလည်း သူတို့ကပဲ ထိန်းသိမ်း ကိုင်တွယ်ပေးကြပါတယ်။ သူတို့ အသက်တွေက အန်တီ့ထက် အများကြီးငယ်ကြပါတယ်။ ကျွန်မဖြင့် ဒီလိုဆက်ဆံရေးပုံစံမျိုးကို ဘယ်လိုမှ တွေးကြည့်လို့ မရခဲ့ပါဘူး။ အဲဒီအချိန်မှာ အလက်ဇန္ဒားက အန်တီ့ဆီ လာလည်ချိန်ဖြစ်နေတာမို့ ကျွန်မလည်း သူ့အတွက် ဆူရှီလုပ်ပေးဖို့ ဖြစလာပါတယ်။ ကျွန်မလည်း ဈေးသွားပြီး ပုဇွန်တို့ ငါးတို့ အ၀ယ်သွားပါတယ်။ အန်တီက “ ကျွန်မ မစားဘူးလေ။ ကျွန်မအစား ၀ါနာရဲ့သားကိုပေးလိုက်ပါ “ လို့ ဆိုပါတယ်။ ၀ါနာရဲ့သားက ၀ါနာနဲ့ စွပ်ချွတ်တူပါတယ်။ ကျွန်မလည်း အန်တီ့ရဲ့ ၀ါနာ့အပေါ် အချစ်တွေကို တွေ့လိုက်ရတာပါပဲ။
           စု နေအိမ်အကျယ်ချုပ် ကျနေခိုက် တစ်ချိန်မှာတော့ အသည်းမာတဲ့ အန်တီမသန်းဧဟာ “ နိုကိုရီရေ ကျွန်မက ပင်လယ်မှာမွေးပြီး တောင်ပေါ်မှာသေမှာလေ “ လို့ ဖုန်းဆက်ပြီး ပြောလာပါတယ်။ သူ့ကိုကြည့်ရတာ အားနည်းလွန်း နေပါပြီ။ စုအစား သူ့ရဲ့နောက်ဆုံးနေ့တွေမှာ သူ့ကို စောင့်ရှောက်မယ်လို့ ကျွန်မက ဆုံးဖြတ်ခဲ့ပါတယ်။ ဒါနဲ့ပဲ ကျွန်မက ဇူးရစ်မှာ တစ်ညအိပ်ပြီးမှာ သြစတြီးယားမြို့လေးဆီ ရထားနဲ့ ထွက်လာခဲ့တော့တာပါ။ တစ်လမ်းလုံးလည်း အန်တီအတွက် ဆုတွေတောင်းနေခဲ့တာပေါ့။
 

ဒေါ်အောင်ဆန်း စုကြည်အတွက် စာတစ်စောင် ( ၉) 

 

မိုက်ကယ်အဲရစ်၊ ကြီးကြီး မသန်းဧနှင့် အလက်ဇန္နား တို့ကို ၁၉၈၉ ခုနှစ်တွင် တွေ့ရစဉ်

အန်တီကတော့ သူ့အိမ်ခန်းထဲ ရောက်တာနဲ့ သူ့ခင်ပွန်းဟောင်းရဲ့ ဓာတ်ပုံစာအုပ်ကို ထုတ်ပြတော့တာပါပဲ။ ရေနွေး ကြမ်းလေး ဘာလေးနဲ့တောင် ဧည့်မခံသေးပါဘူး။ သူ့မီးဖိုချောင်ထဲကိုလိုက်ပြီး သူ့ကို ကူညီဖို့ ကြိုးစားပြန် တော့လည်း အကူမခံပါဘူး။ “ဒါ ကျွန်မအိမ်လေ။ ဒီအိမ်မှာ ဘာကိုမဆို ကျွန်မဘာသာပဲ လုပ်တယ်။ အဲဒါကျွန်မရဲ့ စည်းကမ်းပေါ့။ စည်းကမ်းဟာ စည်းကမ်းပဲလေ”လို့ အန်တီက ဒေါသတကြီး ပြောခဲ့ပါတယ်။ ကျွန်မလည်း ဖုန်းထဲက သူ့စကားတွေကို ပြန်တွေးပြီး နားမလည် နိုင်အောင်ပါပဲ။ ဒီတော့မှ သူက “နိုရီကိုရေ ရှင်လာလည်တဲ့ အချိန်က အကောင်းဆုံး အချိန်ပဲ။ ဇွန်လ ဆိုတာ ရာသီဥတု အကောင်းဆုံးအချိန်ပေါ့” လို့ ပြောပါတော့တယ်။
အန်တီ တည်ခင်းတဲ့ ညစာကတော့ မြန်မာထမင်း၊ ဗီယာနာ ဝက်အူချောင်းနဲ့ အသုပ်ပါပဲ။ အသက် ၉ဝ ဝန်းကျင် ဆိုပေမယ့် သူက နိုင်ငံတကာကို သွားလာနေခဲ့သူမို့ တည်ခင်း ပြင်ဆင်ထားပုံက အကောင်း လွန်နေပါတယ်။ ဖယောင်းတိုင် မီးအောက်မှာ ကျွန်မတို့က ရေဖန်ခွက်ချင်းထိပြီး ညစာစားပွဲကို စတင် လိုက်ပါတယ်။ ကျွန်မက ဝက်အူချောင်းကို ကြိုက်တော့ အန်တီက သဘောကျပါတယ်။ “နိုရီကိုက ဝက် အူချောင်း ကြိုက်တော့ ကောင်းတယ်။ သြစတြီးယားက ဝက်သား သိပ်စားတာ”လို့ပြောပါတယ်။

အဲဒီနောက် တော့ ကျွန်မကို ညစာကျွေးတိုင်း ဗီယာနာ ဝက်အူချောင်း ပါလာတော့တာပါပဲ။
တကယ်တော့ ဇွန်လမှာ ရာသီဥတု အကောင်းဆုံးသာ ဆိုတယ် နှင်းတွေကတော့ အယ်လ်ပ်တောင်တန်း ပေါ်မှာ ရှိနေတုန်းပါ။ အန်တီက အပြင်ထွက်ဖို့ တုတ်ကောက် ပါမှရတာကြောင့် အပြင်ထွက်လေ့ မရှိပါဘူး။ ဒီတော့ ဒေသခံတွေနဲ့လည်း မခင်နိုင် ဖြစ်ရပါတယ်။ ပြီးတော့ ဒေသခံတွေက ဂျာမန်လိုပဲ ပြောကြတာကိုး။ အန်တီက အင်္ဂလိပ်လိုနဲ့ ပြင်သစ်လို ကျွမ်းပေမယ့် ဂျာမန်လိုတော့ သိပ်မကျွမ်းပါဘူး။ ဒီတော့ အန်တီဟာ ဝါနာရဲ့ နောက်မိန်းမနဲ့ သူ့မိဘတွေရဲ့ အကူအညီမပါဘဲ ရပ်တည်လို့ မလွယ်ပါဘူး။ အဲဒီအဆောက်အအုံမှာ နေတဲ့ သူ့ဆရာဝန် ကတော့ အန်တီ့ရဲ့တစ်ဦးတည်းသော မိတ်ဆွေပါပဲ။


အန်တီဟာ ကမ္ဘာမှာ ဂုဏ်ယူဖွယ် အသက်မွေးအလုပ်တွေ လုပ်ခဲ့တယ် ဆိုပေမယ့် သူ့ဘဝကတော့ အထီးကျန် ဆန်လှပါတယ်။ သူက အဲဒီအထီးကျန်ဘဝကို စာဖတ်ပြီးတော့ပဲ ဖြတ်သန်းတာပါ။ သူ့စာကြည့်ခန်းထဲက စာအုပ်စင်မှာတော့ အမေရိကန်နဲ့ အင်္ဂလိပ် စာပေဆိုင်ရာ စာအုပ်တွေ အများကြီးရှိပါတယ်။ အဲဒီအချိန်ကတော့ အန်တီက ပြင်သစ် တော်လှန်ရေး ဆိုင်ရာ စာအုပ်တွေကို ပြန်ဖတ်နေခဲ့တာပါ။ သူက “တော်လှန်ရေး တစ်ခု စတဲ့အခါ လူမှုရေး အခြေအနေကို ထပ်ပြီးသိချင်လာလို့ ဖတ်နေတာ”လို့ ပြောပါတယ်။


သူ့ရဲ့ အခန်းတစ်ခန်းထဲမှာတော့ မြန်မာလုံချည်တွေကို စင်နဲ့တင်ထား ပါတယ်။ သူဘယ်နေရာပဲ ရောက်နေ နေ ဒီလုံချည်တွေကို သယ်သွားပြီး မြန်မာပြည်ကို ရောက်နေသလို ခံစားပုံပါပဲ။ “လုံချည်တွေ အများကြီးပဲနော်” လို့ ကျွန်မကပြောတော့ အန်တီက “ကျွန်မသေရင် အဲဒီပစ္စည်း အားလုံးဟာ စုအတွက်ပဲလေ”လို့ တုံ့ပြန်ပါ တယ်။ သူ့ရဲ့ စုကိုချစ်တဲ့ အချစ်ဟာ ကြီးမားလှပါတယ်။ သူဟာ စုအတွက် စိတ်ဓာတ်ရေးရာ အရရော ငွေကြေးအရပါ မိခင်တစ်ယောက်လို စောင့်ရှောက်ခဲ့တာပါ။ သူက ၁၉၈၉ ခုနှစ် ဇူလိုင် ၂ဝ မှာ စုနေအိမ် အကျယ်ချုပ်ကျပြီး နောက်ပိုင်း မိုက်ကယ့်ကိုပါ သားမက်တစ်ယောက်လို စောင့်ရှောက်ပါတယ်။ စုတို့မိသားစု ကိုလည်း သူ့မိသားစုလိုပဲ စောင့်ရှောက် ခဲ့တာပါ။

စု နေအိမ် အကျယ်ချုပ် ကျပြီးတဲ့အခါ အလက်ဇန္ဒားက စိတ်ဓာတ် အကြီးအကျယ် ထိခိုက်ခံစားလိုက် ရပါတယ်။ အဲဒီအချိန်က သူတို့ မိသားစုဟာ စုနဲ့အတူ ရန်ကုန်အိမ်မှာ ရှိနေပြီး အလက်ဇန္ဒားက အသက် ၁၆ နှစ် ရှိပြီမို့ နေအိမ်အကျယ်ချုပ် ဆိုတာရဲ့အဓိပ္ပာယ်ကို ကောင်းကောင်း နားလည်ပါတယ်။ ကင်မ်ကတော့ အသက် ၁၁ နှစ်သားမို့ သိပ် နားမလည်သေးဘဲ အစောင့်စစ်သားတွေနဲ့ ဆော့ကစားတောင် နေခဲ့ပါသတဲ့။ မိုက်ကယ်က ပြန်ပြောပြခဲ့ တာပါ။

၁၉၈၈ ခု မတ်လမှာတော့ စုဟာ နေမကောင်း ဖြစ်နေတဲ့ သူ့အမေကို ပြုစုဖို့ မြန်မာပြည်ကို ပြန်သွားရတဲ့ အခါ အလက်ဇန္ဒားက အသက်ဆယ့်ငါးနှစ်တောင် မပြည့်ရှာသေးပါဘူး။ သူက ထက်ထက်မြက်မြက်ရှိသူမို့ သူ့အမေကို လက်လွှတ်လိုက်ရတော့မှာကို ပူပန်တတ်ခဲ့ပါတယ်။ အဲဒီအချိန်မှာ လူပျိုပေါက်ဆိုတော့ မိခင်ကို တကယ့်ကို အလိုရှိနေတဲ့ အချိန်လည်း ဖြစ်နေတာပေါ့။ မိုက်ကယ်ကတော့ အင်္ဂလန်က အသိအမှတ်ပြု လက်မှတ်ရပြီးစ မြန်မာသူနာပြု ကလေးမတစ်ယောက်ကို အလက်ဇန္ဒားကို ပြုစုပေးဖို့အတွက် ငှားခဲ့ပါ သေးတယ်။ ဒါပေမယ့်သူက ကြီးကြီး မသန်းဧကလွဲပြီး ဘယ်သူ့စကားကိုမှ နားမထောင်ခဲ့ပါဘူး။ တကယ်တော့ အလက်ဇန္ဒားက ငယ်ငယ်ကလေး တည်းက မသန်းဧရဲ့ စကားကိုပဲ နားထောင်သူပါ။ ကျွန်မမှတ်မိနေတာက သူတို့ငယ်ငယ်တုန်းကလမ်းလျှောက် ထွက်ကြတဲ့အခါ မသန်းဧကပဲ သူ့ရဲ့ လက်ကိုကိုင်ပြီး လျှောက်ခဲ့တာပါ။

အဲဒီနှစ်မှာပဲ ကျွန်မက အန်တီ မသန်းဧဆီ အလည်သွားဖြစ်ခဲ့ပါတယ်။ စုရဲ့ မွေးစားအမေလို ဖြစ်နေတဲ့    နောက်တစ်ယောက်က အင်္ဂလိပ် လူမျိုး လေဒီပတ်ထရစ် ရှာဂေါရ်ဘုသ် ပါ။ သူကလည်း ကျွန်မရှိနေတဲ့အချိန် အန်တီ့ဆီ လာလည်ပါတယ်။သူက အန်တီ့ကို သြစတြီးယားမှာ တစ်ယောက်တည်းထားခဲ့လို့ မဖြစ်နိုင်ဘူးလို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီလိုနဲ့ အောက်စ်ဖို့ဒ်မှာ သက်ကြီးရွယ်အိုတွေကို စောင့်ရှောက်ပေးတဲ့ ဂေဟာတစ်ခုကို ရှာပြီး အန်တီ့ကို ပြောင်းနေစေဖို့ စီစဉ်ရပါတယ်။ အန်တီကလည်း သူ့အနေနဲ့ အိပ်ယာပေါ်မှာပဲ နေနေရတဲ့ အနေအထား မရောက်ခင်မှာ အောက်စ်ဖို့ဒ်ကို    ပြောင်းသွားဖို့ ဆုံးဖြတ်ပါတယ်။ အဲဒီဂေဟာမှာ ရေချိုးခန်း၊ အိမ်သာတွဲလျက် အိပ်ခန်း တစ်ခန်းရယ်၊ မီးဖိုချောင်ပါတဲ့ ဧည့်ခန်း တစ်ခန်းရယ်ပါတဲ့ အခန်း ကျယ်တစ်ခုကို တစ်လ ပေါင် ၈ဝဝ ပေးရပါတယ်။ အဲဒီဂေဟာမှာ စာကြည့်တိုက် ကောင်းကောင်းလည်း ရှိသလို ရုပ်ရှင်ရုံလို သီရေတာအသေးလေးလည်းရှိပါတယ်။ ဧည့်သည်လာရင် တည်းလို့ရတဲ့ အခန်းကလည်း ရှိတာပါ။

ကြိုမှာထားလို့ရတဲ့ အစားအသောက် ဌာနလည်း ရှိပါတယ်။ ဂေဟာမှာ ၂၄ နာရီ လုံခြုံရေးစနစ်လည်း ရှိတာမို့ စိတ်အေးရမယ့်နေရာပေါ့။ ဒီလိုနဲ့ အသက် ၉ဝ အရွယ် အန်တီမသန်းဧဟာ သူ့ခင်ပွန်းနဲ့ ပတ်သက်တဲ့ အမှတ်ရစရာတွေ ရှိနေတဲ့ သြစတြီးယားကနေ သူ့သေတ္တာတွေထဲမှာ အမြဲသိမ်းထားတတ်တဲ့ ဓာတ်ပုံများရဲ့ ပိုင်ရှင် စုနေခဲ့ဖူးတဲ့ အောက်စဖို့ဒ်ကို အပြီးတိုင် ပြောင်းရွေ့ လာခဲ့ပါတော့တယ်။
                                              ဆက်လက်ဖော်ပြပါမည်။
                                                 မသီတာ(စမ်းချောင်း)

ဒေါ်အောင်ဆန်း စုကြည် အတွက် စာတစ်စောင် (၁ဝ)

၂ဝဝ၈ ခုနှစ် အသက် ၉၉ နှစ် အရွယ် သူကွယ်လွန်တဲ့အထိ အန်တီက အောက်စ်ဖို့ဒ်မှာ နေခဲ့တာပါ။ ဂေဟာမှာ နေစဉ် အန်တီတစ်ခုခု ဖြစ်တာနဲ့ ဂေဟာအုပ်ချုပ်ရေးမှူက လေဒီ ဂေါရ်ဘုသ်ကို ဖုန်းဆက် ပြောပါတော့တယ်။ အဲဒီအခါ သူကိုယ်တိုင်က အသက် ၈ဝ ရှိနေပြီဖြစ်တဲ့ ပက်ဟာ လန်ဒန်ကနေ အောက်စ်ဖို့ဒ်ကို ကား ကိုယ်တိုင်မောင်းပြီး  အန်တီ့ကို သွားတွေ့ခဲ့ပါတယ်။ ကျွန်မဘဝတစ် လျှောက်မှာ ပက်လို့ ကျွန်မကခေါ်တဲ့ လေဒီ ဂေါရ်ဘုသ်လို ကြင်နာတတ်ပြီး ခင်မင်စရာ ကောင်းတဲ့ အင်္ဂလိပ် အမျိုးသမီးမျိုး မတွေ့ဖူးပါဘူး။

အန်တီက သူ့ရဲ့ နောက်ဆုံးအချိန်တွေကို စုနဲ့မိုက်ကယ်ရဲ့ ပတ်ဝန်းကျင်က လူတွေကြားထဲမှာ ကုန်ဆုံးစေခဲ့ တာပါ။ မြန်မာ ကက်သလစ် သီလရှင်တွေက သူ့ကိုနေ့စဉ် ပြုစုပေးခဲ့ပါတယ်။ ပက်ကတော့ အဲဒီသီလရှင် တွေကို နတ်သမီးတွေလို့ ချီးကျူးခဲ့ပါတယ်။ အန်တီကတော့ သီလရှင်တွေကို စုအကြောင်းချည်း ပြောနေခဲ့ပါ တယ်။ သူတို့အတွက်က စုဟာ စိမ်းနေခဲ့ပေမယ့် အန်တီ့ဆီက စုရောဂါဟာ သူတို့ကို ကူးစက်ခဲ့ရာက သီလရှင်တွေလည်း စုကို ထောက်ခံ သူတွေ ဖြစ်လာ ပါတော့တယ်။ သူတို့ ဟာ အန်တီ့ကို ရေမိုးချိုးပေးခဲ့စဉ်က ထိတွေ့ခဲ့တဲ့ အထိအတွေ့ဟာ ခုထိ သူ့လက်ပေါ်မှာ ကျန်နေသေးတယ်လို့ ကျွန်မကို အန်တီကွယ်လွန်ပြီး တစ် နှစ်အကြာမှာ ပြန်ပြောပြတော့ မျက်ရည်တွေလည်း ဝဲလို့ပါ။ အန်တီဟာ သီလရှင်နှစ်ယောက်ရဲ့ လက်ထဲမှာ တစ်နေ့ထက်တစ်နေ့ သေးသေးလာခဲ့တယ်လို့ ဆိုပါတယ်။ တကယ်တော့ အဲဒီ မြန်မာ ကက်သလစ် သီလရှင်တွေဟာ မိုက်ကယ်တို့နဲ့ သိကျွမ်းတယ်ဆိုပြီး မြန်မာပြည် ကို ပြန်ဝင်လို့ မရခဲ့ဘဲ ဖြစ်ခဲ့တာမို့ သူတို့ရဲ့ မိဘတွေကို ကိုယ်တိုင် မပြုစုနိုင်ခဲ့ပါဘူး။ ဒီတော့ အန်တီ့ကို သူတို့ မိသားစုလို ပြုစု ခဲ့တော့တာပေါ့။ စုက အန်တီ့ကို သူကိုယ်တိုင် ပြုစုချင်ခဲ့တဲ့ ဆန္ဒဟာ တစ်နည်းနည်းနဲ့ ပြည့်စုံခဲ့တယ်လို့ ဆိုရမှာပါ။ အန်တီ့ကို ပြုစုခဲ့တာက မြန်မာနိုင်ငံသူတွေ ဖြစ်ခဲ့လို့ပါပဲ။

ကြီးကြီး မသန်းဧ၊ မိတ်ဆွေများနှင့် ဒေါ်အောင်ဆန်းစုကြည် မိသားစုကို တွေ့ရစဉ်

ကျွန်မရဲ့ ခင်ပွန်းကတော့ အန်တီ့ကို ဂျပန်အဆိုတော်နဲ့ ရုပ်ရှင်မင်းသမီး တစ်ယောက်ဖြစ်တဲ့ Li Kou Ran နဲ့ နှိုင်းလေ့ ရှိပါတယ်။ သူက သိပ်ချောမော လှပပြီး စစ်အတွင်းက တရုတ်ပြည်မှာ သူလျှို တစ်ယောက်အဖြစ် သတင်းတွေကို ဂျပန်တွေဆီ ပြန်ပို့ပေးခဲ့သူပါ။ အန်တီကလည်း စစ်အတွင်းက အိန္ဒိယမှာနေပြီး ဂျပန်စစ်သတင်း တွေ အကြောင်း အသံလွှင့်ခဲ့ဖူးသလို အလှအပနဲ့ ဖက်ရှင်ကို ကြောင့်ကြစိုက်တဲ့ ဘိလပ်ပြန် သန်းနာမည်နဲ့ ထင်ရှားတဲ့ အဆိုတော်တစ်ယောက် မဟုတ်လား။ သူက နောက်ဆုံးအချိန်ထိ လူတွေနဲ့ မတွေ့ခင်မှာ သူ့ကိုယ်သူ လှလှပပ ဝတ်စား ပြင်ဆင်တာမျိုး လုပ်ခဲ့တာကိုလည်း ကျွန်မတို့ တွေ့မြင် သဘောပေါက် ခဲ့ရပါတယ်။ သူက မြန်မာတွေရဲ့ အကျင့်ဖြစ်တဲ့ ကြိုတင် အကြောင်းမကြား ဝင်တွေ့တာမျိုးကို မုန်းပါတယ်။ ဒါပေမယ့် “မြန်မာတွေရဲ့ကောင်းတဲ့ ဓလေ့တစ်ခုက သူတို့ဆီကို လမ်းကြုံ ဝင်လည်တယ် ဆိုတာမျိုးဟာ မယဉ်ကျေးတဲ့ အပြုအမူလို့ မခံယူတတ်ကြတာပါပဲ” လို့လည်း ဖြည့်စွက်ပြောပါသေးတယ်။

ကိုယ့်ရေ ကိုယ့်မြေကနေ တစ်ခါမှ မခွဲခွာဖူးသူတွေ အတွက်တော့  အန်တီမသန်းဧရဲ့ ဘဝကို ကောင်းကင်က နတ်သမီး တစ်ပါးရဲ့ ဘဝလို လွတ်လပ်နေမယ်လို့ ထင်ကောင်း ထင်ကြမှာပါ။ ဒါပေမယ့် အန်တီ့မှာ လှပတဲ့ အသံ၊ ထူးခြားတဲ့ ဘာသာစကား စွမ်းရည်၊ များပြားတဲ့ နိုင်ငံတကာ အတွေ့အကြုံ၊ ထူးချွန် ထက်မြက်ပြီး စူးစမ်းတတ်တဲ့ ဒီမိုကရက် တစ်ယောက်ရဲ့ အမြင်ဆိုတဲ့ အစွမ်းတွေကြောင့်ပဲ သူဟာ ကိုယ့်ရေ ကိုယ့်မြေမှာ မနေခဲ့နိုင်ကြောင်းကိုတော့ သိကြမယ် မထင်ပါဘူး။ ဒီလိုနဲ့ အန်တီဟာ သူ့ဘဝတစ်လျှောက်လုံး မြန်မာ့အရေးကို တွေးတောသယ်ပိုးပြီး ပြည်ပမှာ အထီးကျန်စွာ နေဖြစ်ခဲ့တော့တာပါ။ ကျွန်မစိတ်ထင် စုဟာ အန်တီ့ အပေါ် မိဘတွေကြောင့် ရင်းနှီးကျွမ်းဝင်တာမျိုး မဟုတ်ဘဲနဲ့ အန်တီ့လိုမျိုး အတွေးတူပြီး ခြေရာနင်း ခဲ့တာ ဖြစ်မှာပါ။ စုနဲ့အန်တီဟာ အတော်ကြီး တူခဲ့တာ ချစ်ခင်ခဲ့တာ အဲဒါကြောင့်ပဲ ဖြစ်မယ် ထင်ပါတယ်။

၂ဝဝ၅ ခုနှစ်မှာ ဘာသာပြန်သူ အနေနဲ့ ကြီးကြီး မသန်းဧရှိရာ အောက်စ်ဖို့ဒ်က ဂေဟာကို သွားရောက် လည်ပတ် ဖြစ်ခဲ့ပါတယ်။ အဲဒီအချိန်က သူ့အသက်ဟာ ၉၆ နှစ် ရှိနေပြီဖြစ်ပေမယ့် အားလုံးကို သေချာ မှတ်မိနေပြီး လူတွေက သူ့ကို ဒေါ်ရာသန်းဧလို့ ခေါ်ကြတာကို မကြိုက်ကြောင်း၊ သူ့နာမည်ဟာ အင်္ဂလိပ်လို Dora ဒေါ်ရာနဲ့ မြန်မာလို မသန်းဧ ဖြစ်ပြီး သန်းဧကို Sir name သဘော ဒေါ်ရာနဲ့ တွဲခေါ်ကြတာဟာ မှားယွင်း ကြောင်း အပါအဝင် စကားတွေ အများကြီး ပြောကာ သူ သိမ်းထားတဲ့ ဓာတ်ပုံတွေလည်း အများကြီး ပြခဲ့ပါ တယ်။ ၂ဝဝ၈ ခုနှစ်မှာတော့ ကြီးကြီးဆီ မသွားနိုင်တော့ဘဲ လေဒီ ဂေါရ်ဘုသ်နဲ့သာတွေ့ဖြစ်ပြီး  သူ့အကြောင်း တော့ ပြောဖြစ်ခဲ့ပါတယ်။ တစ်သက်မှာ တစ်ခါတည်း ဆုံဖြစ်ခဲ့ပေမယ့် ဓာတ်ပုံအတူရိုက်ကြဖို့ ပြင်တဲ့အခါ ခေါင်းစည်းနဲ့ပန်းကို အရပြင်ဆင်ခဲ့တဲ့ ကြီးကြီးအေးရဲ့ ပုံရိပ်တွေက ခုထိ လတ်ဆတ်နေဆဲပါ။
                                                               ဆက်လက်ဖော်ပြပါမည်။
                                                                မသီတာ(စမ်းချောင်း)

Tuesday, January 28, 2014

ဒေါ်အောင်ဆန်းစုကြည်အတွက် စာတစ်စောင် (ပထမပိုင်း)

မူရင်း ဂျပန်စာရေးဆရာမ နှင့် ဒေါ်စု

mgnaychi.org မှ ကူးယူ ဖေါ်ပြပါသည်။


ဒေါ်အောင်ဆန်း စုကြည်အတွက် စာတစ်စောင် (၁)

အခန်း (၁)

 အောက်စ်ဖို့ဒ်က စုနဲ့မိုက်ကယ် (၁၉၇၄-၁၉၈၄)
                ကျွန်မက မိုက်ကယ်အဲရစ်ကို လွန်ခဲ့တဲ့ ၃၇ နှစ်က စတွေ့ခဲ့ပါတယ်။ ၁၉၇၄ ခုနှစ် နွေဦးမှာ ကျွန်မက ဗြိတိသျှပြတိုက်ကြီး နောက် ကပ်လျှက်က အရှေ့တိုင်းနဲ့အာဖရိက လေ့လာရေးဌာန (လန်ဒန် တက္ကသိုလ်)မှာ တိဘက်ဘာသာကို လေ့လာခဲ့တဲ့အချိန်ပေါ့။ အဲဒီအချိန်က ကျွန်မရဲ့ ကျန်နေသေးတဲ့ ဘဝအချိန်တွေကို တိဘက်ကျောင်းလေးမှာပဲ ကုန်ဆုံးနေချင်ခဲ့တာပါ။ မိုက်ကယ်နဲ့ ပထမဆုံး စတင်တွေ့ရတဲ့ အခိုက်အတန့်ကတော့ ကျွန်မတို့ရဲ့ စာသင်ခန်းထဲမှာပါပဲ။ တိဘက်ဘာသာကို ကောင်းကောင်း သင်ကြားတတ်တဲ့ မိုက်ကယ့်ကို အဲဒီအချိန်က သူ့နိုင်ငံကို ပိုလွတ်လပ်ခေတ်မီဖို့ တက်ကြွနေတဲ့ အသက် ၂၆ နှစ် အရွယ် ဘူတန်ဘုရင်ကလေးက သီးသန့်ဆရာအဖြစ် ဖိတ်ခံရတဲ့အထိ မိုက်ကယ်က တိဘက်စာ သင်တာ ကောင်းလှပါတယ်။


ကျွန်မက မိုက်ကယ့်ကို မြင်မြင်ချင်းမှာပဲ သဘောကျခဲ့ပါတယ်။ သူက ဆံပင်ရှုပ်ပွပွ၊ ခပ်ကြမ်းကြမ်းတမ်းတမ်းပုံ ဖြစ်နေတဲ့ ဟိမဝန္တာက လူကြီးတစ်ယောက်နဲ့ တူနေခဲ့ပါတယ်။ သူ့ကို တွေ့ရင် ဘယ်သူကမှ ရုပ်ရည်ချောမောသူလို့ မပြောနိုင်ကြပေမယ့် သူ့ရဲ့ သားငယ်လေး ကတော့ “ဒယ်ဒီက ရုပ်ချောတယ်”လို့ အော်အော်ပြီး မိုက်ကယ့်ကို ကာကွယ်ပေးတတ်ပါရဲ့။ တကယ်တော့ သူက စိတ်ထားမကျဉ်းမြောင်းဘဲ မေတ္တာထားတတ်သူမို့ လူတွေက သူနဲ့ ဆက်ဆံရတာ သိပ်စိတ်အေးချမ်းရပါတယ်။ သူဟာ ဝိနည်းကို လိုက်နာလွန်းတဲ့ လူဖြူ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတစ်ပါးနဲ့ တူနေတာပါ။ သူက ဘောင်းဘီမှာ ချည်ကျော် အပေါက်လေးဖြစ်ပြီး ပေါင်သားအချို့ပေါ်ကာ အေးနေရင်တောင် ဂရုမစိုက်တဲ့အထိ ရုပ်ဝတ္ထုအပေါ် မခင်တွယ်သူပေါ့။ ကျွန်မကို တွေ့တွေ့ချင်း နှုတ်ဆက်တော့ “ကျွန်တော့်ဇနီးက မြန်မာပါ”လို့ မျက်လုံးတွေ အရောင်လက်စွာ ပြောခဲ့ပါတယ်။ အဲဒီတိုတောင်းတဲ့ တွေ့ဆုံမှုကလေး ဟာ နောင်နှစ်ပေါင်းသုံးဆယ်ကျော် အဓွန့်ရှည်လိမ့်မယ်လို့တော့ ကျွန်မ က မမျှော်လင့်ခဲ့ပါဘူး။

၁၉၇၅ ခုနှစ် နွေရာသီရောက်တော့ ကျွန်မအမျိုးသားက လန်ဒန် စီးပွားရေးတက္ကသိုလ်ရဲ့ သုတေသနဌာနကနေ အောက်စ်ဖို့ဒ်က စိန့်အန်ထော်နီကောလိပ်ကို ပြောင်းရတဲ့အတွက် ကျွန်မတို့လည်း လန်ဒန်ကနေ အောက်စ်ဖို့ဒ်ကို ပြောင်းရွှေ့ခဲ့ကြပါတယ်။ ကျွန်မတို့က ဝုဒ် စတော့ခ်လမ်းမှာ ရှိတဲ့ အိမ်တစ်အိမ်ရဲ့ အပေါ်ထပ်မှာ ငှားနေခဲ့ပါတယ်။ ကျွန်မကတော့ လန်ဒန်ကို အောက်စ်ဖို့ဒ်ကနေ ရထားနဲ့ မြေအောက်ရထားတွေ စီးပြီး ကျောင်းတက်ဆဲပါပဲ။

အောက်စ်ဖို့ဒ်က ပြောင်းဖူးဈေးလမ်းနဲ့ သဘောင်္လမ်း ဆုံရာ ထောင့်မှာ ပုံပြင်ထဲမှာ တွေ့ရတတ်တဲ့ သစ်သားအိမ်ကလေး တစ်လုံး ရှိပါတယ်။ အဲဒီအိမ်ကလေးက ငွေအကြွေစေ့ သုံးရတဲ့ အဝတ်လျှော်စက်တွေ ရှိရာနေရာပေါ့။ အဲဒီကနေ လျှော်ပြီးသားအဝတ်ထုပ်ကြီး ပခုံးပေါ်တင်ပြီး ထွက်လာတတ်တာကတော့ မိုက်ကယ်ပါပဲ။ အဲဒီမှာ ကျွန်မနဲ့မိုက်ကယ် ဒုတိယအကြိမ် ပြန်တွေ့တာပါ။

ခဏလောက် နှုတ်ဆက်ပြီးတော့ နောင်မှာ တွေ့ကြရအောင်လို့ဆိုကာ လမ်းခွဲခဲ့ကြတာပါ။
နောက်အပတ်မှာတော့ ကျွန်မတို့ဇနီးမောင်နှံက ဟာလီဖစ်စ်အိမ်ရှိရာ ကလပ်ကို လာဖို့ မိုက်ကယ်နဲ့သူ့မိသားစုကို ဖိတ်ခဲ့ပါတယ်။ နက်မှောင်တဲ့ ဆံပင်အထူကြီးကို စည်းနှောင်ထားတဲ့ အမျိုးသမီးတစ်ယောက်က ကလေးထိုင် လက်တွန်းလှည်းလေးကို တွန်းပြီး ကလပ်ထဲကို ဝင်လာပါတယ်။ သူ့ရဲ့အလှအပနဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ အသင့်ဖြစ်နေတဲ့အသွင် ခါးမတ်မတ်ကို သတိထားမိတဲ့ အဲဒီခဏ မှာပဲ ကျွန်မက အသက်မရှုမိခဲ့ပါဘူး။ သူ့နောက်မှာတော့ ကျွန်မနဲ့ ဆုံခဲ့ ဖူးတုန်းက ပါလာတဲ့ အဝတ်အိတ်ကြီးကို အရင်ကလိုပဲ ပခုံးပေါ်တင်ကာ လျှောက်လာတဲ့၊ ဂျပန်သူကြွယ် နတ်ဘုရားတစ်ပါးလို ပြုံးနေတဲ့ မိုက် ကယ်ပေါ့။

ဖြစ်ချင်တော့ မိုက်ကယ်ကလည်း သူ့မိသားစုနဲ့အတူ အောက်စ် ဖို့ဒ်ကို ပြောင်းလာခဲ့ပါပြီ။ သူတို့က အောက်စ်ဖို့ဒ်ရဲ့ အရှေ့တောင်ပိုင်းက ဆန်းနင်းဝဲလ်ရွာလေးက လယ်တောအိမ်လေးတစ်လုံးမှာ ငှားနေကြပါ တယ်။ အဲဒီမှာ တခြားလယ်တောအိမ်လေး နည်းနည်းပါးပါးနဲ့ ဆိုင်လေး တစ်ဆိုင် ရှိပါတယ်။ ဒီတော့ သူတို့က အောက်စ် ဖို့ဒ်မြို့လည်ကို ဈေး ဝယ်ဖို့နဲ့ အဝတ်လျှော်ဖို့ သွားကြရတာပေါ့။ သူတို့ရဲ့ အိမ်နီးနားချင်းတွေ မှာ ကားရှိကြပေမယ့် စုနဲ့မိုက်ကယ်က သဘာဝ ပတ်ဝန်းကျင် ထိမ်းသိမ်း လိုသူတွေ ဖြစ်ကြသလို မိုက်ကယ်က စက်နဲ့ ပတ်သက်ရင် ဘာမှ မကျွမ်းကျင်သူလေ။ ဒီတော့ သူတို့ရဲ့ တစ်ခုတည်းသော အားကိုးရာ လမ်းပန်းဆက်သွယ်ရေးယာဉ်ကတော့ နေ့စဉ်ပြေးဆွဲပေးနေတဲ့ ဘတ်စ်ကားတွေပါပဲ။

နေ့စဉ်လိုသမျှတွေ ဝယ်ခြမ်းဖို့အတွက် မြို့လယ်ကို သွားရတာက ထုံးစံပါ။ ဒါပေမယ့် ဘာလို့ အဝတ်လျှော်ဖို့ မြို့လယ်အထိ သွားရမှာပါလိမ့်။ အင်္ဂလိပ်အိမ်တွေဟာ ဒေသတစ်ခုလုံးအတွက် စီမံကိန်းကြီး ချပြီးမှ ဆောက်ထားတာဆိုတော့ ရှေးဟောင်းသမိုင်းဝင်အိမ်တွေအဖြစ် ကြည့်လို့တော့ ကောင်းပါရဲ့။ ဒါပေမယ့် နေတဲ့လူတွေအတွက် ကတော့ အဆင်မပြေလှပါဘူး။ အိမ်အများစုမှာ အိမ်သာနဲ့ ရေချိုးခန်းဆိုတာ အပေါ်ထပ်မှာပဲ ရှိနေပြီး ရေဆိုးထုတ်စနစ် ပြသနာကြောင့် မိသားစုသုံး အဝတ်လျှော်စက်တွေအတွက် ထားစရာနေရာ ခက်ခဲပါတယ်။ အဲဒီအချိန်က ကမ္ဘာ့နိုင်ငံ အတော်များများမှာ မိသားစုသုံး အဝတ်လျှော်စက်တွေ က တွင်ကျယ်နေပြီးသားပါ။ အိမ်ရှင်မတွေအတွက်လည်း အဝတ်လျှော်စက်ဆိုတာ အဖိုးတန်လွန်းတဲ့ ရတနာတစ်ပါးလို ဖြစ်ပါရဲ့။ ခက်တာက ငွေအကြွေသုံး အဝတ်လျှော်စက်လုပ်ငန်းကိုလည်း ရည်ရွယ်ချက်ရှိရှိ ထူထောင်ထားတာကိုး။ (အခုဆို ဒီလုပ်ငန်းက စီးပွားဖြစ်လုပ်ငန်းကြီးကို ဖြစ်လို့ပါပဲ)

ဒီလိုနဲ့ မြို့လယ်လမ်းထောင့် တစ်နေရာရာမှာ ရှိနေမှာ သေချာတဲ့ ငွေအကြွေသုံး အဝတ်လျှော်စက်တွေကို အားကိုးခဲ့ရပါတယ်။ အခုတော့ အဲဒီဆိုင်လေးက မျက်မှန်ဆိုင် ဖြစ်ခဲ့သလို နောက်ဆုံးတော့ အိုင်ဖုန်းအရောင်းဆိုင် ဖြစ်နေပါပြီ။ ဘာပဲဖြစ်ဖြစ် မိုက်ကယ်နဲ့ တွေ့ဆုံဖြစ်တဲ့အတွက် အဲဒီအဝတ်လျှော်ဆိုင်လေးက အမှတ်တရပါပဲ။ အဲဒီတွေ့ဆုံမှုလေးကနေ အခုအချိန်ထိ မိုက်ကယ်၊ စုနဲ့သားနှစ်ယောက်ကို စိတ်ဝိဥာဉ်ချင်း ထိတွေ့နေဖြစ်တာ မဟုတ်ပါလား။
ဆက်လက်ဖော်ပြပါမည်။
မသီတာ(စမ်းချောင်း)