Monday, January 28, 2013

”တချို့တွေ နေနိုင်လွန်းတယ်” (နေသုတ)




၁၉၈၈ ခုနှစ် ရှစ်လေးလုံးအရေးတော်ပုံကြီးကို စစိတပ်က ဖြိုခွင်းလိုက်တဲ့ အခါ ကျတော်တို့ ကျောင်းသားတွေဟာ အကြောင်းအမျိုးမျိုးနဲ့ နယ်စပ်ကို ရောက်လာခဲ့ရပါတယ်။
အကြောင်းအမျိုးမျိုးထဲက အတိုချုပ်ပြောရရင် အဖမ်းမခံချင်တဲ့အတွက် တိမ်းရှောင်လာသူတွေရယ် ၊ စစ်အစိုးရကို နယ်စပ်တနေရာကနေ အကူအညီတွေရယူပီး ပြန်တော်လှန်လိုသူတွေ( လက်နက်ကိုင်လမ်းစဉ် နဲ့ တော်လှန်ရေး လုပ်လိုသူတွေ) ရယ် နှစ်မျိုးနှစ်စားပဲ ရှိခဲ့ပါတယ်။
တကယ်တမ်းက လက်နက်ကိုင်တော်လှန်မယ်ဆိုတာထက် အဖမ်းမခံချင်လို့ ထောင်ကျမခံချင်လို့ ထွက်ပြေးကြတာက ပိုပါတယ်။

အဲဒီလိုထွက်ပြေးလာရင်းက တောထဲမှာ နယ်စပ်မှာ အနယ်နယ်အရပ်ရပ်က ကျောင်းသားအပါအဝင် လူတန်းစားပေါင်းစုံ အဆင့်အတန်းမျိုးစုံ စုံခဲ့ရာက ခေါင်းဆောင်တွေ နေရာတွေ ပေါ်လာခဲ့ပါတယ်။

အဆိုးဆုံးကတော့ ကျတော်တို့ရဲ့ ကျောင်းသားတပ်မတော် ABSDF နှစ်ပိုင်းကွဲခဲ့တယ်။

ဒေါက်တာနိုင်အောင်ကို ထောက်ခံသူ၊ မိုးသီးဇွန်ကို ထောက်ခံသူ အုပ်စုကွဲရာက ငါနဲ့မတူသူ ငါ့ရန်သူ သတ်မှတ်ပီး တဖက်လူကို ထောက်လှမ်းရေး စွပ်စွဲခဲ့ကြတယ်။

ကျောင်းသားအများစုဟာ ကျောင်းသားသမိုင်းခေတ်အဆက်ဆက်  ထောက်လှန်းရေးဆို အော့နှလုံးနာမှန်းသိတဲ့ ချက်ကောင်းကို ကိုင်ပီးသွေးခွဲခဲ့ကြတယ်။ မြောက်ပိုင်းကိစ္စဟာ ဘယ်သူတွေ ဘယ်လို အကြောင်းတွေ ပြပြပြောပြော အဓိက ဖြစ်စဉ်က နိုင်အောင်- မိုးသီးဇွန် အာဏာလု အာဏာရှုးခဲ့တဲ့ အတွက် ဖြစ်ရတာဖြစ်တယ်။

လက်ကိုင်တုတ်နဲ့ အသုံးချခံဖြစ်သွားပီး ကာယကံမြောက် လူသတ်ခဲ့သူတွေကတော့ ရော်နယ်အောင်နိုင်၊ သံချောင်း မျိုးဝင်း စသူတို့ပါပဲ။ ABSDF ကျောင်းသားတပ်မတော်ရဲ့ ဂုဏ်သိက္ခာ ထိခိုက်မှာ စိုးရိမ်သူတွေ၊ အေဘီရဲ့ သမိုင်းကို အမဲစက်ထင်မှာ၊ ညစ်နွမ်းမှာ စိုးရိမ်သူတွေ သစ္စာစောင့်သိပါတယ်ဆိုသူတွေ တကယ့်အဖြစ်အပျက်ကို လက်ခံနိုင်ဖို့ ကိုယ့်ကိုယ်ကို ညာမနေကြပါနဲ့။ လူတစ်ယောက် ၊ အဖွဲ့အစည်းတခုရဲ့ ဂုဏ်သိက္ခာဆိုတာ အမှန်တရားအတွက် ဘယ်လိုနေထိုင်ရပ်တည်ကြသလဲ ဆိုတာမှာသာ မူတည်ပါတယ်။

