မေသင်္ကြန်ဟိန်(မြစ်မခ)
ဇန်န၀ါရီလ ၁၆၊ ၂၀၁၃၊ ရန်ကုန်မြို့။
ကိုတိုးကြည်က မြောက်ပိုင်း ပါဂျောင်စခန်းကနေ ထွက်ပြေးလာတဲ့ ၅၅ ဦးထဲက တဦးပါ။
ကိုတိုးကြည်ရဲ့ အမည်ကိုတော့ မနန်းအောင်ထွေးကြည်ပြောတဲ့ ထဲမှာပါသလို၊ 
ကိုရဲလင်းတို့ ကိုဘိုဘိုတို့ ပြောခဲ့တဲ့ ထဲမှာလည်း ပါဝင်ခဲ့တဲ့အတွက် 
စိတ်ထဲမှာ မှတ်မှတ်ရရ ရှိနေခဲ့ပါတယ်။
လူကိုယ်တိုင်ကိုတော့ မြောက်ပိုင်းပြန်ကျောင်းသားအဖွဲ့(ABSDF- NB)ရဲ့ မီဒီယာ
 တွေ့ဆုံပွဲမှာ စပြီး တွေ့ဖူးခဲ့တာပါ။  မျက်နှာ ၀ိုင်းဝိုင်းနဲ့စကားကို 
ဖြေးဖြေးနဲ့ အေးအေးပြောတတ်ပြီး စကားအသံခပ်တိုးတိုး ပြောတတ်ပါတယ်။
ကိုတိုးကြည်နဲ့ တွေ့ဆုံပြီး ကျမ မေးမြန်းထားသမျှကို သူဖြေပေးခဲ့သော 
သူ့စကားလုံးများအတိုင်းသာ ပြန်လည် ဖော်ခြင်းဖြစ်ပါတယ်။ ဖော်ပြထားသမျှမှာ 
ကိုတိုးကြည် ပြောဆိုခြင်းသာ ဖြစ်ပြီး ၊ ကျမရဲ့ ထင်မြင်ယူဆချက်များ၊ 
သဘောထားများ လုံးဝ မပါဝင်ကြောင်း ကြိုတင် အသိပေးအပ်ပါတယ်။
အပိုင်း(၁)
ကျနော်က ဒေါပုံသား။
 ၁၉၆၆ ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှာ ဒေါပုံမှာ မွေးပါတယ်။ အဖေနာမည်က 
ဦးစိန်ထွန်း၊ အမေနာမည်က ဒေါ်လှကြည်၊ မွေးချင်း ၄ယောက်မှာ ကျနော်က 
တတိယမြောက်ပါ။ ကျနော်က မူလတန်းတုန်းကတော့ဒေါပုံကကျောင်းမှာပဲ တက်ခဲ့တယ်။ ၈ 
တန်းကနေ ၁၀ တန်းထိကတော့ ဗိုလ်တထောင် ၃ မှာ တက်ခဲ့တယ်။
၁၉၈၂-၈၃ မှာ ဆယ်တန်းအောင်တယ်၊ ပြီးတော့ စီးပွားရေး တက္ကသိုလ်တက်ပါတယ်။ 
စီးပွားရေး တက္ကသိုလ်တက်တဲ့ ကာလကတော့ သိတဲ့ အတိုင်းပဲလေ 
အဲဒီအချိန်တုန်းကတော့ အရမ်း ပျော်ဖို့ ကောင်းတယ်။ တကယ်ကို 
လွတ်လွတ်လပ်လပ်နဲ့ ပျော်ခဲ့ကြတယ်။ တကယ်ကို စီးပွားရေး တက္ကသိုလ်ရဲ့ 
လူငယ်လှုပ်ရှားမှု မှန်သမျှ ကျနော် အကုန်ပါတယ်။
ကြက်ခြေနီ၊ လမ်းစဉ်လူငယ်၊ အခြား ဘာသာရေး လူမှုရေး အဖွဲ့အစည်း 
အကုန်လုပ်ဖူးတယ်။ မပါဘူးတာ မရှိသလောက်ပဲ၊ အဲဒီတုန်းကလည်း 
စီးပွားရေးတက္ကသိုလ်မှာ အဲဒီနှစ်အပိုင်းခြားလိုက်ဆိုရင် မသိတဲ့ သူ မရှိဘူး။
 ကျနော်နဲ့ ကျနော့်သူငယ်ချင်းအုပ်စုတွေ မသိတဲ့ သူ မရှိကြဘူး အကိုသိကြတယ်။
အဲလိုနေနေရင်းနဲ့ ၁၉၈၈ မှာ အရေးခင်းဖြစ်တယ်။ အဲဒီအချိန်ထိ ကျနော့်စိတ်ထဲမှာ
 သိတာကတော့ သာမန်ပါပဲ။ နိုင်ငံရေးနဲ့ပတ်သက်ပြီးတော့ ကြီးကြီးမားမား ဘာမှ 
မသိခဲ့ဘူး၊ တခုတော့ရှိတယ်။ တခုတော့ရှိတယ် ငယ်ငယ်ကတည်းက မခံချင်စိတ်တော့ 
ရှိခဲ့တယ်။ဘာလေးဖြစ်ဖြစ် မှန်တဲ့ဘက်ကပဲ နေတတ်တယ်။
၈၈ အရေးအခင်းဖြစ်တော့ ဖြစ်ဖြစ်ခြင်းမှာ သိလည်း မသိဘူး၊ပါလည်း 
မပါခဲ့ဘူး။တနေ့ကျတော့ ကျနော့်အကိုလို့လည်း ပြောလို့ရတယ်၊ ကျနော့် 
သူငယ်ချင်းရဲ့ အကိုပေါ့။ သူကတော့ လက်ရှိ ကနေဒါမှာ ရောက်နေတယ်။ ABSDF 
စဖွဲ့တုန်းကသူပါခဲ့တယ်လို့ ပြောတယ်။ သူ့နာမည်က ကိုအောင်ကြည်ဦးတဲ့ 
လက်ရှိတော့သူက ကနေဒါမှာ ရောက်နေတယ်။
တရက်သူက ကျနော့်ကို ညီလေးမင်းငါနဲ့လိုက်ခဲ့ဆိုပြီး ခေါ်သွားတယ်။ 
ဒေါပုံထဲမှာပဲ။ လက်ရှိ Capital ရှိတဲ့ နားမှာပေါ့ အဲဒီနားမှာ 
စစ်တပ်ချထားတယ်။ စစ်သားတွေ တန်းစီပြီး ချထားတယ်။
ကျနော်တို့ကတော့ ဘာမှ မသိဘူး၊ ပါလည်း မပါခဲ့ဘူး၊ဒီအတိုင်းပဲ ကြည့်နေတယ်။ 
အဲဒီအချိန်မှာ ဆန္ဒ့ပြတဲ့ သူတွေကို မတက်လာနဲ့လို့ပြောတယ်၊ စစ်တပ်က မတက်နဲ့ 
တက်ရင် ပစ်မယ်လို့ ပြောတယ်၊ ဒါပေမဲ့ တက်သွားကြတယ်။ တက်တော့ပစ်တာ။ ပစ်တော့ 
ကိုယ့်ရှေ့မှာပဲ အတုံးအရုန်းသေတာပဲ။ ကိုယ်လည်းပဲ အဲဒီနားမှာ ရှိတဲ့ 
လယ်ကွင်းထဲကို ဆင်းပြေးပြီးတော့ လယ်ကွင်းထဲမှာပဲ ဆင်းနေခဲ့ရတယ်။ အဲဒါ 
ပထမဆုံး အတွေ့အကြုံပဲ။
အဲဒီကနေ ပြန်လာရော တခြားတော့ဘာမှ မလုပ်သေးဘူး။  ရပ်ကွက်ထဲမှာပဲ နေတယ်၊ 
ရပ်ကွက်လုံခြုံရေးကိုပဲ လုပ်တယ်။ အဓိက ကျနော်လုပ်ချင်တာက 
ကိုယ့်ရပ်ကွက်အန္တရာယ်မဖြစ်ရေးပဲ။ ကျနော်ရပ်ကွက်က လူငယ်တွေနဲ့ 
ပေါင်းပြီးတော့လုပ်တယ်။ လုပ်ပြီးတဲ့အခါမှာ တရက်ကျတော့ သူငယ်ချင်းတွေက 
လာပြောတယ်။ ရပ်ကွက်ထဲက ရုံးတရုံးထဲမှာ ဓါတ်ဆီတွေ ရှိတယ်။ အဲဒါတွေကို အကို 
စီစဉ်ပေးပါလို့ လာပြောတယ်။
အဲဒါနဲ့ အဲဒီရုံးထဲဓါတ်ဆီတွေကို အပြင်ရောက်အောင် ထုတ်ပေးလိုက်တယ်။ ဒါ 
ကျနော့်အနေနဲ့ ပထမဆုံး စလုပ်ဖူးတာပဲ။အဲဒီမှာ သူငယ်ချင်းတွေကလည်း 
လာခေါ်ကြတယ်၊ ကျနော်တို့မြို့နယ်မှာ မရှိဘူးတဲ့။ အဲလိုဆိုတော့ ငါ သိလည်း 
မသိဘူး၊ လုပ်လည်း မလုပ်တတ်ဘူး၊ ငါ့မှာ မခံချင်စိတ်ပဲ ရှိတယ်လို့ ပြောမိတယ်။
သူတို့က မဟုတ်ဘူး အကိုတဲ့ ကျနော်တို့မြို့နယ်မှာ ရှိတဲ့ သင်္ယာတွေနဲ့ 
ကျောင်းသားတွေကြားထဲမှာ အကိုဝင်ပေးပါတဲ့။ အဲဒါဆို ငါလုပ်ပေးမယ်လို့ 
ပြောလိုက်တယ်။ အဲဒါနဲ့ပဲ ဒေါပုံမြို့နယ်မှာ ရှိတဲ့ ပြည်သူတွေနဲ့ 
သံင်္ယာတွေနဲ့ ကျောင်းသားတွေနဲ့ စုစုစည်းစည်းဖြစ်အောင် 
လုံခြုံရေးကော်မတီဆိုပြီး ဖွဲ့တယ်။ လိုအပ်တာတွေကိုလုပ်ပေးတယ်။ 
မြို့နယ်ထဲမှာ ဂိုထောင်ဖောက်တာတို့ ရပ်ကွက်တွေမှာ ဆူပူသောင်းကျန်းတာတို့ 
အဲဒါတွေမဖြစ်အောင် အဆင်ပြေအောင်ကျနော်လုပ်ပေးတယ်။ မြို့နယ်ထဲမှာ ပြည်သူက 
ရဲနဲ့လည်း ပြဿနာ မဖြစ်အောင်၊ ရဲတွေကိုလည်း ပြည်သူတွေက 
အန္တရာယ်မပေးစေရဘူး၊ရဲကလည်း ပြည်သူတွေကို အန္တရာယ်မပေးစေရဘူး။  
သပိတ်ကာလမှာလည်း တစုံတခု ပြဿနာဖြစ်လို့ လာတိုင်။ ကျနော်တို့ လုပ်ပေးတယ်။ 
အကုန်လုံးကို ဖြေရှင်းပေးတယ်။ တကယ်ဖြေရှင်းပေးခဲ့တယ်။
နောက် မြို့နယ်ထဲမှာ ဆန်တွေ အရမ်းရှားတယ်၊ ဆန်တွေရဖို့အတွက် 
ဆန်ဂိုထောင်တွေနဲ့ ညှိုပေးတယ်၊ ကျနော်တို့ကို ဘယ်လို ပေးနိုင်မလဲ။ 
ရောင်းပေးနိုင်မလဲ။ ဆန်စက်တွေနဲ့ ညှိုပေးတယ်။ ဆန်စက်တွေကို 
ရောင်းခိုင်းပေးတယ်။ ဒါပေမဲ့ ဆန္ဒ့ပြတဲ့ ထဲမှတော့ မပါခဲ့ဘူး၊ နောက်ကွယ်ကနေ 
ပြီးတော့ အကုန်လုပ်ပေးခဲ့တယ်။စီစဉ်စရာရှိတာ စီစဉ်ပေးလိုက်တယ်။ အဲဒါမျိုးပဲ 
ကျနော် နေခဲ့တယ်။
သူငယ်ချင်းတွေဆိုတာကလည်း ကျနော်နဲ့အတူ ရပ်ကွက်ထဲမှာ နေခဲ့ကြတဲ့ 
ငယ်သူငယ်ချင်းတွေ၊ သူတို့ကလည်း ကျနော် တောခိုတော့ အကုန်ပါခဲ့ကြတယ်။ 
ထွန်းဝင်း၊ အောင်ကျော်မြင့်၊ ကြည်စိုး၊ မင်းသူဟန်၊ တင်မောင်ဦးတို့ပေါ့။ 
လက်ရှိလည်း ရှိပါတယ်။ အဲဒီ သူငယ်ချင်းတွေအပြင်တခြားလည်း ရှိပါတယ်။ 
ဒီသူငယ်ချင်းတွေကတော့ ကျနော်နဲ့အတူ တောက်လျှောက်ပါလာခဲ့တဲ့ 
သူငယ်ချင်းတွေပေါ့။
ကျနော်တို့က မြို့နယ် ပါတီရုံးမှာ စတည်းချခဲ့ကြတယ်။ ပါတီယူနစ်ရုံးကလည်း 
ဘာပြောလဲ ဆိုတော့ မင်းတို့ နေမယ်ဆိုရင်လည်း နေပါတယ်၊ ဒါပေမဲ့ 
မပျက်ဆီးအောင်လုပ်ပါတဲ့။ ကျနော်တို့ကလည်း စိတ်ချပါ၊ ဘာမှ မပျက်ဆီးစေရဘူး၊ 
ကျနော်တို့ တာဝန်ယူတယ်၊ အဲဒါနဲ့ သူတို့က ဖယ်ပေးပါတယ်။ ကျနော်တို့ ၀င်ပြီး 
တာဝန်ယူလိုက်တယ်။
အဲဒီနောက်တော့ အာဏာသိမ်းတယ်။ အာဏာသိမ်းတော့စစ်တပ်က အဲဒီရုံးကို ရောက်လာတယ်။
 ဗိုလ်မှူးတယောက်ပဲ ကျနော် နာမည်တော့ မမှတ်မိဘူး။ သူလာပြီးတော့ 
ညီလေးတို့တဲ့ ညီလေးတို့ ဘာလုပ်သလဲတဲ့။ ကျနော်တို့ကလည်း ဟုတ်ကဲ့ အကိုပေါ့၊ 
ကျနော်တို့ လုပ်တာတော့မြင်တဲ့အတိုင်းပေါ့ ကျနော်တို့က ဒေါပုံမြို့နယ်လုံး 
ဆိုင်ရာ လုံခြုံရေးနဲ့ ကာကွယ်ရေး ဆပ်ကော်မတီဆိုပြီး လုပ်ထားတယ်၊ 
ကျောင်းသားနဲ့ သံင်္ယာနဲ့ပေါင်းပြီး လုပ်ထားတယ်အကိုလို့ သူ့ကို ပြောပြတယ်။ 
သူက ဟုတ်ပြီ၊ ညီလေးတို့ ဘာတွေလုပ်သလဲတဲ့။ ကျနော်တို့က မြို့နယ် 
လုံခြုံရေးအတွက် ဦးစားပေးပြီး လုပ်တယ်လို့။ကျန်တာတော့ ကျနော်တို့ 
မလုပ်ဘူးလို့။ ဒါဆိုသူက ဟုတ်ပြီတဲ့။ အဲဒီမှာသူတို့က ရုံးကို ၀င်ယူတယ်၊ 
ကျနော်တို့ ဖယ်ပေးတယ် ကိုယ့်အိမ်ကိုပြန်ကြတယ်။
အရေးအခင်းကာလမှာတော့ ဒီလောက်ပဲ အရေးအခင်းပြီးတော့ကျောင်းနေဖက် 
သူငယ်ချင်းတွေက လာခေါ်တယ်။ တိုးကြည်ရေတဲ့ …ငါတို့ ပါတီထောင်ရအောင်တဲ့။ 
ပါတီထောင်ကြမယ်တဲ့။
ရှေ့ဆက်ဖော်ပြပေးပါမည်။

No comments:
Post a Comment