Monday, February 4, 2013

လိုင်ဇာကို ဘာ့ကြောင့် သဲကြီးမဲကြီး တိုက်နေရတာလဲ


ဘာ့ကြောင့်လိုင်ဇာကို သဲကြီးမဲကြီး အညှိုးတကြီး တိုက်နေရတာလဲ
လိုင်ဇာကိုတိုက်တာမဟုတ်ပါဘူး။ ရှင်းရှင်းပြောရရင် လူမျိုးနွယ်တစ်ခုကို ချေမှုန်းတဲ့စစ်ဆင်ရေးတစ်ခုဖြစ်တယ်။ ဒါကိုဒေါ်အောင်ဆန်းစုကြည်သဘောမပေါက်ဘူး။ ကချင်အဆိုတော်ကြီး ဒေါ်အင်ဖန်းဂျာရာကို ဒေါ်စု ကချင်ပြည်နယ် မြစ်ကြီးနားကို ရောက်တော့ ကေအိုင်အိုရဲ့ သမိုင်းကြောင်းကို ပြန်မေးတယ်။ ဒေါ်စု တိုင်းရင်းသားတွေရဲ့ လက်နက်ကိုင်တော်လှန်ရေးကို သဘောပေါက်ပုံမရသေးဘူး။ အခုလည်း အာဏာရှင်တွေရဲ့ အကြောင်းကို အရင်လေ့လာအုံးမဲ့ပုံဘဲ..။ လေ့လာလို့ သဘောပေါက်ပြီးမှ ကျောချမှ ဓါးမြမှန်းသိရတော့မဲ့အခြေအနေပါ..ဒေါ်စုကိုအားကိုးလို့မရတော့တဲ့အခြေအနေရောက်နေပြီ။ ဘာဖြစ်လို့လဲဆိုတော့ အာဏာရှင်တွေရဲ့ဒေါက်တိုင် လောက်ကောင်ခရိုနီတွေကို အခုထောက်ခံနေပြန်ပြီ..။
ဒေါ်စုလွတ်မြောက်ဖို့အတွက် လူထုတစ်ရပ်လုံးနဲ့ ကျောင်းသားတပ်မတော်ကျိုးစားခဲ့တာဖြစ်တယ်။ ဒါကို မေ့သွားပြီ။ ထိပ်တိုက်ရင်ဆိုင်ရေးနဲ့ မတရားတဲ့အမိန့်အာဏာဟူသမျှတာဝန်အရ ဖီဆန်ကြဆိုတာ ဦးအောင်ကြည်ရဲ့ ဆွေးနွေးပွဲစားပွဲခုံပေါ်မှာ တိတ်တိတ်လေးတင်ထားခဲ့ပြီ။ ကျနော်တို့ ကျောင်းသားတပ်မတော်ဟာ ကျောင်းသားသမဂ္ဂစိတ်ဓါတ်အပေါ်မှာ အခြေခံပြီးဖွဲ့ထားတဲ့တပ်မတော်ဖြစ်တယ်။ ကျောင်းသားသမဂ္ဂဆိုတာ တော်လှန်တဲ့အခါ ရှေ့ကပင်အမြဲဦးစီးခဲ့ပါတယ်။ အသက်စွန့်ကြိုးပမ်းခဲ့ပါတယ်။ ကျနော်တို့အမြဲနှစ်လုံးသွင်းနေတာက လူထုရဲ့အကျိုးစီးပွား၊ တစ်တိုင်းပြည်လုံးရဲ့အကျိုးစီးပွားဖြစ်တယ်။ လူထုအကျိုးစီးပွားကို မျက်ကွယ်ပြုပြီး လူတစ်စုအကျိုးစီးပွားကို ရှေ့နေလိုက်နေရင်တော့ ဒေါ်စုဟာ......................................................ဘာလဲ၊ ဘယ်လဲမေးရတော့မယ်။ ဒေါ်စုအပေါ် ကျနော်တို့ ဘယ်လိုသဘောထားမလဲဆိုတဲ့မေးခွန်းတွေမေးရတော့မယ်။
ကျနော်အများကြီးမဝေဖန်ခြင်ပါဘူး။ ကျနော်တို့က ကျနော်တို့အားကိုယုံတယ်။ လူထုအားကိုယုံတယ်။ ကျနော်တိုယုံကြည်တဲ့လမ်းကို ကျနော်တို့ဆက်ဖေါက်မှာပါ။ လူထုက ဝိုင်းပြီးလက်ခုပ်တီးကြပါလိမ့်မယ်။ ရှေ့မှာကျနော်တို့လုပ်မဲ့အလုပ်ကို လူထုက အကဲဖြတ်ပါလိမ့်မယ်။
တစ်ချိန်တုံးက စစ်အာဏာရှင်တွေဟာ ကရင်တော်လှန်ရေးဌာနချုပ်တည်ရှိရာ မာနယ်ပုလောကို အကြီးအကျယ်ထိုးစစ်ဆင်ခဲ့ဖူးတယ်။ မာနယ်ပုလောကို ဘာ့ကြောင့် သဲသဲမဲမဲတိုက်ရတာလဲ။ တော်လှန်တဲ့တော်လှန်ရေးအင်အားစုတွေ အခြေစိုက်ခဲ့တဲ့နေရာဖြစ်တယ်။ တော်လှန်ရေးရဲ့ အသဲနှစ်လုံးဖြစ်တယ်။ တပ်ပေါင်းစုအင်အားတွေ စုစည်းခဲ့တဲ့နေရာဖြစ်တယ်။ ၁၉၉ဝ ရွေးကောက်ပွဲ အနိုင်ရ လွတ်တော်အမတ်များနဲ့ ဦးဆောင်ဖွဲ့စည်းထားတဲ့ ဦးစိန်ဝင်းတို့ဦးဆောင်တဲ့ အမျိုးသားညွန့်ပေါင်းအစိုးရ ရုံးစိုက်ရာ၊ရဟန်းပျိုသမဂ္ဂများတည်ရှိရာ၊မွတ်စလင်အစည်းအရုံးများနေထိုင်ရာ၊ကျောင်းသားတပ်မတော်အခြေပြုရာ၊လက်နက်ကိုင်အင်အားစုများရုံးစိုက်ရာနေရာဖြစ်ခဲ့တယ်။ အဲဒီနေရာကနေ အရေးကြီးနိုင်ငံရေး ဆုံးဖြတ်ချက်တွေ၊စစ်ရေးလုပ်ငန်းစဉ်တွေ၊ နိုင်ငံခြားဆက်ဆံရေးတွေများစွာများစွာလုပ်နိုင်ခဲ့တယ်။ အာဏာရှင်စစ်တပ်ကို အဲဒီ မာနယ်ပုလောကနေ ခြိမ်းခြောက်နိုင်ခဲ့တယ်။ နောက်ဆုံး မာနယ်ပုလောကျခဲ့တယ်။ ကရင့်တော်လှန်ရေးမကျခဲ့ဘူး။
အခု လိုင်ဇာဟာ....တော်လှန်ရေးရဲ့ အသဲနှစ်လုံးဆုံချက်ဖြစ်လာနေတယ်။ လိုင်ဇာကျရင် ကေအိုင်အိုကျမယ်လို့ ထင်ပုံရတယ်။
၁၉၉ဝ ရွေးကောက်ပွဲပြီးတဲ့အခါ ပြည်တွင်းအတိုက်အခံအင်အားစုတွေကို အပြုတ်ရှင်းပါတယ်။ လက်နက်ကိုင်တော်လှန်အင်အားစုတွေနဲ့ အပစ်ရပ်ပါတယ်။ အခုပြည်တွင်းအင်အားစုတွေကို နမ်းပြနေပါတယ်။ လက်နက်ကိုင်တော်လှန်အင်အားစုတွေကို အပြုတ်တိုက်ပါတယ်။ ဟန်ချက်မညီအောင်လုပ်တာဖြစ်တယ်။ ပြည်တွင်းအင်အားစုတွေအခြေမပျက်အလုပ်လုပ်နိုင်တာဟာတော်လှန်တဲ့အင်အားစုတွေကြံ့ခိုင်နေလို့ဖြစ်တယ် အထူးသဖြင့် ကေအိုင်အိုက ကြံ့ကြံ့ခံရပ်တည်ပေးနေလို့ပါဘဲ။ ကေအိုင်အိုက ခုခံတော်လှန်စစ်ဆင်နွဲလိုက်လို့ နိုင်ငံရေးပြသနာကို နိုင်ငံရေးနည်းနဲ့ဖြေရှင်းပါမယ်လို့ ဦးအောင်မင်း ဂတိပေးလိုက်ရတယ်။ ဒါရဖို့အတွက် ကျနော်တို့တိုင်းရင်းသားတွေ အနှစ် (၆ဝ)ကျော် တိုက်ပွဲဝင်ခဲ့ရတယ်။ အာဏာရှင်အစိုးရဟာ အပြောတစ်မျိုးအလုပ်တစ်မျိုးပါ။ ဒီနေ့ဂတိပေး မနက်ဖြန်ဖေါက်တဲ့အမျိုးပါ..။ သူတို့ နိုင်ငံရေးနည်းနဲ့ဖြေရှင်းလိုစိတ် လုံးဝမရှိပါဘူး။ စစ်ရေးနည်းနဲ့ ဦးချိုးထားမယ်။ နိုင်ငံရေးဆွေးနွေးတဲ့အခါ ခေါင်းငုံ့ပြီးဝင်လာအောင် ကေအိုင်အိုကို အပြုတ်တိုက်နေတာဖြစ်ပါတယ်။ လေယဉ်ပျံနဲ့ ဗုံးကြဲပြနေတာက ကျန်တဲ့ တိုင်းရင်းသားတွေကြောက်သွားအောင် စိတ်ဓါတ်စစ်ဆင်နေတာပါ..။
သန့်ရှင်းတဲ့အစိုးရ၊ အပြောင်းအလဲကိုသွားနေတဲ့အစိုးရဆိုပြီး ညာနေတာဖြစ်တယ်။ ယုံတဲ့လူကလဲ ယုံကြတယ်။ ယုံကြမှာပေါ့ သူတို့က ယောင်ပြတွေများတယ်လေ။ လှည့်စားနေတာများတယ်လေ။ ကျနော်လွန်ခဲ့တဲ့နှစ်က အပစ်ရပ်ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တစ်ခုမှာ လူထုကို စကားပြောခွင့်ကြုံခဲ့ပါတယ်။ တော်လှန်ရေးသတိနဲ့နိုင်ငံရေးသတိထားဖို့၊ အစိုးရဆိုတဲ့သူတွေရဲ့ ခြေလှမ်းတိုင်း ကိုစောင့်ကြည့်ဖို့ တိုက်တွန်းခဲ့ဖူးပါတယ်။ လွတ်တော်တွင်းနိုင်ငံရေးထက် လွှတ်တော်ပြင်ပနိုင်ငံရေးဟာ ပိုပြီး အဓိကကျလာတဲ့အကြောင်းကို တိုက်တွန်းခဲ့ဖူးပါတယ်။ လွှတ်တော်ပြင်ပနိုင်ငံရေးမှာ လက်နက်ကိုင်တော်လှန် ရေးဟာ အဓိကကျတဲ့အခန်းမှာ ပါနေပါတယ်။ လက်နက်ကိုင်တော်လှန်ရေးမရှိခဲ့ရင် အာဏာရှင်အစိုးရဟာ ထင်တိုင်းကြဲတော့မှာံ..။ မယုံမရှိနဲ့။ အခုပြည်တွင်းမှာ အလုပ်လုပ်နေကြတဲ့သူတွေကို သတိပေးလိုက်ပါတယ်။ ကေအိုင်အိုခုခံတော်လှန်စစ်အရှိန်မြင့်လေ ပြည်တွင်းလှုပ်ရှားမှု သက်သာလေဘဲ။ အရှိန်ကျရင်တော့.. အောင်ဖေညောင်းပါဘဲ။ အားလုံးကို ဆွဲစိမှာဖြစ်တယ်။ ကျနော် ကျောင်းသားတပ်မတော်တိုက်ခိုက်ရေးသမားဆိုတော့ ဒစ်ပလိုမေစီအားနဲပါတယ်။
လိုင်ဇာဟာ အရင်တုံးက ရှေ့တန်းနယ်မြေတစ်ခုပါ။ အပစ်ရပ်ပြီးနောက်မှ လူမျိုးပေါင်းစုံ စီးပွားရှာဖွေစားသောက်တဲ့နေရာ၊ နေထိုင်ရာဒေသတစ်ခုဖြစ်လာခဲ့တယ်။ ရှမ်းရှိတယ်။ ဗမာရှိတယ်။ တရုတ်ရှိတယ်။ လူမျိုးပေါင်းစုံရှိတယ်။ လိုင်ဇာဟာ ဗမာတွေအတွက် ရွှေထွက်ခဲ့တဲ့ နေရာတစ်ခုပါ။ ကျောက်ဆည်သားလေးတစ်ယောက်ကို လိုင်ဇာမှာ စီးပွားရှာနိုင်ဖို့ လူမှုရေးအရ ကျနော်အကူအညီအများကြီးပေးခဲ့တယ်။ အခုအရမ်းချမ်းသာသွားပြီ။ လိုင်ဇာဟာ လူမျိုးပေါင်းစုံ မတူကွဲပြားတဲ့ အေးအတူပူအမျှ နေထိုင်တဲ့နေရာလေးတစ်ခုပါ.။ဒီလိုနေရာမျိုး မြန်မာပြည်အနှံ့ပေါ်ပေါက်စေခြင်တယ်။ လိုင်ဇာကျမှာ မစိုးရိမ်ပါဘူး။ ကျနော်တို့ ကျော်ပိုးအိတ်ရှိတဲ့နေရာဟာ တော်လှန်တဲ့နေရာဘဲ.။ ဒါပေမဲ့ ငြိမ်းချမ်းစွာ အတူတကွယှဉ်တွဲနေထိုင်ကြတဲ့၊ အေးအတူပူအမျှဖေးဖေးမမရှိနေကြတဲ့ စိတ်ဓါတ်တွေ ပျောက်သွားမှာကို အစိုးရိမ်ဆုံးပါ.. ကေအိုင်အိုက တစ်တိုင်းပြည်လုံးအတွက် ရပ်ခံနေကြတယ်ဆိုတာ မမေ့ကြပါနဲ့။

ကျနော်တို့ မနက်စောစော ပါဂျောင်က ဆင်းလာတယ်။ ပါဂျောင်ဆိုတာ ကျနော်တို့ဌာနချုပ်.။ မိုးချုပ်ရင် ဒီနေရာလေးကို ရောက်တယ်။ ဒီနေရာလေးမှာနားတယ်.ဒီနေရာလေးမှာ အိပ်တယ်။ပြီးရင် လဂျားယန်ကိုဖြတ်၊ နားလုံကိုကျော်။ ဧရာဝတီကိုသွား ပျောက်ကျားလှုပ်ရှားသမားအဖြစ် ရန်သူကို အမှည့်ချွေကြတယ်။ ဒါက မြောက်ပိုင်း ကျောင်းသားတပ်မတော်ရဲ့ တော်လှန်ရေးလုပ်ငန်းစဉ်။ အပြန်ကြရင်လည်း လိုင်ဇာကိုဝင်.။ ပါဂျောင်ပြန်..။
လိုင်ဇာတဲ့။ နာမည်ကြီးတယ်လေ။ မြန်မာပြည်မှာ တိုက်ပွဲဖြစ်တဲ့နေရာ မှန်သမျှ နာမည်ကြီးတယ်။ လက်ပံတောင်းလူထုတိုက်ပွဲ။ နာမည်ကြီးသွားတယ်။ တစ်ချိန်တုံးက မာနယ်ပုလော နာမည်ကြီးသလိုမျိုး။လူထုတစ်ရပ်လုံးက တိုက်ပွဲမျှော်တယ်။ တိုက်ပွဲကို ကြိုတယ်။ တိုက်ပွဲရှိမှ အောင်ပွဲရှိမယ်ဆိုတာ ယုံကြည်တယ်။ လိုင်ဇာတိုက်ပွဲကို ဖီလစ်ပိုင်ခရီးစဉ်ထက် ပိုပြီးစိတ်ဝင်စားတယ်။
သူငယ်ချင်းတစ်ယောက်က တအံ့တသြောပြောဖူးတယ်။ လိုင်ဇာဆိုတာ တဲကုတ်လေးတွေ တွေအောက်မေ့နေတာတဲ့..။အခုတော့..။ တစ်ချိန်တုံးက ဒီနေရာလေးက ကျနော်တို့ရဲဘော်တွေ တထောက်နားတဲ့နေရာလေး.။ အလွန်ဆုံးရှိလှမှ အိမ်ခြေ ၁ဝကျော် ၂ဝခန့်။ မိုးလွဲချောင်းက လိုင်ဇာမြို့လေးကို ရှေ့နောက်အလျားလိုက် စီးဆင်းနေတယ်။ ဒီချောင်းလေးက တရုတ်နဲ့ ကချင်ကိုခြားစေတယ်။ တဝေါဝေါရေစီးသံက ညအိမ်မက်တွေကို ကပြစေသလိုလို..။ အရှေ့ဘက်က လိုင်ဇာမုဒ်ဦးလေးက လိုင်ဇာမြို့ကလေးကို ခန့်ညားစေတယ်။ အနောက်ဘက် မျောက်တောင် ပေါ်က လက်ဝါးကပ်တိုင်လေးဟာ လိုင်ဇာမြို့သူမြို့သားများကို မေတ္တာလွှမ်းခြုံထားနေတယ်။ မြို့လယ်ခေါင်ရဲ့ စာအံသံက အနာဂါတ်အလင်းရောင်တွန်ကျူးသံများ..။ ဘုရားကျောင်းက ဓမ္မတေးသံများက ငြိမ်းချမ်းရေး သံစဉ်များ..။ ဂျင်းဖေါဘူးဂါးရဲ့ လဘက်ရည်ဆိုင်က နံနက်ခင်းမှာ အဆာပြေစေတယ်။ ရှမ်းမရဲ့ ခေါက်ဆွဲဆိုင်က စိုင်မော့ရဲ့ တမ်းချင်းလေးတစ်ခုလို... လိုင်ဇာရဲ့ တိုက်တာအဆောက်အဦတွေက ထိုးထိုးထောင်ထောင်၊ မိုးမိုးမတ်မတ်၊ အပစ်ရပ်(၁၇)နှစ်ရဲ့ သင်္ကေတများ..။ တစ်ဘဝစာ၊ တသက်တာ စစ်မက်ငြိမ်းချမ်းသွားရင် မြန်မာပြည်ကြီး ဘယ်လောက်ထိတိုးတက်သွားမလဲ ။ခဏတာငြိမ်းချမ်းမှုမှာ. တစ်ဘဝစာအတွက် ပြင်ဆင်ထားရမှုများ..။ အခြေခံရှေ့တန်းစခန်းထောက် ထိုလိုင်ဇာနယ်မြေလေးက ကြီးမားသော တိုက်တာအဆောက်အဦများ ဖြစ်လာခဲ့တယ်။
အခုတော့ တစပြင်လို တိတ်ဆိတ်ငြိမ်သက်သွားရပြီ...။ လူတွေက တထိတ်တလန့်.။ လူမဆန်တဲ့ လက်နက်ကြီးတွေက အပြစ်မဲ့ပြည်သူများကို လက်နက်ရှိ့စေတယ်။
အခု လက်နက်ကြီးများ တစ်အုံးအုံး၊ တစ်ဂျိမ်းဂျိမ်း၊ စစ်တိုက်လေယဉ်ပျံက တစ်ဒုံးဒုံး.တခြိမ်းခြိမ်း.။ ဗမာပြည်ပြည်တွင်းစစ်သမိုင်းမှာ အရက်စက်ဆုံး၊ အကြမ်းတမ်းဆုံးစစ်ပွဲ၊ မီးကုန်ယမ်းကုန်တိုက်ကြရသည့် စစ်ပွဲ။ အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးရဲ့ လက်ဝေခံ ဦးသိန်းစိန်စစ်အစိုးရရဲ့ အပြင်းထန်ဆုံးထိုးစစ်။ သမိုင်းမှာ မကြုံဘူးတဲ့စစ်ပွဲ။ ထိုးစစ်မရှိပါဘူးဟု တသွင်သွင်ငြင်းဆိုခဲ့သော ဦးသိန်းစိန်အစိုးရ။ အခုလိုင်ဇာကို သဲကြီးမဲကြီး ထိုးစစ်ဆင်နေတယ်။ ဒီရှေ့တန်းစခန်းထောက်နေရာလေးတစ်ခုကို မနဲတိုက်နေရတယ်။ ကျနော်တို့မှာ သေနတ်ကလွဲလို့ဆုံးရှုံးစရာဘာမှမရှိ ။ ကျနော်တို့ဘာမှမကြောက်။
ကျောင်းသားတပ်မတော်(မပ) တိုက်ပွဲတစ်ပွဲနဲ့ ဦးသိန်းစိန်အစိုးရ အလိမ်အညာဗူးပေါ်သလိုပေါ်သွားခဲ့တယ်။ အာဏာရှင်ရှိနေသမျှ ကာလပါတ်လုံး၊ မလွတ်မြောက်သေး သမျှကာလပါတ်လုံး မြန်မာပြည်အနှံ့အပြားဟာ စစ်တလင်းနယ်မြေတွေ ဖြစ်နေအုံးမယ်။ သေနတ်သံ၊ ဗုံးသံ တွေကြားနေရအုံးမယ်။ လူထုတွေ ကျီးလန့်စာစား၊ အထိတ်တလန့် ဖြစ်ကြရအုံးမယ်။
ရန်သူက လိုင်ဇာမှာ အောင်ပွဲခံမယ်တဲ့...။( ကြွားလုံးများ)
လဂျားယန်ကနေပြန်ဆုတ်ပေးပါ။. (ခြိမ်းခြောက်မှုများ)
စက်ချို့ယွင်းလို့ လေယဉ်ပျက်ကျတာဖြစ်တယ်။ ( ရဲထွတ်ရဲ့ လိမ်ညာဖြီးဖြန်းမှုများ)
လိုင်ဇာလူထု လက်နက်ကြီးနဲ့အပစ်ခံရမှုများ ( ရက်စက်မှုများ)
ထိုးစစ်မရှိဘူး ( ဦးသိန်းစိန်ဗျောင်လိမ်၊ဗျောင်ညာနေမှုများ)
ကေအိုင်အိုက ခွဲထွက်ရေးသမားတွေဖြစ်တယ် ( လူထုနဲ့ကေအိုင်အိုအား သွေးခွဲမှုများ)
သူတို့က လိုင်ဇာကျသွားရင် ကေအိုင်အေငြိမ်းသွားမယ်ထင်ပုံရတယ်။ အင်အားကြီးတဲ့လူက စစ်ပွဲအနိုင်ရရင် အဖြေထွက်မယ်လို့ ထင်ကြတယ်။ စစ်ပွဲတွေရဲ့ အသေချာဆုံး ပေးနိုင်တာကတော့ အနိုင်၊ အရှုံးဘဲ.။ အဖြေ မဟုတ်ဘူး။ လိုင်ဇာရသွားလို့ နိုင်ငံရေးအဖြေမထွက်နိုင်ဘူး..။ လိုင်ဇာကျသွားရင် ဒုတိယလိုင်ဇာတွေ အများကြီးပေါ်လာအုံးမှာဖြစ်တယ်။ ကရင်ဌာနချုပ်မာနယ်ပုလောကျတယ်။ ဒုတိယမာနယ်ပုလောတွေပြန်ပေါ် လာတယ်။ လိုင်ဇာဟာ တိုင်းရင်းသားတွေရဲ့ သွေးတွေဖြစ်ရမယ်။ လိုင်ဇာကို ထိတာဟာ ငါတို့ တိုင်းရင်းသား တွေကို မျိုးဖြုတ်ဖို့ ကြံနေတာဖြစ်တယ်။ ငါတို့ တိုင်းရင်းသားတွေ ကျောခြင်းကပ်၊ ရင်ခြင်းအပ်ကြရတော့ မယ်။ တိုင်းရင်းသားအရေး၊ ဒီမိုကရေစီအရေး ဘယ်အရေးက ပိုအရေးကြီးနေလဲ.................။
လူထုရှိသမျှကာလပါတ်လုံး တော်လှန်ရေးဟာ ရှိနေအုံးမှာဘဲ။ လူထုဟာ ရေဖြစ်တယ်။ တော်လှန်ရေးသမား ဟာ ငါးဖြစ်တယ်။ ရေတွေကို ကုန်းပေါ်တင်နိုင်ရင်တော့ အနိုင်ရမှာပဲ။ အာဏာရှင်တွေဟာ ရေတွေကိုကုန်းပေါ်တင်နိုင်တဲ့ အစွမ်းသတ္တိထူးတွေရှိရင်တော့... ပြည်သူ့နှစ်လုံးမသိမ်းကြုံးရင် ၊ ပြည်သူ့ စွမ်းအားမကိုးစားရင် ဓါးသွားလည်းကျွေ၊ လှံလည်းခွေ..။
မာနယ်ပုလောမတိုက်ခင် မြေပြင်နဲ့တိုက်တယ်။ မြေပြင်မနိုင်ရင် ဝေဟင်သုံးတယ်။ ဝေဟင်မနိုင်တော့ ကရင့်တော်လှန်ရေးကို သွေးခွဲတယ်။ ကချင်ကို ဒီလိုမျိုးလုပ်ကြည့်တယ်။ ရှမ်းနီနဲ့ လှည့်တိုက်တယ်။ ဘာသာရေးနဲ့လှည့်တိုက်တယ်။ စခုံတိမ်ယိမ်းနဲ့လှည့်တိုက်တယ်။ လဆန်အောင်ဝါနဲ့လှည့်တိုက်တယ်။ မရရေးချမရ.။ ကချင်ကသွေးစည်းတယ်။ညီညွတ်တယ်။ မျိုးဆက်သစ်ကချင်တော်လှန်ရေးခေါင်းဆောင်တွေ အမျှော်အမြင်ကြီးတယ်။ အကွက်စိတယ်။ အကွက်စေ့တယ်။ ခုခံတော်လှန်စစ်ကို ကြံ့ကြံ့ခံရပ်တယ်။ နိုင်ငံရေး ပြသနာကို နိုင်ငံရေးနည်းနဲ့ဖြေရှင်းဖို့တောင်းဆိုတယ်။ ရန်သူ( စစ်အာဏာရှင်စနစ်= စစ်တပ်ကြီးစိုးရေး အတွေးအခေါ်+ စစ်ဗျူရိုကရက် အုပ်ချုပ်ရေးယန္တယား+ စစ်ခေါင်းဆောင်) က ကြောက်လာတယ်။ လေယဉ်ပျံနဲ့ ပစ်တာ ကြောက်လို့ ပစ်နေတာ..။ အာဏာရှင်တွေဟာ လက်နက်ကိုင်ထားတဲ့လူတွေကို အကြောက်ဆုံး..။ ဒီကနေ့ တိုင်းရင်းသားတွေအားလုံး ညီညီညွတ်ညွတ်နဲ့ သေနတ်ပေါက်ကြည့်လိုက်ပါလား...။ တော်လှန်ရေးမှာ ရဲရဲတော်လှန်နေတဲ့သူတွေကို အကြောက်ဆုံး..။
တစ်ချိန်တုံးက ရဲတဲ့သူတွေ ဥိးအောင်မင်းရဲ့ ဖျားယောင်းသွေးဆောင်မှုအောက်မှာ ပန်းနုရောင်သန်းကုန်ကျတယ်။ ဂျော့ ဆိုးရပ်စ်ရဲ့ ငြိမ်းချမ်းရေးခေါင်းစဉ်အောက်မှာ ရိက္ခာနဲ့ သိက္ခာကို လဲကျတော့မယ်။
တိုက်ပွဲဆိုတာ တိုက်ရဲသူ အတွက်ပဲ။ တိုက်ပွဲကို ကျနော်တို့ရဲရဲ ဆက်တိုက်ကြရအုံးမယ်။ ပန်းရောင်သန်းတဲ့လူတွေကို ချန်ထားရမယ်။ သမိုင်းမှာ မေ့ပစ်လိုက်ရမယ်။ တပ်ဦးရဲ့အလံကို ရဲရဲကိုင်တဲ့လူတွေ ရှေ့တက်ကြရမယ်။
ယနေ့အချိန်က စနစ်တစ်ခုကို တွန်းလှန်နေတာ။ တော်လှန်နေတာ။ တော်လှန်ရေးဆိုတာ အဟောင်းကိုဖယ်၊ အသစ်နဲ့အစားထိုးတာ၊ အဟောင်းကို မွန်းမံနေရင် မွန်းမံနေတဲ့ အချိန်၊လုပ်အား၊အသက်တွေက တွန်းလှန်တော်လှန်တာထက် ပိုများလာတော့မယ်။
ကျနော်တို့ လက်နက်ကိုင်တော်လှန်ရေးကို ရွေးချယ်လိုက်တာ၊ ရွေးချယ်တာဟာ လက်နက်နဲ့ အာဏာလွဲပြောင်းယူတဲ့ အစဉ်လာဆိုးကို ဆက်ခံလိုက်တာလဲ မဟုတ်ဘူး။ အစဉ်လာဆိုးကို စတင်ထွန်းညှိ လိုက်တာလည်းမဟုတ်ဘူး၊ အဲဒီအစဉ်လာဆိုးကို ကျနော်တို့ရဲ့ သမိုင်းတစ်ခေတ်မှာ အမြစ်ဖြတ်ဖို့အတွက် ကြိုးစားလိုက်တဲ့ နောက်ဆုံးလုပ်ရပ်သာဖြစ်တယ်။
ဒေါ်အောင်ဆန်းစုကြည်က ပြောတယ် .. သူတို့ နည်းကမှန်သလား၊ ကိုယ့်နည်းက မှန်သလားဆိုတာ တနေ့ကျတော့ ပြည်သူ အဆုံးအဖြတ် ပေးပါလိမ့်မယ်တဲ့ ဒီလို.. အလွယ်တကူ ပြောခဲ့ဖူးတယ်။ ကျနော်တို့က မိုးမျှော်နေတဲ့ ဖားတွေလို တစာစာ အသံကုန်ဟစ်ပြနေလို့ အကျိုးမရှိဘူးလို့ယုံကြည်တယ်။..။ လက်တွေ့မပါတဲ့ သဘောတရားတွေကို ပြောနေလို့ကတော့ ဖားတွေလိုဖြစ်နေမယ်။ (ကျမက ယုံပါတယ်။ ယုံပါတယ်)
သူရဲဘောနည်းသူတွေ၊ တွေဝေသူတွေ၊ ရွှေပြည်အေးတွေ၊ အချောင်သမားတွေ၊ လူထုနောက်မြီးဆွဲတွေ၊ ဖျာခင်းသူတွေ အခုချိန်များလာနေတယ်
သေချာတာကတော့ ကျောင်းသားတပ်မတော်(မြန်မာပြည်မြောက်ပိုင်း) ရဲ့ တပ်ဦးအလံဟာ ရန်သူ့အတွက် သေမင်းတမာန် ဖြစ်ပြီး လူထုအတွက် လွတ်လပ်မှုနဲ့ ငြိမ်းချမ်းရေးနိမိတ်ကို ဆောင်ကျဉ်းပေးနေရမယ်။


No comments: