သမ္မတဦးသိန်းစိန် အစိုးရအဖွဲ့မှ ၀န်ကြီးအချို့ ရာထူးနှင့် မလိုက်ဖက်သော 
စကားလုံး အသုံးအနှုန်းများ ပြောဆိုနေခြင်းသည် ပြည်သူများအတွက် 
ထူးဆန်းသည့်ဖြစ်ရပ် မဟုတ်တော့ပါ။ အစိုးရ သစ်တက်ပြီးမကြာမီ သူ့ထက်ငါ 
အလုအယက်ဖြင့် အံသြမကုန်ဖွယ်စကားများကို ၀န်ကြီးအချို့ပြောခဲ့သည်။ 
ပြောဆဲလည်းဖြစ်သည်။ သို့သော် ထပ်တလဲလဲထွက်ပေါ်လာသည့် သံတမန်မဆန်သော 
စကားလုံးများအတွက် မည်သူ့ထံတွင်တာဝန်ရှိ သလဲမေးခွန်းက 
နယ်လှည့်ပါးရိုက်ရဲသည်ဟု စိန်ခေါ်ပြောကြားခဲ့သော ၀န်ကြီးဦးအုန်းမြင့်၏ 
ပြောစကားများ ထွက်ပေါ်လာချိန်တွင် ပြည်သူများ အသိချင်ဆုံး 
မေးခွန်းဖြစ်လာပါသည်။
မေးခွန်း၏အဖြေကို ၀န်ကြီးများရွေးချယ်ခန့်အပ်ထားသည့် 
သမ္မတဦးသိန်းစိန်လည်းမဖြေသေး။ ကာယကံရှင်ဝန်ကြီးများကိုယ်တိုင်လည်း 
လူသိရှင်ကြားမဖြေရှင်းသေးပေ။ ပို၍ဆိုးရွားသည်မှာ ၀န်ကြီးတစ်ဦး၏ 
နှုတ်ဖြင့်ရမ်းကားမှုကို အခြားဝန်ကြီးများကပါ 
ဝိုင်းဝန်းဖုံးဖိကာကွယ်နေခြင်းဖြစ်သည်။ ယင်းလုပ်ရပ်က လက်ရှိအစိုးရ၏ 
အုပ်ချုပ်ရေးယန္တရားနှင့် ဒီမိုကရေစီစနစ်ဖော်ဆောင်မှုအပေါ် 
သံသယပွားလာစေကြောင်း နိုင်ငံရေးသမားများနှင့် လွှတ်တော်အသိုင်းအ၀ိုင်းအပြင် 
အရပ်သားအချို့ကပါ ဝေဖန်လာကြသည်။
သမ္မတက ခေါ်ယူသတိပေးရုံသာပြုလုပ်ခဲ့ပြီး ချက်ချင်းအရေးမယူခြင်း၏ 
နောက်ဆက်တွဲရလဒ်က ယင်းဝန်ကြီးများကို 
မည်သူတွေကျောထောက်နောက်ခံပြုနေသလဲဆိုသည့် သံသယကိုပိုမိုကြီးထွားလာစေသည်။
ပြည်သူကို ထမင်းတစ်နပ်သာလျှော့စားခိုင်းသော လယ်ယာစိုက်ပျိုးရေးနှင့် 
ဆည်မြောင်းဝန်ကြီးဌာန ဦးမြင့်လှိုင်ဆိုလျှင် ယခင် စစ်အစိုးရအကြီးအကဲဟောင်း 
ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေး၏လူရင်းဖြစ်ပြီး 
ယခုနယ်လှည့်ပါးရိုက်မည်ဆိုသည့် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် 
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၀န်ကြီး၊ယခင်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး
 ဗိုလ်ချုပ်အုန်းမြင့်မှာလည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏လူရင်းဖြစ်ပြီး 
စစ်ခေါင်းဆောင်အဖြစ်မှ ဆင်းသက်လာသော ဗိုလ်ချုပ်ကြီးတစ်ဖြစ်လဲ 
သမ္မတဦးသိန်းစိန်က အရေးယူရန်နှောင့်နှေးနေကြောင်း ဝေဖန်မှုများရှိလာခဲ့သည်။ 
ယင်းနှင့်ပတ်သက်၍ သမ္မတ၏ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က 
တစ်စုံတစ်ရာမှတ်ချက်မပေးလိုကြောင်း၊ မဖြေကြားလိုကြောင်း 
၎င်း၏အီးမေးလ်မှတစ်ဆင့် ဖြေကြားခဲ့သည်။
စိတ်နောက်ကိုယ်ပါပြောဆိုခြင်းအတွက် ကာယကံရှင်ဝန်ကြီးများတွင် 
နံပါတ်တစ်တာဝန်ရှိပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၂(ခ)အရ 
ပြည်ထောင်စုဝန်ကြီးများကို သမ္မတက ခန့်အပ်ခြင်းဖြစ်၍ 
သမ္မတတွင်တာဝန်ရှိကြောင်း နိုင်ငံရေးဆောင်းပါးများရေးသားသူ 
ဒေါက်တာရန်မျိုးသိမ်းကပြောသည်။
ထို့အပြင် ယခုနှုတ်ကြမ်းသည့် ၀န်ကြီးများသည် စစ်သားလူထွက်ဖြစ်၍ 
ပါးစပ်ဝသီပါနေခြင်းဟု အစိုးရအဖွဲ့က ခုခံပြောကြားနေခြင်းက ရေရှည်တွင် 
အရပ်ဘက်နှင့် စစ်ဘက် ယုံကြည်မှုတည်ဆောက်ရေးကို ထိခိုက်နိုင်ကြောင်း 
၎င်းကထောက်ပြသည်။
“စစ်သားလူထွက်တွေမို့ အကျင့်ပါနေလို့ ဒီလိုပြောတာပါလို့ အစိုးရဘက်က 
ခုခံပြောကြားတာဟာ အခြေအမြစ်မရှိပါဘူး။ စစ်တပ်အပါအ၀င် အဖွဲ့အစည်းတိုင်းမှာ 
ကောင်းတဲ့သူ၊ဆိုးတဲ့သူတွေ ဒွန်တွဲရှိနေတာပါ။ အဲဒီလို ခုခံတာဟာ အရပ်ဘက်နဲ့ 
စစ်ဘက် ယုံကြည်မှုတည်ဆောက်ရေးကို ထိခိုက်နိုင်တဲ့အထိ ဖြစ်နိုင်ပါတယ်”ဟု 
ဒေါက်တာရန်မျိုးသိမ်းကပြောကြားသည်။
“ကိုယ့်စကားကိုယ်တာဝန်မယူတဲ့သူတွေကို အယုံအကြည်မရှိပါဘူး။ သူတို့ 
ပြုပြင်ပြောင်းလဲတယ်ဆိုတာ ပါးစပ်ဖျားမှာပဲရှိတာကို ကျွန်တော်တို့ 
ဦးအုန်းမြင့်အကြောင်း စာစောင်တွေမှာဖတ်ပြီးကတည်းက ပိုသိလာပါတယ်။ 
ကျွန်တော်တို့ နေ့တိုင်းရှာဖွေစားသောက်နေရတာ အခုထိ မော်တော်ပီကယ်ကို 
ကြောက်နေရတုန်းပါ။ အခု ကျွန်တော်တို့ ဘယ်သူ့ကိုထောက်ခံရမလဲ၊ အားပေးရမလဲ 
သဲကွဲသွားတာပေါ့”ဟု အသက်(၃၁)နှစ်အရွယ် တက္ကစီယာဉ်မောင်း 
ကိုတေဇကျော်ကပြောသည်။
မြန်မာပြည်သို့ ပထမဆုံးအကြိမ်လာရောက်ပြီး သမ္မတဦးသိန်းစိန်နှင့် 
အစိုးရအဖွဲ့ဝင်များကို တွေ့ဆုံသွားသည့် 
လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ကလည်း မြန်မာအစိုးရအဖွဲ့အတွင်း 
ဒီမိုကရေစီလိုလားသူနှင့် မလိုလားသူတို့ နှစ်ခြမ်းကွဲနေကြောင်း 
ပြောကြားခဲ့သည်။
အစိုးရအဖွဲ့တွင်း သူလူကိုယ့်လူ ဂိုဏ်းကွဲနေခြင်းကြောင့် ၀န်ကြီးတစ်ဦး၏ 
ပြောမှားဆိုမှားဖြစ်ပါက ကိုယ့်လူပဲ့ထွက်မသွားစေရန် 
အစွမ်းကုန်ဖုံးဖိအားပေးနေသည်ဟု တထစ်ချပြောဖို့တော့ခက်ကြောင်း၊ သို့သော် 
လက်ရှိအစိုးရတာဝန်ရှိသူအများစုမှာ ခေတ်ဆိုးကြီးထဲတွင် ကျင်လည်ခဲ့ကြပြီး 
ခေါင်းဆောင်ဟောင်းများ၏ သြဇာအနည်းနှင့် အများ တစ်နည်းနည်းသက်ရောက်နေမှာ 
သေချာကြောင်း ယခင်စစ်အစိုးရခေါင်းဆောင်အချို့နှင့် 
ထဲထဲဝင်ဝင်ရင်းနှီးကျွမ်းဝင်ခဲ့သူ သက်ခိုင်အတ္ထုပ္ပတ္တိကို ရေးသားခဲ့သည့် 
စာရေးဆရာမင်းဒင်က ပြောကြားသည်။
“တချို့တာဝန်ရှိသူတွေဟာ စကားလုံးရွေးချယ်မှုမှားယွင်းတာ၊ ခံစားမှုကို 
ပုံဖော်ချက်မှားယွင်းတာ၊ မီဒီယာရဲ့ထိရောက်မှုကို သတိမပြုမိတာတွေကြောင့် 
ပွဲဆူတာတွေလည်း တွေ့ရပါတယ်။ စေတနာမှန်မမှန်၊ သွေးရိုးသားရိုးဟုတ်မဟုတ် 
သေချာဆန်းစစ်ဖို့လိုပါမယ်။ ရန်ကုန်တိုင်းဝန်ကြီးချုပ်ရဲ့ ပြည်သူတွေကို 
အလိုလိုက်မိလို့တိုင်း ပြည်ဆင်းရဲတာဆိုတာမျိုး၊ 
ဝန်ကြီးဦးအုန်းမြင့်ရဲ့ပါးရိုက်နားရိုက်ရဲတယ်ဆိုတဲ့ အပြောမျိုးကတော့ 
ဧရာမအလွဲအမှားကြီးတွေပါပဲ”ဟု ၎င်းကဆက်ပြောသည်။
မြန်မာနိုင်ငံတွင် မကြာမီ ၂၀၁၅ အထွေထွေရွေးကောက်ပွဲကို 
ကျင်းပတော့မည်ဖြစ်သည်။ ရွေးကောက်ပွဲအကြို ၂၀၁၄ တစ်နှစ်လုံးတွင် 
မြန်မာ့နိုင်ငံရေးသည် စိတ်ဝင်စားစရာများဖြင့် ပြည့်နှက်နေသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေလေ့လာသုံးသပ်ရေးကော်မရှင်၏ အစီရင်ခံစာကို 
အာရုံစိုက်၍မဆုံးမီ လွှတ်တော်ကိုယ်စားလှယ်ဦးအောင်သိန်းလင်း တင်သွင်းလာသော 
ပုဒ်မ ၅၉(စ)ကို လူတစ်သိန်းကျော်က လက်မှတ်ထိုးပြီး မပြင်လိုကြောင်း 
အစီရင်ခံစာကြီး ထွက်ပေါ်လာသည်။
ဦးအောင်သိန်းလင်းကိုတုံ့ပြန်ရန် နိုင်ငံရေးအင်အားစုတို့ လှုပ်ရှားချိန်တွင်
 မလေးရှားတွင် ရခိုင်ပါတီခေါင်းဆောင်အချို့ သေနတ်ပစ်ခတ်လုပ်ကြံခံရသည်။ 
မလေးရှားရောက် မြန်မာအရေးဆောင်ရွက်နေသည့် ကိုအောင်ကြီး(၈၈ 
မျိုးဆက်)အသတ်ခံလိုက်ရသည်။ ရွေးကောက်ပွဲနီးလာသည်နှင့်အမျှ 
နိုင်ငံရေးလှည့်ကွက်များစွာကို အစိုးရကအသုံးချလာမည်ကိုစိုးရိမ်ကြောင်း 
နိုင်ငံရေးအကျဉ်းသားဟောင်း ဦးဇာဂနာကပြောသည်။
“ကျွန်တော်တို့ကို အာရုံထွေပြားအောင်များလုပ်နေသလားလို့ တွေးမိပါတယ်။ 
ဒီရက်ပိုင်းဖြစ်ရပ်တွေက စိပ်လွန်းလို့ ဘယ်နောက်ကိုလိုက်ပြီး 
ဘာကိုအရင်ကိုင်တွယ်ရမလဲဆိုတာ မသိဘူးဖြစ်နေတယ်။ 
ဒီလိုအကွက်တွေရွှေ့နေတယ်လို့ပြောမိလို့ သမ္မတနားကလူတွေက 
ကျွန်တော့်ကိုကြုံရင်ကြုံသလို ကျွန်တော်တို့ ဘာအကွက်မှမရွှေ့ပါဘူးလို့တောင် 
တွေ့တိုင်းပြောလာကြတယ်”ဟု ၎င်းကပြောသည်။
လက်ရှိအစိုးရအဖွဲ့အတွင်း သမ္မတဦးသိန်းစိန်မှစ၍ ၀န်ကြီးအတော်များများမှာ 
ယခင်အစိုးရအကြီးအကဲဟောင်း ဗိုလ်ချုပ်မှူးကြီးနှင့် 
ကင်းရှင်းသူမရှိခြင်းကြောင့်
အစိုးရဟောင်း၏ သြဇာလွှမ်းမိုးမှုရှိနိုင်ကြောင်းလည်း ၎င်းကဆိုသည်။
မဆင်မခြင်ပြောဆိုသည့် ၀န်ကြီးအားလုံးကို သမ္မတက အရေးမယူဟုဆိုသော်လည်း 
မြစ်ဆုံကိစ္စတွင် မပြောသင့်သည့်စကားများပြောခဲ့သည့်အတွက် 
လျှပ်စစ်ဝန်ကြီးဌာန၀န်ကြီးဦးဇော်မင်းကို အရေးယူဖူးသည့်သာဓကကိုလည်း 
ထည့်တွက်ရမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းကဆိုသည်။
နိုင်ငံတကာတွင် မကြာသေးမီက အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီးက 
တယ်လီဖုန်းထဲတွင် ဥရောပသမဂ္ဂကို Fuck The EU ဟု 
သုံးနှုန်းပြောဆိုသည့်သတင်းကို ပြန်ကြားရေးဒုဝန်ကြီးဦးရဲထွဋ်က 
၎င်း၏ဖေ့စ်ဘွတ်ခ်စာမျက်နှာမှတစ်ဆင့် ဖြန့်ဝေခဲ့သည်။
Fuck ဆိုတာ သူတို့ယဉ်ကျေးမှုအရ ဆဲတယ်လို့တောင် သုံးလို့မရပါဘူး။ ဒီကနေ့ 
နိုင်ငံခြားဟစ်ဟော့ပ်သီချင်းတိုင်း အဲဒီစကားလုံးမပါတာတောင် မရှိသလောက်ပါပဲ။
 ပြီးတော့ နှိုင်းယှဉ်ပြောရရင် အမေရိကန်က သူ့ပြည်သူကို Fuck လို့ 
သုံးနှုန်းတာမဟုတ်ပါဘူး။ EU ကိုသာ သုံးနှုန်းတာ။ ဦးအုန်းမြင့်ကတော့ 
ကိုယ့်မြန်မာပြည်သူတွေ၊ သူ့ကိုရွေးကောက်တင်မြှောက်ထားပါတယ်ဆိုတဲ့ 
ပြည်သူတွေကို ပါးရိုက်မယ်လို့ပြောသွားတာပါ”ဟု ဇာဂနာကပြောကြားသည်။
ကုလသမဂ္ဂညီလာခံကျင်းပစဉ်တစ်ကြိမ်တွင် ရုရှားမှခေါင်းဆောင်က 
သူ၏ဖိနပ်ကိုချွတ်၍ အစည်းအဝေးခုံကိုခေါက်ခဲ့ပြီး မကျေနပ်မှုကို 
ဖော်ပြခဲ့ခြင်းလောက်သာ
အရိုင်းဆုံးဥပမာအဖြစ် ကြုံတွေ့ခဲ့ရပြီး မြန်မာပြည်မှဝန်ကြီးများလို 
ပြည်သူကို လက်အောက်ငယ်သားအခိုင်းအစေသဖွယ် သဘောထားပြီး 
ကြိမ်းမောင်းပြောဆိုမှုမျိုး မကြားဖူးခဲ့ကြောင်း ၎င်းကဆိုသည်။
စကားပြောမှားလျှင် ဒုက္ခရောက်တတ်ကြောင်း 
ဗြိတိန်ဝန်ကြီးချုပ်ဟောင်းဂေါ်ဒွန်ဘရောင်း၏ဖြစ်စဉ်က 
နမူနာကောင်းတစ်ခုဖြစ်သည်။ ဒုတိယသက်တမ်းအတွက် 
ရွေးကောက်ပွဲဝင်ရန်ပြင်ဆင်နေသော ဂေါ်ဒွန်ဘရောင်းတစ်ယောက် ၂၀၁၀ 
ဧပြီလကုန်ပိုင်းက မဲဆွယ်စည်းရုံးရေးခရီးစဉ်တစ်ခုတွင် 
မဲဆန္ဒရှင်တစ်ဦးဖြစ်သော အသက်(၆၆)နှစ်အရွယ် မစ္စဂီလီယန်ဒက်ဖီနှင့်တွေ့ဆုံကာ 
၎င်းပြောသောစကားများ၊ အကြံပြုချက်များကို မီဒီယာများရှေ့တွင် 
တလေးတစားနားထောင်သည်။ ဖက်လှဲတကင်းနှုတ်ဆက်၍ ခင်ဗျားက 
အလွန်တော်တဲ့အမျိုးသမီးပါဟု ချီးကျူးသည်။
တွေ့ဆုံမှုအပြီး ကားပေါ်အရောက်တွင်တော့ ၎င်းနှင့်တွေ့ဆုံရန်စီစဉ်သူကို 
အပြစ်တင်ပြီး “ဒီအမျိုးသမီးကြီးက တစ်ယူသန်မကြီး”ဟု စိတ်ထဲရှိသည့်အတိုင်း 
ပြောချလိုက်သည်။ကံဆိုးချင်တော့ ၀န်ကြီးချုပ်ရင်ဘတ်တွင် 
မိုက်ကရိုဖုန်းမချွတ်ရသေး၍ မီဒီယာအပါအ၀င် အားလုံးသိသွားတော့သည်။ 
စကားမှားယွင်းမှုကို ဂေါ်ဒွန်ဘရောင်းတစ်ယောက် နာရီပိုင်းအတွင်း 
ပြန်တောင်းပန်သော်လည်း အချိန်မမီတော့ပါ။
ဝန်ကြီးချုပ်၏အဇ္ဈတ္တကို ထိုဖြစ်စဉ်က လှစ်ဟပြလိုက်ပြီး မီဒီယာများတွင် 
အကြီးအကျယ်ဝေဖန်ခံလိုက်ရသလို ပြည်သူများ၏ ထောက်ခံမှုလျော့ကျကာ 
ထိုရွေးကောက်ပွဲတွင် ဂေါ်ဒွန်ဘရောင်း ရှုံးခဲ့ပါသည်။
၂၀၁၅ ရွေးကောက်ပွဲသည် အမှန်တကယ် လွတ်လပ်ပြီးတရားမျှတခဲ့ပါက 
ဦးအုန်းမြင့်အပါအ၀င် ပြည်သူကိုကြိမ်းမောင်းသူ ၀န်ကြီးအချို့ 
ဒလိမ့်ခေါက်ကွေးကျဆုံးသွားကြမည်သာဖြစ်ကြောင်း စာရေးဆရာမင်းဒင်ကဆိုသည်။
“သွေးရိုးသားရိုးရွေးကောက်ပွဲဆိုရင် ဘယ်ပြည်သူက ကိုယ့်လည်ပင်းကိုယ် 
ကြိုးကွင်းစွပ်မိအောင် ဒီဝန်ကြီးမျိုးတွေကို မဲပေးပါ့မတုံးဗျာ။ 
ဒီလိုဝန်ကြီးတွေရဲ့ အသိဉာဏ်အဆင့်မျိုးနဲ့ တိုင်းပြည်ကို ဆင်းရဲတွင်းကနေ 
ဘယ်လိုဆွဲတင်နိုင်မှာတုံး။ ရှင်းပါတယ်”ဟု ၎င်းကဆိုသည်။
သမ္မတဦးသိန်းစိန်က ကျန်ရှိသည့်အစိုးရသက်တမ်းတွင် ပြည်သူ့လိုအင်နှင့်အသံကို 
နားထောင်ပြီး ဆက်လက်လုပ်ကိုင်မည်ဟု ကတိပေးပြောကြားသည်။ 
ဒီမိုကရေစီနည်းလမ်းတကျ ရွေးကောက်ထားသည့် ကျွန်တော်တို့အစိုးရဟု သမ္မတက 
မကြာခဏသုံးနှုန်းပြောဆိုသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ(၄)တွင် 
နိုင်ငံတော်၏အချုပ်အခြာအာဏာသည် နိုင်ငံသားများထံမှဆင်းသက်ပြီး 
နိုင်ငံတော်တစ်ဝန်းလုံးတွင်တည်သည်ဟု ပြဋ္ဌာန်းထားသည်။
အပြောနှင့်အလုပ် တစ်ထပ်တည်းကျစေရန် သမ္မတအနီးမှလူများ ဖြောင့်မတ်မှန်ကန်ဖို့
 လိုအပ်ပါသည်။ ၎င်းတို့တွင် အချိန်များစွာမကျန်တော့ပါ။ ရွေးကောက်ပွဲမတိုင်မီ ၂
 နှစ်အတွင်း ပြည်သူ့နှစ်လိုမှုကိုပြန်ရရန် ပြည်ပြတ်သားသား 
အရေးယူရမည်ဖြစ်ပါသည်။
သို့မှသာ ဦးသိန်းစိန်အစိုးရ၏ ပြုပြင်ပြောင်းလဲရေးအပေါ် သံသယ၀င်နေမှုများ ဖယ်ရှားနိုင်မည်ဖြစ်သည်။
ရေးသားသူ- အေးသူစံ
7Day News Journal