လူအားငွေအားနဲ့ ဂုဏ်သိက္ခာကို ကာကွယ်လို့ မရပါဘူး။ အေဘီ သမိုင်းမရိုင်းချင်ရင် အဖွဲ့ထဲက ပုပ်နေတဲ့ သူတွေကို ဖော်ထုတ်ပေးရပါမယ်။ ငါးခုံးမတကောင်ကြောင့် တလှေလုံး မပုပ်ရလေအောင် အဲဒီ ငါးခုံးမကို ဖော်ထုတ်ပစ် လိုက်ကြပါ။

              နိုင်အောင်- မိုးသီး အကွဲမှာ မြောက်ပိုင်းက နိုင်အောင်ကို ထောက်ခံခဲ့တယ်။ လူတိုင်းမဟုတ်တဲ့အတွက် မိုးသီးလူလို့ ယူဆရသူတွေကို ရှင်းပစ်တယ်။ ဒါ့ကြောင့် လူ၁၀၀ကျော် ထောက်လှမ်းလို့ စွပ်စွဲ လိုက်တာပဲ။ နိုင်အောင်တင်ပေးလိုက်တဲ့ အောင်နိုင် (ရော်နယ်အောင်နိုင်) ကို ပြစ်တင်သူတွေကို လက်မခံသူတွေကို ရှင်းပစ်တာထင်ရှားပါတယ်။

ကိုထွန်းအောင်ကျော် ကိုထောက်ခံသူတွေကို အောင်နိုင်ကေ၇ာယောင် ရှင်းတယ်။ မကျေနပ်ထားတဲ့ အခံရှိသူတွေကို စွပ်စွဲပီး ရှင်းတယ်။ တယောက်ကိုဖမ်းပီးရင် သူတို့ မလိုတဲ့သူကို နာမည်တပ်ပြောပီး သူရော ထောက်လှန်းရေးပဲမဟုတ်လား ဆိုပီး လမ်းကြောင်းမေးတယ်။ မဟုတ်ရင်နှိပ်စက်တယ်။ မခံနိုင်တော့ ဟုတ်တယ်ပြောရတယ်၊ အဲဒီကနေ တယောက်ပီးတယောက် ဖမ်းဆီးနှိပ်စက်တယ်။

သိုက်ထွန်းဦးကို ရှင်းဖို့ကြံရာမှာ မိုးသီးဇွန်က သိုက်ထွန်းဦးက ငါ့လူ မထိနဲ့ဆိုတော့ ဘာမှ မလုပ်ပဲ နေပြရတယ်။ သိုက်ထွန်းဦး ကံကောင်းသွားတာ။ အမှန်က မိုးသီးလူတွေကိုပဲ ရှင်းနေတာ။ ဒါပေမယ့် မိုးသီးက သူ့လူပြောတာ ရှင်းလိုက်ရင် သူ့လူတွေမို့ ရှင်းလိုက်တာ ထင်ရှားသွားမယ်။ ကျောင်းသားစစ်စစ်တွေ သေခဲ့ကြရတယ်။

ဒီအပေါ်မှာ တာဝန်ရှိသူတွေ အခု ပြည်တွင်းမှာဝင်နေကြပီ။ ကိုယ့်သိက္ခာ ကိုယ့်သမိုင်း မသေချင်ရင် ဖြစ်စဉ်ကို အမှန်အတိုင်း ပြောရလိမ့်မယ်။ ကျန်ရစ်ခဲ့တဲ့ မိခင်တွေဟာ တောခိုသွားတဲ့ သူတို့သားသမီးတွေကို သေလူ သတ်မှတ်ထားပီးသားမို့ တိုက်ပွဲမှာ ကျသွားခဲ့တယ်၊ ဒါမှမဟုတ် တောထဲမှာ ငှက်ဖျားလို ရောဂါတခုခုကြောင့် သေသွားခဲ့တာဆိုရင်တောင် ဖြေနိုင်ကြပါတယ်။

ဒီလိုမဟုတ်ပဲ အချင်းချင်း မတ၇ားဖမ်းဆီး မတရားနှိပ်စက် မသေမချင်း အမျိုးမျိုးနှိပ်စက်ခံရပီးမှ အသေဆိုးနဲ့ သေခဲ့ရတာတွေအတွက် တသက်လုံး ဖြေမဆည်နိုင်အောင် ဖြစ်ကြရဘီ။ ကိုယ့်မိခင်ပျော်နေတာ တွေ့ချင်ရင် သူများမိခင်တွေလဲ ပျော်ပါစေ။

တချို့အမေတွေ နှစ်ပေါင်းများစွာ ငိုနေရဆဲ မျက်ရည်တွေ မခြောက်ပဲရှိနေကြပါတယ်။ မိဘချင်းကိုယ်ချင်းစာပါ နိုင်အောင် မိုးသီးခင်ဗျား။ အမှန်တရားဟာ ဘာနဲ့မှ ဖုံးထားလို့ မရပါဘူး။

(နေသုတ)



 

No comments: