Thursday, February 13, 2014

ဝန်ကြီးတစ်ပါးပြောင်းတိုင်း ပညာရေး စနစ်တစ်မျိုး စမ်းသပ်မှု


သိပံ္ပနှင့်နည်းပညာ ၀န်ကြီးဌာနတွင် သုံးနှစ်အတွင်း ၀န်ကြီးသုံးပါးပြောင်းခဲ့ပြီဖြစ်ရာ ထိုဌာန၏ ပညာရေး စနစ်ကိုလည်း တစ်မျိုးစီ စမ်းသပ်ဆောင်ရွက်ခဲ့သောကြောင့် ကျောင်းသားများ နစ်နာလျက်ရှိသည်ဟု ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြည်ထောင်စုအစိုးရကို ဖေဖော်ဝါရီ ၁၁ ရက် ပြည်သူ့ လွှတ်တော် အစည်းအဝေး၌ ထောက်ပြပြောကြားခဲ့သည်။

“၀န်ကြီးတစ်ပါးပြောင်းတိုင်း ပညာရေးစနစ်ကို တစ်မျိုးစီစမ်းသပ်ပြီးတော့ဆောင်ရွက်ခဲ့တဲ့အတွက် ကျောင်းသားတွေ အင်မတန် နစ်နာပါတယ်။ ၀န်ကြီးတစ်ပါး ပြောင်းရင်လုပ်လေ့ရှိတဲ့ အကျိုးဆက်ကို ကျောင်းသားတွေက ဒဏ်ခံနေရတဲ့အဖြစ်မျိုး နောက်မဖြစ်စေချင်တော့ဘူး” ဟု သင်္ဃန်းကျွန်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌမှတစ်ဆင့် အစိုးရအဖွဲ့သို့ မေးခွန်းထုတ်ရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

၂၀၁၁-၁၂ စာသင်နှစ်တွင် အဆင့်မြင့် ပညာရေးမြှင့်တင်မည်ဟူသော အကြောင်းပြချက်ဖြင့် B.Tech နှင့် B.E. ပေါင်း စာမေးပွဲများကို တင်းကျပ်စွာ စစ်ဆေးခဲ့သောကြောင့် ထောင်ပေါင်းများစွာသောကျောင်းသား များအနက် အနည်းငယ်သာ အောင်မြင်ခဲ့ခြင်း၊ ၂၀၁၃ ခုနှစ် ၀န်ကြီးအသစ်တစ်ဦး ထပ်ပြောင်းချိန်တွင် စနစ်သစ်တစ်မျိုးဖြင့် စစ်ဆေးခဲ့ပြန်၍ အောင်ချက်များကောင်းခဲ့ခြင်းတို့ကြောင့် စာသင်နှစ် ရှေ့နှစ်နှင့် နောက်နှစ် ကျောင်းသားများအကြား တန်းတူ အခွင့်အရေးမရခဲ့ခြင်းတို့ကို ရည်ညွှန်းလျက် ဝေဖန်ထောက် ပြခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် ယခုလာမည့် ၂၀၁၄တွင် B.Tech နှင့် B.E. ဘွဲ့သင်တန်းများအတွက် ၀င်ခွင့်စာမေးပွဲများ ပြု လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ၊ အစီအစဉ်ရှိလျှင် ၀င်ခွင့်စာမေးပွဲအတွက် သတ်မှတ်ထားသော အချိန်နှင့် လိုက်လျောညီထွေရှိသည့် သင်ခန်းစာများကို လေ့လာခွင့်ပေးမည်လား၊ ၀င်ခွင့်စာမေးပွဲအောင်မြင်ပါက လက်ရှိ ပြောင်းလဲထားသောB.Tech အတွက် လေးနှစ် B.E. အတွက် နှစ်နှစ်၊ ပေါင်း ခြောက်နှစ် ပညာ ရေးစနစ်တွင် အကျုံးဝင်မည်လား သို့မဟုတ် ယခင်ပညာရေးစနစ်တွင် အကျုံးဝင်မည်လားဟူသော မေးခွန်းများနှင့် B.E. , B.Tech သင်တန်းအတွက် ပြင်ဆင်မှုရရှိရန် အချိန်စောပြီး ကြိုတင်ကြေညာပေးရန် အစီအစဉ်ရှိမရှိ ဟူသည့် မေးခွန်းတို့ကို အစိုးရအဖွဲ့သို့ မေးမြန်းခဲ့သည်။

အဆိုပါ မေးခွန်းများကို သက်ဆိုင်ရာ သိပံ္ပနှင့် နည်းပညာဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဒေါက်တာ အောင် ကျော်မြတ်က အင်ဂျင်နီယာပညာရေးစနစ်သည် ကြေညာထားပြီးဖြစ်သော ယခင်သင်ကြားနေသည့် ပညာရေးစနစ် သတ်မှတ်ချက်များအတိုင်းသာဖြစ်ပြီး ပြောင်းလဲမှု တစ်စုံတစ်ရာမရှိပါဟု ငြင်းဆိုခဲ့သော် လည်း ဦးသိန်းညွန့်၏ မေးခွန်းများနှင့်ပတ်သက်၍ ပြန်လည် ဖြေကြားခဲ့သည်။

“A.G.T.I. နှစ်နှစ်တက်ပြီး နောက်ဆုံးစာမေးပွဲမှာ အရည်အချင်းမီပါက B.E. ဆက်တက်ခွင့် ရကြပါတယ်၊ သတ်မှတ် အရည်အချင်းမမီလို့ ၀င်ခွင့်မရသူတွေကို အခွင့်အရေးပေးတဲ့အနေနဲ့ B.E. , B.Tech ၀င်ခွင့် စာမေးပွဲတွေ ထပ်ဖြေခွင့်ကို ၂၀၀၇ မှာ တစ်ကြိမ်၊ ၂၀၁၁ မှာ တစ်ကြိမ် စာမေး ပွဲစစ်ပေးခဲ့ပါတယ်။ အခု ၂၀၁၄ မှာ ၀င်ခွင့်အောင်သူတွေကို လာမည့် ပညာသင်နှစ်မှာ တက်ခွင့်ပေးဖို့ အစီအစဉ်ရှိပါတယ်” ဟု ဖြေကြားခဲ့ခြင်း ဖြစ်သည်။

လက်ရှိဝင်ခွင့်စာမေးပွဲသည် ယခင် ၀င်ခွင့်စာမေးပွဲများနည်းတူ အင်္ဂလိပ်စာနှင့် ယခင်သင်ကြားပြီးစီးပြီး ဖြစ်သော သက်ဆိုင်ရာ ဘာသာရပ်၊ ပေါင်းနှစ်ဘာသာ ဖြေဆိုရမည်ဖြစ်ရာ ၀င်ခွင့်စာမေးပွဲ ကျင်းပမည်ဖြစ်ကြောင်း ကြေညာချိန်မှစ၍ သင်ခန်းစာများ လေ့လာချိန် လေးလရမည်ဖြစ်ကြောင်းနှင့် လုံလောက်သော အချိန် ဖြစ်ကြောင်းလည်း ၀န်ကြီးက ထည့်သွင်းဖြေကြားခဲ့သည်။

စိုးသန်းလင်း၊ ဉာဏ်လှိုင်လင်း
Mizzima - News in Burmese

No comments:

Post a Comment

Please Something say