Thursday, February 13, 2014

ဝန်ကြီးတစ်ပါးပြောင်းတိုင်း ပညာရေး စနစ်တစ်မျိုး စမ်းသပ်မှု


သိပံ္ပနှင့်နည်းပညာ ၀န်ကြီးဌာနတွင် သုံးနှစ်အတွင်း ၀န်ကြီးသုံးပါးပြောင်းခဲ့ပြီဖြစ်ရာ ထိုဌာန၏ ပညာရေး စနစ်ကိုလည်း တစ်မျိုးစီ စမ်းသပ်ဆောင်ရွက်ခဲ့သောကြောင့် ကျောင်းသားများ နစ်နာလျက်ရှိသည်ဟု ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြည်ထောင်စုအစိုးရကို ဖေဖော်ဝါရီ ၁၁ ရက် ပြည်သူ့ လွှတ်တော် အစည်းအဝေး၌ ထောက်ပြပြောကြားခဲ့သည်။

“၀န်ကြီးတစ်ပါးပြောင်းတိုင်း ပညာရေးစနစ်ကို တစ်မျိုးစီစမ်းသပ်ပြီးတော့ဆောင်ရွက်ခဲ့တဲ့အတွက် ကျောင်းသားတွေ အင်မတန် နစ်နာပါတယ်။ ၀န်ကြီးတစ်ပါး ပြောင်းရင်လုပ်လေ့ရှိတဲ့ အကျိုးဆက်ကို ကျောင်းသားတွေက ဒဏ်ခံနေရတဲ့အဖြစ်မျိုး နောက်မဖြစ်စေချင်တော့ဘူး” ဟု သင်္ဃန်းကျွန်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌမှတစ်ဆင့် အစိုးရအဖွဲ့သို့ မေးခွန်းထုတ်ရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

၂၀၁၁-၁၂ စာသင်နှစ်တွင် အဆင့်မြင့် ပညာရေးမြှင့်တင်မည်ဟူသော အကြောင်းပြချက်ဖြင့် B.Tech နှင့် B.E. ပေါင်း စာမေးပွဲများကို တင်းကျပ်စွာ စစ်ဆေးခဲ့သောကြောင့် ထောင်ပေါင်းများစွာသောကျောင်းသား များအနက် အနည်းငယ်သာ အောင်မြင်ခဲ့ခြင်း၊ ၂၀၁၃ ခုနှစ် ၀န်ကြီးအသစ်တစ်ဦး ထပ်ပြောင်းချိန်တွင် စနစ်သစ်တစ်မျိုးဖြင့် စစ်ဆေးခဲ့ပြန်၍ အောင်ချက်များကောင်းခဲ့ခြင်းတို့ကြောင့် စာသင်နှစ် ရှေ့နှစ်နှင့် နောက်နှစ် ကျောင်းသားများအကြား တန်းတူ အခွင့်အရေးမရခဲ့ခြင်းတို့ကို ရည်ညွှန်းလျက် ဝေဖန်ထောက် ပြခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် ယခုလာမည့် ၂၀၁၄တွင် B.Tech နှင့် B.E. ဘွဲ့သင်တန်းများအတွက် ၀င်ခွင့်စာမေးပွဲများ ပြု လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ၊ အစီအစဉ်ရှိလျှင် ၀င်ခွင့်စာမေးပွဲအတွက် သတ်မှတ်ထားသော အချိန်နှင့် လိုက်လျောညီထွေရှိသည့် သင်ခန်းစာများကို လေ့လာခွင့်ပေးမည်လား၊ ၀င်ခွင့်စာမေးပွဲအောင်မြင်ပါက လက်ရှိ ပြောင်းလဲထားသောB.Tech အတွက် လေးနှစ် B.E. အတွက် နှစ်နှစ်၊ ပေါင်း ခြောက်နှစ် ပညာ ရေးစနစ်တွင် အကျုံးဝင်မည်လား သို့မဟုတ် ယခင်ပညာရေးစနစ်တွင် အကျုံးဝင်မည်လားဟူသော မေးခွန်းများနှင့် B.E. , B.Tech သင်တန်းအတွက် ပြင်ဆင်မှုရရှိရန် အချိန်စောပြီး ကြိုတင်ကြေညာပေးရန် အစီအစဉ်ရှိမရှိ ဟူသည့် မေးခွန်းတို့ကို အစိုးရအဖွဲ့သို့ မေးမြန်းခဲ့သည်။

အဆိုပါ မေးခွန်းများကို သက်ဆိုင်ရာ သိပံ္ပနှင့် နည်းပညာဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဒေါက်တာ အောင် ကျော်မြတ်က အင်ဂျင်နီယာပညာရေးစနစ်သည် ကြေညာထားပြီးဖြစ်သော ယခင်သင်ကြားနေသည့် ပညာရေးစနစ် သတ်မှတ်ချက်များအတိုင်းသာဖြစ်ပြီး ပြောင်းလဲမှု တစ်စုံတစ်ရာမရှိပါဟု ငြင်းဆိုခဲ့သော် လည်း ဦးသိန်းညွန့်၏ မေးခွန်းများနှင့်ပတ်သက်၍ ပြန်လည် ဖြေကြားခဲ့သည်။

“A.G.T.I. နှစ်နှစ်တက်ပြီး နောက်ဆုံးစာမေးပွဲမှာ အရည်အချင်းမီပါက B.E. ဆက်တက်ခွင့် ရကြပါတယ်၊ သတ်မှတ် အရည်အချင်းမမီလို့ ၀င်ခွင့်မရသူတွေကို အခွင့်အရေးပေးတဲ့အနေနဲ့ B.E. , B.Tech ၀င်ခွင့် စာမေးပွဲတွေ ထပ်ဖြေခွင့်ကို ၂၀၀၇ မှာ တစ်ကြိမ်၊ ၂၀၁၁ မှာ တစ်ကြိမ် စာမေး ပွဲစစ်ပေးခဲ့ပါတယ်။ အခု ၂၀၁၄ မှာ ၀င်ခွင့်အောင်သူတွေကို လာမည့် ပညာသင်နှစ်မှာ တက်ခွင့်ပေးဖို့ အစီအစဉ်ရှိပါတယ်” ဟု ဖြေကြားခဲ့ခြင်း ဖြစ်သည်။

လက်ရှိဝင်ခွင့်စာမေးပွဲသည် ယခင် ၀င်ခွင့်စာမေးပွဲများနည်းတူ အင်္ဂလိပ်စာနှင့် ယခင်သင်ကြားပြီးစီးပြီး ဖြစ်သော သက်ဆိုင်ရာ ဘာသာရပ်၊ ပေါင်းနှစ်ဘာသာ ဖြေဆိုရမည်ဖြစ်ရာ ၀င်ခွင့်စာမေးပွဲ ကျင်းပမည်ဖြစ်ကြောင်း ကြေညာချိန်မှစ၍ သင်ခန်းစာများ လေ့လာချိန် လေးလရမည်ဖြစ်ကြောင်းနှင့် လုံလောက်သော အချိန် ဖြစ်ကြောင်းလည်း ၀န်ကြီးက ထည့်သွင်းဖြေကြားခဲ့သည်။

စိုးသန်းလင်း၊ ဉာဏ်လှိုင်လင်း
Mizzima - News in Burmese

ဝန်ကြီးများမလိမ္မာလျှင် မည်သူ့တွင် တာဝန်ရှိပါနည်း


သမ္မတဦးသိန်းစိန် အစိုးရအဖွဲ့မှ ၀န်ကြီးအချို့ ရာထူးနှင့် မလိုက်ဖက်သော စကားလုံး အသုံးအနှုန်းများ ပြောဆိုနေခြင်းသည် ပြည်သူများအတွက် ထူးဆန်းသည့်ဖြစ်ရပ် မဟုတ်တော့ပါ။ အစိုးရ သစ်တက်ပြီးမကြာမီ သူ့ထက်ငါ အလုအယက်ဖြင့် အံသြမကုန်ဖွယ်စကားများကို ၀န်ကြီးအချို့ပြောခဲ့သည်။ ပြောဆဲလည်းဖြစ်သည်။ သို့သော် ထပ်တလဲလဲထွက်ပေါ်လာသည့် သံတမန်မဆန်သော စကားလုံးများအတွက် မည်သူ့ထံတွင်တာဝန်ရှိ သလဲမေးခွန်းက နယ်လှည့်ပါးရိုက်ရဲသည်ဟု စိန်ခေါ်ပြောကြားခဲ့သော ၀န်ကြီးဦးအုန်းမြင့်၏ ပြောစကားများ ထွက်ပေါ်လာချိန်တွင် ပြည်သူများ အသိချင်ဆုံး မေးခွန်းဖြစ်လာပါသည်။

မေးခွန်း၏အဖြေကို ၀န်ကြီးများရွေးချယ်ခန့်အပ်ထားသည့် သမ္မတဦးသိန်းစိန်လည်းမဖြေသေး။ ကာယကံရှင်ဝန်ကြီးများကိုယ်တိုင်လည်း လူသိရှင်ကြားမဖြေရှင်းသေးပေ။ ပို၍ဆိုးရွားသည်မှာ ၀န်ကြီးတစ်ဦး၏ နှုတ်ဖြင့်ရမ်းကားမှုကို အခြားဝန်ကြီးများကပါ ၀ိုင်းဝန်းဖုံးဖိကာကွယ်နေခြင်းဖြစ်သည်။ ယင်းလုပ်ရပ်က လက်ရှိအစိုးရ၏ အုပ်ချုပ်ရေးယန္တရားနှင့် ဒီမိုကရေစီစနစ်ဖော်ဆောင်မှုအပေါ် သံသယပွားလာစေကြောင်း နိုင်ငံရေးသမားများနှင့် လွှတ်တော်အသိုင်းအ၀ိုင်းအပြင် အရပ်သားအချို့ကပါ ဝေဖန်လာကြသည်။

သမ္မတက ခေါ်ယူသတိပေးရုံသာပြုလုပ်ခဲ့ပြီး ချက်ချင်းအရေးမယူခြင်း၏ နောက်ဆက်တွဲရလဒ်က ယင်းဝန်ကြီးများကို မည်သူတွေကျောထောက်နောက်ခံပြုနေသလဲဆိုသည့် သံသယကိုပိုမိုကြီးထွားလာစေသည်။

ပြည်သူကို ထမင်းတစ်နပ်သာလျှော့စားခိုင်းသော လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဦးမြင့်လှိုင်ဆိုလျှင် ယခင် စစ်အစိုးရအကြီးအကဲဟောင်း ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေး၏လူရင်းဖြစ်ပြီး ယခုနယ်လှည့်ပါးရိုက်မည်ဆိုသည့် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၀န်ကြီး၊ယခင်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အုန်းမြင့်မှာလည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏လူရင်းဖြစ်ပြီး စစ်ခေါင်းဆောင်အဖြစ်မှ ဆင်းသက်လာသော ဗိုလ်ချုပ်ကြီးတစ်ဖြစ်လဲ သမ္မတဦးသိန်းစိန်က အရေးယူရန်နှောင့်နှေးနေကြောင်း ဝေဖန်မှုများရှိလာခဲ့သည်။ ယင်းနှင့်ပတ်သက်၍ သမ္မတ၏ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က တစ်စုံတစ်ရာမှတ်ချက်မပေးလိုကြောင်း၊ မဖြေကြားလိုကြောင်း ၎င်း၏အီးမေးလ်မှတစ်ဆင့် ဖြေကြားခဲ့သည်။

စိတ်နောက်ကိုယ်ပါပြောဆိုခြင်းအတွက် ကာယကံရှင်ဝန်ကြီးများတွင် နံပါတ်တစ်တာဝန်ရှိပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၂(ခ)အရ ပြည်ထောင်စုဝန်ကြီးများကို သမ္မတက ခန့်အပ်ခြင်းဖြစ်၍ သမ္မတတွင်တာဝန်ရှိကြောင်း နိုင်ငံရေးဆောင်းပါးများရေးသားသူ ဒေါက်တာရန်မျိုးသိမ်းကပြောသည်။

ထို့အပြင် ယခုနှုတ်ကြမ်းသည့် ၀န်ကြီးများသည် စစ်သားလူထွက်ဖြစ်၍ ပါးစပ်ဝသီပါနေခြင်းဟု အစိုးရအဖွဲ့က ခုခံပြောကြားနေခြင်းက ရေရှည်တွင် အရပ်ဘက်နှင့် စစ်ဘက် ယုံကြည်မှုတည်ဆောက်ရေးကို ထိခိုက်နိုင်ကြောင်း ၎င်းကထောက်ပြသည်။

“စစ်သားလူထွက်တွေမို့ အကျင့်ပါနေလို့ ဒီလိုပြောတာပါလို့ အစိုးရဘက်က ခုခံပြောကြားတာဟာ အခြေအမြစ်မရှိပါဘူး။ စစ်တပ်အပါအ၀င် အဖွဲ့အစည်းတိုင်းမှာ ကောင်းတဲ့သူ၊ဆိုးတဲ့သူတွေ ဒွန်တွဲရှိနေတာပါ။ အဲဒီလို ခုခံတာဟာ အရပ်ဘက်နဲ့ စစ်ဘက် ယုံကြည်မှုတည်ဆောက်ရေးကို ထိခိုက်နိုင်တဲ့အထိ ဖြစ်နိုင်ပါတယ်”ဟု ဒေါက်တာရန်မျိုးသိမ်းကပြောကြားသည်။

“ကိုယ့်စကားကိုယ်တာဝန်မယူတဲ့သူတွေကို အယုံအကြည်မရှိပါဘူး။ သူတို့ ပြုပြင်ပြောင်းလဲတယ်ဆိုတာ ပါးစပ်ဖျားမှာပဲရှိတာကို ကျွန်တော်တို့ ဦးအုန်းမြင့်အကြောင်း စာစောင်တွေမှာဖတ်ပြီးကတည်းက ပိုသိလာပါတယ်။ ကျွန်တော်တို့ နေ့တိုင်းရှာဖွေစားသောက်နေရတာ အခုထိ မော်တော်ပီကယ်ကို ကြောက်နေရတုန်းပါ။ အခု ကျွန်တော်တို့ ဘယ်သူ့ကိုထောက်ခံရမလဲ၊ အားပေးရမလဲ သဲကွဲသွားတာပေါ့”ဟု အသက်(၃၁)နှစ်အရွယ် တက္ကစီယာဉ်မောင်း ကိုတေဇကျော်ကပြောသည်။

မြန်မာပြည်သို့ ပထမဆုံးအကြိမ်လာရောက်ပြီး သမ္မတဦးသိန်းစိန်နှင့် အစိုးရအဖွဲ့ဝင်များကို တွေ့ဆုံသွားသည့် လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ကလည်း မြန်မာအစိုးရအဖွဲ့အတွင်း ဒီမိုကရေစီလိုလားသူနှင့် မလိုလားသူတို့ နှစ်ခြမ်းကွဲနေကြောင်း ပြောကြားခဲ့သည်။

အစိုးရအဖွဲ့တွင်း သူလူကိုယ့်လူ ဂိုဏ်းကွဲနေခြင်းကြောင့် ၀န်ကြီးတစ်ဦး၏ ပြောမှားဆိုမှားဖြစ်ပါက ကိုယ့်လူပဲ့ထွက်မသွားစေရန် အစွမ်းကုန်ဖုံးဖိအားပေးနေသည်ဟု တထစ်ချပြောဖို့တော့ခက်ကြောင်း၊ သို့သော် လက်ရှိအစိုးရတာဝန်ရှိသူအများစုမှာ ခေတ်ဆိုးကြီးထဲတွင် ကျင်လည်ခဲ့ကြပြီး ခေါင်းဆောင်ဟောင်းများ၏ သြဇာအနည်းနှင့် အများ တစ်နည်းနည်းသက်ရောက်နေမှာ သေချာကြောင်း ယခင်စစ်အစိုးရခေါင်းဆောင်အချို့နှင့် ထဲထဲဝင်ဝင်ရင်းနှီးကျွမ်းဝင်ခဲ့သူ သက်ခိုင်အတ္ထုပ္ပတ္တိကို ရေးသားခဲ့သည့် စာရေးဆရာမင်းဒင်က ပြောကြားသည်။

“တချို့တာဝန်ရှိသူတွေဟာ စကားလုံးရွေးချယ်မှုမှားယွင်းတာ၊ ခံစားမှုကို ပုံဖော်ချက်မှားယွင်းတာ၊ မီဒီယာရဲ့ထိရောက်မှုကို သတိမပြုမိတာတွေကြောင့် ပွဲဆူတာတွေလည်း တွေ့ရပါတယ်။ စေတနာမှန်မမှန်၊ သွေးရိုးသားရိုးဟုတ်မဟုတ် သေချာဆန်းစစ်ဖို့လိုပါမယ်။ ရန်ကုန်တိုင်းဝန်ကြီးချုပ်ရဲ့ ပြည်သူတွေကို အလိုလိုက်မိလို့တိုင်း ပြည်ဆင်းရဲတာဆိုတာမျိုး၊ ၀န်ကြီးဦးအုန်းမြင့်ရဲ့ပါးရိုက်နားရိုက်ရဲတယ်ဆိုတဲ့ အပြောမျိုးကတော့ ဧရာမအလွဲအမှားကြီးတွေပါပဲ”ဟု ၎င်းကဆက်ပြောသည်။

မြန်မာနိုင်ငံတွင် မကြာမီ ၂၀၁၅ အထွေထွေရွေးကောက်ပွဲကို ကျင်းပတော့မည်ဖြစ်သည်။ ရွေးကောက်ပွဲအကြို ၂၀၁၄ တစ်နှစ်လုံးတွင် မြန်မာ့နိုင်ငံရေးသည် စိတ်ဝင်စားစရာများဖြင့် ပြည့်နှက်နေသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေလေ့လာသုံးသပ်ရေးကော်မရှင်၏ အစီရင်ခံစာကို အာရုံစိုက်၍မဆုံးမီ လွှတ်တော်ကိုယ်စားလှယ်ဦးအောင်သိန်းလင်း တင်သွင်းလာသော ပုဒ်မ ၅၉(စ)ကို လူတစ်သိန်းကျော်က လက်မှတ်ထိုးပြီး မပြင်လိုကြောင်း အစီရင်ခံစာကြီး ထွက်ပေါ်လာသည်။

ဦးအောင်သိန်းလင်းကိုတုံ့ပြန်ရန် နိုင်ငံရေးအင်အားစုတို့ လှုပ်ရှားချိန်တွင် မလေးရှားတွင် ရခိုင်ပါတီခေါင်းဆောင်အချို့ သေနတ်ပစ်ခတ်လုပ်ကြံခံရသည်။ မလေးရှားရောက် မြန်မာအရေးဆောင်ရွက်နေသည့် ကိုအောင်ကြီး(၈၈ မျိုးဆက်)အသတ်ခံလိုက်ရသည်။ ရွေးကောက်ပွဲနီးလာသည်နှင့်အမျှ နိုင်ငံရေးလှည့်ကွက်များစွာကို အစိုးရကအသုံးချလာမည်ကိုစိုးရိမ်ကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်း ဦးဇာဂနာကပြောသည်။

“ကျွန်တော်တို့ကို အာရုံထွေပြားအောင်များလုပ်နေသလားလို့ တွေးမိပါတယ်။ ဒီရက်ပိုင်းဖြစ်ရပ်တွေက စိပ်လွန်းလို့ ဘယ်နောက်ကိုလိုက်ပြီး ဘာကိုအရင်ကိုင်တွယ်ရမလဲဆိုတာ မသိဘူးဖြစ်နေတယ်။ ဒီလိုအကွက်တွေရွှေ့နေတယ်လို့ပြောမိလို့ သမ္မတနားကလူတွေက ကျွန်တော့်ကိုကြုံရင်ကြုံသလို ကျွန်တော်တို့ ဘာအကွက်မှမရွှေ့ပါဘူးလို့တောင် တွေ့တိုင်းပြောလာကြတယ်”ဟု ၎င်းကပြောသည်။

လက်ရှိအစိုးရအဖွဲ့အတွင်း သမ္မတဦးသိန်းစိန်မှစ၍ ၀န်ကြီးအတော်များများမှာ ယခင်အစိုးရအကြီးအကဲဟောင်း ဗိုလ်ချုပ်မှူးကြီးနှင့် ကင်းရှင်းသူမရှိခြင်းကြောင့်
အစိုးရဟောင်း၏ သြဇာလွှမ်းမိုးမှုရှိနိုင်ကြောင်းလည်း ၎င်းကဆိုသည်။

မဆင်မခြင်ပြောဆိုသည့် ၀န်ကြီးအားလုံးကို သမ္မတက အရေးမယူဟုဆိုသော်လည်း မြစ်ဆုံကိစ္စတွင် မပြောသင့်သည့်စကားများပြောခဲ့သည့်အတွက် လျှပ်စစ်ဝန်ကြီးဌာန၀န်ကြီးဦးဇော်မင်းကို အရေးယူဖူးသည့်သာဓကကိုလည်း ထည့်တွက်ရမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းကဆိုသည်။

နိုင်ငံတကာတွင် မကြာသေးမီက အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီးက တယ်လီဖုန်းထဲတွင် ဥရောပသမဂ္ဂကို Fuck The EU ဟု သုံးနှုန်းပြောဆိုသည့်သတင်းကို ပြန်ကြားရေးဒုဝန်ကြီးဦးရဲထွဋ်က ၎င်း၏ဖေ့စ်ဘွတ်ခ်စာမျက်နှာမှတစ်ဆင့် ဖြန့်ဝေခဲ့သည်။

Fuck ဆိုတာ သူတို့ယဉ်ကျေးမှုအရ ဆဲတယ်လို့တောင် သုံးလို့မရပါဘူး။ ဒီကနေ့ နိုင်ငံခြားဟစ်ဟော့ပ်သီချင်းတိုင်း အဲဒီစကားလုံးမပါတာတောင် မရှိသလောက်ပါပဲ။ ပြီးတော့ နှိုင်းယှဉ်ပြောရရင် အမေရိကန်က သူ့ပြည်သူကို Fuck လို့ သုံးနှုန်းတာမဟုတ်ပါဘူး။ EU ကိုသာ သုံးနှုန်းတာ။ ဦးအုန်းမြင့်ကတော့ ကိုယ့်မြန်မာပြည်သူတွေ၊ သူ့ကိုရွေးကောက်တင်မြှောက်ထားပါတယ်ဆိုတဲ့ ပြည်သူတွေကို ပါးရိုက်မယ်လို့ပြောသွားတာပါ”ဟု ဇာဂနာကပြောကြားသည်။

ကုလသမဂ္ဂညီလာခံကျင်းပစဉ်တစ်ကြိမ်တွင် ရုရှားမှခေါင်းဆောင်က သူ၏ဖိနပ်ကိုချွတ်၍ အစည်းအဝေးခုံကိုခေါက်ခဲ့ပြီး မကျေနပ်မှုကို ဖော်ပြခဲ့ခြင်းလောက်သာ
အရိုင်းဆုံးဥပမာအဖြစ် ကြုံတွေ့ခဲ့ရပြီး မြန်မာပြည်မှဝန်ကြီးများလို ပြည်သူကို လက်အောက်ငယ်သားအခိုင်းအစေသဖွယ် သဘောထားပြီး ကြိမ်းမောင်းပြောဆိုမှုမျိုး မကြားဖူးခဲ့ကြောင်း ၎င်းကဆိုသည်။

စကားပြောမှားလျှင် ဒုက္ခရောက်တတ်ကြောင်း ဗြိတိန်ဝန်ကြီးချုပ်ဟောင်းဂေါ်ဒွန်ဘရောင်း၏ဖြစ်စဉ်က နမူနာကောင်းတစ်ခုဖြစ်သည်။ ဒုတိယသက်တမ်းအတွက် ရွေးကောက်ပွဲဝင်ရန်ပြင်ဆင်နေသော ဂေါ်ဒွန်ဘရောင်းတစ်ယောက် ၂၀၁၀ ဧပြီလကုန်ပိုင်းက မဲဆွယ်စည်းရုံးရေးခရီးစဉ်တစ်ခုတွင် မဲဆန္ဒရှင်တစ်ဦးဖြစ်သော အသက်(၆၆)နှစ်အရွယ် မစ္စဂီလီယန်ဒက်ဖီနှင့်တွေ့ဆုံကာ ၎င်းပြောသောစကားများ၊ အကြံပြုချက်များကို မီဒီယာများရှေ့တွင် တလေးတစားနားထောင်သည်။ ဖက်လှဲတကင်းနှုတ်ဆက်၍ ခင်ဗျားက အလွန်တော်တဲ့အမျိုးသမီးပါဟု ချီးကျူးသည်။

တွေ့ဆုံမှုအပြီး ကားပေါ်အရောက်တွင်တော့ ၎င်းနှင့်တွေ့ဆုံရန်စီစဉ်သူကို အပြစ်တင်ပြီး “ဒီအမျိုးသမီးကြီးက တစ်ယူသန်မကြီး”ဟု စိတ်ထဲရှိသည့်အတိုင်း ပြောချလိုက်သည်။ကံဆိုးချင်တော့ ၀န်ကြီးချုပ်ရင်ဘတ်တွင် မိုက်ကရိုဖုန်းမချွတ်ရသေး၍ မီဒီယာအပါအ၀င် အားလုံးသိသွားတော့သည်။ စကားမှားယွင်းမှုကို ဂေါ်ဒွန်ဘရောင်းတစ်ယောက် နာရီပိုင်းအတွင်း ပြန်တောင်းပန်သော်လည်း အချိန်မမီတော့ပါ။

ဝန်ကြီးချုပ်၏အဇ္ဈတ္တကို ထိုဖြစ်စဉ်က လှစ်ဟပြလိုက်ပြီး မီဒီယာများတွင် အကြီးအကျယ်ဝေဖန်ခံလိုက်ရသလို ပြည်သူများ၏ ထောက်ခံမှုလျော့ကျကာ ထိုရွေးကောက်ပွဲတွင် ဂေါ်ဒွန်ဘရောင်း ရှုံးခဲ့ပါသည်။

၂၀၁၅ ရွေးကောက်ပွဲသည် အမှန်တကယ် လွတ်လပ်ပြီးတရားမျှတခဲ့ပါက ဦးအုန်းမြင့်အပါအ၀င် ပြည်သူကိုကြိမ်းမောင်းသူ ၀န်ကြီးအချို့ ဒလိမ့်ခေါက်ကွေးကျဆုံးသွားကြမည်သာဖြစ်ကြောင်း စာရေးဆရာမင်းဒင်ကဆိုသည်။

“သွေးရိုးသားရိုးရွေးကောက်ပွဲဆိုရင် ဘယ်ပြည်သူက ကိုယ့်လည်ပင်းကိုယ် ကြိုးကွင်းစွပ်မိအောင် ဒီဝန်ကြီးမျိုးတွေကို မဲပေးပါ့မတုံးဗျာ။ ဒီလိုဝန်ကြီးတွေရဲ့ အသိဉာဏ်အဆင့်မျိုးနဲ့ တိုင်းပြည်ကို ဆင်းရဲတွင်းကနေ ဘယ်လိုဆွဲတင်နိုင်မှာတုံး။ ရှင်းပါတယ်”ဟု ၎င်းကဆိုသည်။

သမ္မတဦးသိန်းစိန်က ကျန်ရှိသည့်အစိုးရသက်တမ်းတွင် ပြည်သူ့လိုအင်နှင့်အသံကို နားထောင်ပြီး ဆက်လက်လုပ်ကိုင်မည်ဟု ကတိပေးပြောကြားသည်။ ဒီမိုကရေစီနည်းလမ်းတကျ ရွေးကောက်ထားသည့် ကျွန်တော်တို့အစိုးရဟု သမ္မတက မကြာခဏသုံးနှုန်းပြောဆိုသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ(၄)တွင် နိုင်ငံတော်၏အချုပ်အခြာအာဏာသည် နိုင်ငံသားများထံမှဆင်းသက်ပြီး နိုင်ငံတော်တစ်ဝန်းလုံးတွင်တည်သည်ဟု ပြဋ္ဌာန်းထားသည်။

အပြောနှင့်အလုပ် တစ်ထပ်တည်းကျစေရန် သမ္မတအနီးမှလူများ ဖြောင့်မတ်မှန်ကန်ဖို့ လိုအပ်ပါသည်။ ၎င်းတို့တွင် အချိန်များစွာမကျန်တော့ပါ။ ရွေးကောက်ပွဲမတိုင်မီ ၂ နှစ်အတွင်း ပြည်သူ့နှစ်လိုမှုကိုပြန်ရရန် ပြည်ပြတ်သားသား အရေးယူရမည်ဖြစ်ပါသည်။

သို့မှသာ ဦးသိန်းစိန်အစိုးရ၏ ပြုပြင်ပြောင်းလဲရေးအပေါ် သံသယ၀င်နေမှုများ ဖယ်ရှားနိုင်မည်ဖြစ်သည်။

ရေးသားသူ- အေးသူစံ
7Day News Journal

လူငယ်များ အတွက် ဗိုလ်ချုပ်၏ သြဝါဒ


၁၉၄၇ ခုနှစ် ဧပြီလ ၁၇ ရက်နေ့ ညတွင် တိုင်းပြည်သို့ နှစ်သစ်ကူး မိန့်ခွန်း ပြော ကြားရာ၌ ဗိုလ်ချုပ်အောင်ဆန်း သည် လူငယ်များ အတွက် အောက်ပါ သြဝါဒကို ထည့် သွင်းမြွက် ကြားခဲ့၏။

”နောက်ပြီးတော့ ကာ တိုင်းပြည် မှာရှိတဲ့ လူငယ်စုကို ကျွန်တော် စကား ပြောပြ လိုတယ်။ ဒီ လူငယ်စုတွေဟာ တော်လှန်ရေး စကားတွေ တော်တော် များများပြော ပြီး နေကြတယ်။ တော်လှန် ရေး ဆိုတာ ဘယ်ဟာကို တော်လှန်ရေး ဆိုတာ သေသေချာချာ လေ့လာဖို့ လို တယ်။ အခုလို အခါမျိုး မှာ ဗမာပြည်လို တိုင်းပြည်မျိုးမှာမို့လို့ လူငယ်တွေဟာ တော်တော်တိုးတက်နေနိုင်တာပဲ။ အိန္ဒိယမှာဆိုရင် လူငယ်တွေဟာ ဒီလိုအခြေအနေမျိုးရောက်ဖို့ အင်မတန် ခဲယဉ်းတယ်။ ဘာဖြစ်လို့လဲ- လူကြီးတွေက လူငယ်တွေထက် အရည်အချင်း အတော်အတန် ရှိနေတော့ တိုးမဖောက်နိုင်တဲ့ အခြေအနေ ရှိတယ်။ အခု လူငယ်တွေ မြန်မာ ပြည်ရဲ့နိုင်ငံရေး မှာ ထိပ်သီး ထိပ်တန်း ရောက်နေတယ် ဆိုတာ လူငယ်တွေ သိပ်တော်လို့ မဟုတ်ဘဲ လူကြီးတွေ သိပ်ညံ့ လို့ဆိုတာကို သိဖို့လိုတယ်။

အဲဒီတော့ ကိုယ့်ကိုကိုယ် သိပ်အထင်ကြီး ဖို့ မလိုဘူး။ အခုနေအခါမျိုး မှာ ကျုပ်တို့ နားမလည်တဲ့ ကိစ္စတွေ အများကြီး ရှိနေတယ်။ အဲဒီတော့ နား မလည်တာတွေကို နားလည်အောင် လုပ်ပါ။ တတ်ယောင်ကား နဲ့တော်လှန်ရေး စကားတွေချည်း တွင်တွင်သုံးပြီး နောက်ဆုံး တော်လှန်ရေးလည်း ဘာမှမဖြစ်ဘူး။ ဒီတော့ ဒါမျိုးကို ရှောင်ဖို့ လိုတယ်။ ဒီတော့ကာ အခုတိုင်းပြည် ပြန်လည် ထူ ထောင်ရေး နဲ့ လွတ်လပ်ရေးတွေ ကို လုပ်တဲ့ လုပ်ငန်းတွေမှာ စကားသိပ်များများ မပြောဘဲနဲ့ အလုပ် တွင်တွင်ကျယ်ကျယ် လုပ်နိုင်အောင် ကြိုးစားဖို့ လို တယ်။

ဗမာပြည်မှာ ဆိုရင် လူငယ်တွေ ဟာ တစ်ယောက်တည်း အပြေးပြိုင်နေရတဲ့ သူတွေလို ပြိုင်ဘက်မရှိဘဲ အပြေး ပြိုင်နေရတာပဲ။ အဲဒီလို ပြိုင်ဘက် မရှိဘဲ အပြေးပြိုင်နေရတဲ့ အထဲက ပန်း တိုင်ကို မရောက်နိုင်လို့ ရှိရင် ငါတို့ တစ်တွေကို ရန်သူက ထ ခြေထိုးလို့ မဟုတ်ဘဲနဲ့ ငါတို့ ရှော်လို့သာ ဆိုတာ သိရမယ်။

ကျွန်တော် ဒါတွေကို ပြောနေရတာလည်းပဲ ရှေ့ကို ဗမာပြည်ရဲ့ အရေး ကို လိုလားလို့ ပြောနေရခြင်း ဖြစ်တယ်။ ကျွန်တော်တို့ရဲ့ အဖို့မှာဆိုရင် ဗမာပြည် လွတ်လပ်ရေးရတဲ့ တစ်နေ့မှာ ကျွန်တော် နိုင်ငံရေးက ထွက်ချင် ထွက်မှာပဲ။ ထွက်ဖို့ လည်း စိတ်ကူးနေတယ်။ အဲဒီတော့ ကျွန်တော် အတိအလင်း ပြောချင်တာက ဗမာပြည်က လူငယ်တွေဟာ အရမ်းမဲ့အထင်ကြီး ပြီးတော့ကာ ကိုယ့် တာဝန်တွေကို မလုပ်ဘဲနဲ့၊ စကားများ မနေဘဲနဲ့ မိမိတို့ နောင်ရေးကို မျှော်တွေးပြီး ဗမာ ပြည်ရဲ့အကျိုးကို တကယ်လို လားတယ် ဆိုရင် လူငယ်တွေဟာ တော်လှန်ရေးစကားတွေ ပြောတာလျှော့ပြီးတော့ တော်လှန်ရေးရဲ့ တကယ့်အလုပ်ကို လုပ်ကြစမ်း ပါဆို တာ ပြောခဲ့ ချင်တယ်”။

၁၉၄၅ ခုနှစ် စက်တင်ဘာလ ၂ဝ ရက် နေ့တွင် ကျင်းပ ပြုလုပ်ခဲ့သော ဗမာ နိုင်ငံ လူငယ်များ အစည်းအရုံး ပြန်လည် ဖွင့်လှစ်ပွဲတွင် ဗိုလ်ချုပ်အောင်ဆန်း က ‘လူငယ်တွေ ဘာလုပ် သင့်သလဲ’ ဟူသော ပြဿနာ အတွက် အောက်ပါ အတိုင်း သြဝါဒ မိန့်ခွန်း မြွက်ကြားခဲ့လေသည်။

”လူငယ်တွေ အတွက် ကျွန်တော် ပြောချင်တာက လူငယ်တွေ တကယ်အလုပ်လုပ်ချင်ရင် နာမည် ပျက်အောင် မလုပ်ပါနဲ့။ နောက်ပြီး တစ်ခုရှိတာက စတန့်လုပ်တာမျိုး၊ လူကြည့်ကောင်းတဲ့ အလုပ်မျိုး၊ နာမည် ရမည့် အလုပ်မျိုးလုပ်ရင် အလကားပဲ။ သေသေချာချာ ထိထိရောက်ရောက် အလုပ်လုပ်ကြရင် လူငယ်တွေဟာ မြို့မှာချည်းပဲ မနေဘဲ တောကိုလည်း သွားပြီးတော့ အလုပ်လုပ် ကြပါ။

မြို့မှာ လုပ်ရင် ထင်ပေါ်တယ်။ လူသိများတယ်။ ဒါပေမဲ့ တကယ် ထိရောက်မှာက တောကိုသွားမှ ထိရောက်မယ်။ အစိုးရကလည်း မြို့မှာရှိတဲ့ လူတွေရဲ့ အခြေအနေကိုပဲ သိတယ်။ တို့တိုင်းပြည် ငြိမ်းချမ်းရေး လုပ်ငန်းလုပ်ရင် မြို့မှာတော့ အောင်မှာပဲ။ ပြီးတော့ ထူထောင်ရေး တွေလည်း မြို့မှာတော့ မြန်မြန်ပြီးမှာပဲ။

သို့သော် တောမှာက ဘယ်သူမှမရောက်တော့ အညံ့ဆုံး ဘဝဖြစ်နေရမှာပဲ။ အခြေအနေ မသိတော့ ဘယ်သူကမှ လုပ်ပေးဖော် မရှိဘူး။ တောကိုသွား ပြီး အလုပ်လုပ်ရမယ်ဆိုရင် ပိုထိရောက် မယ်။ မြို့မှာလုပ်မယ့် လူတွေ လည်း ပြည့် လို့။ ခင်ဗျား တို့တော့ ကြိုက်တော့ ကြိုက်မှာမဟုတ်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ နိုင်ငံရေးသမားလည်း ဒီလိုပဲ ဘုန်းကြီးတွေလည်း ဒီလိုပဲ မြို့ချည်းပဲ ကပ်ချင်တယ်။ ဘုန်းကြီးတွေ သာသနာပြုစမ်းပါ ဆိုရင် တောထဲတောင်ထဲ မသွားချင်ဘူး။ ဆွမ်းတွေ ဘာတွေ မရလို့။ ဟင်း ကောင်းမရလို့၊ သွားတဲ့အခါ မော်တော် ကားလည်း မစီးနိုင်လို့။ ရန်ကုန်မှာဆိုရင် မော်တော်ကားရမယ်၊ ကြက်သား၊ဝက်သား နဲ့ အမြဲတမ်း ကောင်းကောင်း မွန်မွန်စားရမယ်။ တော်သလို ဟင်းနဲ့ ဆွမ်းနဲ့ပဲ တင်းတိမ်နိုင်ရမယ်။ ကုန်း ကြောင်းသွားနိုင်ရမယ်။

တိုင်းပြည်အတွက် လုပ်ရာမှာ အလွန်ထိရောက်တာက တောက ပိုထိရောက်တယ်။ ဒါတော့ မှန်တဲ့အတိုင်း ပြောနေတာ။ နောက်ဆုံးကျတော့ ဘယ်သူမှ လုပ်မှာမဟုတ်ဘူး။ ဥပမာ နိုင်ငံရေးသမားတွေ သူတို့နယ်ကရှိတဲ့ မြို့နဲ့ ရန်ကုန်လာတဲ့အခေါက်နဲ့ ဆိုရင် ဒီလာတဲ့အခါက ပိုများတယ်။ ဘာဖြစ်လို့ ရန်ကုန် ခဏခဏလာပြီး နေရာလုနေကြ တာလဲ။ ဒီလိုပဲ လူငယ်တွေလည်း မြို့နေရင် ပိုထင် ပေါ်တယ်၊ စားစရာသောက်စရာ ကောင်းတယ်ဆိုပြီး မြို့ခိုမနေဘဲ တကယ် အလုပ်လုပ်ချင်ကြရင် တောကိုသွားကြ ဖို့ပဲ။ ဟိုအရင် ၁၉၃ဝ ခုတုန်းက ဗမာတွေဟာ ဒီနေရာမှာ ခေါက်ဆွဲဆိုင် တည်ထောင်ရင် ဒီနေရာမှာဘဲ ဗမာဆိုင် တစ်ဆိုင် ထပ်ပြီးလာတယ်။ ဒီပြင် နေရာတွေ အများကြီး ပြည့်လို့ရှိတယ်။ ဆိုင် သက်သက် မရှိတဲ့နေရာ သွားမရောင်း ဘူး။ ဗမာ့ အကျင့်က ဒီလိုရှိတယ်။ ဒီလို အလုပ်လုပ်ချင်ရင် လုပ်စရာ နေရာတွေဟာ ပြည့်လို့၊ မလုပ်ချင်ဘူး ဆိုရင်တော့ မတတ်နိုင်ဘူး။ လုပ်ချင်ရင် လုပ်စရာ တွေ ပြည့်လို့။

စစ်ပြီး ဗမာပြည်မှာ ထူထောင်ရေး လုပ်ငန်းတွေ အများ ရှိတယ်။ ပညာရေးဘက်က၊ ကျန်းမာရေးဘက်က အများ ရှိတယ်။ တကယ်လုပ်ရင် မြို့မနေပါ နဲ့။ တော သွားကြပါ။ နာမည်ဖြစ်ရုံ၊ စတန့် ဖြစ်ရုံ လုပ်ချင်ရင် ခင်ဗျားတို့ အခုရှိတဲ့ အခြေအတိုင်းပဲ လုပ်ကြ၊ ဗမာပြည်တော့ ကြီးပွား မှာ မဟုတ်ဘူး။

ကျွန်တော်တို့ ဗမာပြည်မှာ ညီညွတ်မှုမရှိဘူး။ ဒါကြောင့်မို့ နိုင်ငံရေးမှာ ဥပမာဆိုရင် ဗမာပြည်ကို တကယ်လို့ နိုင်ငံအုပ်ချုပ်ရေးပေးဖို့ကိစ္စဖြစ်လာတော့ ရှမ်းကနေပြီးတော့ ကျွန်တော်တို့ မပါချင်ဘူးဆိုရင် ခင်ဗျားတို့ ဘာမှ မတတ်နိုင်ဘူး။ ရှမ်းတွေက ကျွန်တော်တို့ ဗမာတွေထဲ မပါချင်ဘူးပြောရင် ဘယ်သူမှ မတတ်နိုင်ဘူး။ ပါချင်အောင်လုပ်ရင် ရှမ်းပြည်သွားပြီး လုပ်ကြ။ ရှမ်းတွေက ကျွန်တော်တို့ သဘောထားတွေ သိလာမယ်ဆိုရင် ဘယ်သူမှ မပါချင်ဘူး ဆိုတဲ့စကား ပြောမှာမဟုတ်ဘူး။ အခုတော့ ရှမ်းတွေမပါချင်ဘူး ပြောတယ်ဆို ရင် ကျွန်တော်တို့ ဘာတတ်နိုင်မလဲ ရှမ်းတွေနဲ့ ကျွန်တော် တို့ ပေါင်းချင်လို့ ရှိရင် ရှမ်းပြည်ထဲမှာ သွားပြီးတော့ အလုပ်လုပ်ကြ။ တကယ်ထိရောက်တဲ့ အလုပ်က အဲဒီလိုလုပ်မှ ဖြစ်မယ်။ အလကား စကားတွေ ပြောနေလို့အပိုပဲ။ အလုပ်လုပ်ရင် တောကိုပဲ သွားကြဖို့ လိုတာ …ကျုပ်ပြော ချင်တယ်”

လူငယ်တွေ အတွက် မှာကြားခဲ့ သော ဗိုလ်ချုပ်သည် ထိုစကား၊ ထိုအမှာများ ကို ပြောကြားစဉ်က ဆိုလျှင် အသက် ၃ဝ ကျော် အရွယ် လူရွယ်သာ ရှိပါသေးသည်။ တိုင်းပြည် အတွက်ဆိုလျှင် ကျရာနေရာ ရောက်ရာ အရပ်တွင် နေနိုင် အောင်လည်း ကျောင်းသားဘဝကဆို လျှင် ရန်ကုန် တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်အအုံ ခုံတန်းလျားပေါ် တွင် အိပ်စက်ခြင်းဖြင့် လည်းကောင်း၊ တက္ကသိုလ် ကျောင်းသားဘဝမှ သခင် ဘဝသို့ အရောက်တွင်လည်း ရေကျော်ရှိ တို့ဗမာ အစည်းအရုံး ဌာနချုပ် တွင် ကြမ်းပိုးများ ခြင်များဖြင့် နပန်းလုံး၍လည်းကောင်း နေထိုင်ခဲ့သလို ဂျပန်စစ်သင် တန်းကာလ၊ ဗမာပြည်သိမ်း တိုက်ပွဲများတွင်လည်း ရဲဘော်များနှင့်အတူ ရှေ့တန်းအထိ ပါဝင်တိုက်ခိုက်ခဲ့သည့် ခေါင်းဆောင်ကောင်းတစ်ဦး ဖြစ်ပါသည်။

ယနေ့ခေတ် လူငယ်များ အတုယူ စံထားအပ်သည့် ပုဂ္ဂိုလ်တစ်ဦးအဖြစ် ဗိုလ်ချုပ်၏ ၉၉ နှစ်မြောက် ရာပြည့်အကြို မွေးနေ့ အား ဂုဏ်ပြု တင်ဆက်လိုက်ခြင်း ဖြစ် ပါသည်။

Popular Myanmar News Journal


Monday, February 3, 2014

လွှတ်တော်ထဲက ဦးရွှေမောင်ဆိုတာ







မြန်မာနိုင်ငံမှာ ဘူးသီးတောင်မြို့ နယ်က လွှတ်တော်ကိုယ်စားလှယ်ဦးရွှေမောင်ဟာ ခုအချိန်မှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ကို သိက္ခာချ စော်ကားလိုက်ပြီဖြစ်တယ် ။ ဒုချရားတန်းကျေးရွာမှာ ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်းကို ရက်ရက်စက်စက် လည်လှီးသတ်ဖြတ်ပြီး အလောင်းဖျောက်တဲ့ အတွက် ရဲတွေက ဂလဲ့ စားချေတဲ့ အနေနဲ့  လက်စားချေ မီးရို့ တာလို့ စွပ်စွဲပြောဆိုလိုက်တာဖြစ်တယ် ။ ဒါပေမဲ့  မောင်တောရဲအဖွဲ့ က အဲဒီလိုမျိုး မပြုလုပ်ခဲ့ ဘူး ဆိုတာကို သက်ဆိုင်ရာ တာဝန်ရှိသူ က ဖြေရှင်းလိုက်ပြီဆိုတာ သိရတယ် ။

ဒီတော့ခါ လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင်ဟာ လိမ်ညာပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ တစ်ခုလုံးကို စော်ကားလိုက်တာဖြစ်တယ် ။ ပြည်သူကို ကူညီရန် အသင့်လို့ ဆောင်ပုဒ်နဲ့ အညီ တာဝန်ကို နေ့ နေ့ ညည မပြတ် ထမ်းဆောင်နေကြရတဲ့  ပြည်သူ့ ရဲတွေကို တိတိကျကျ စော်ကား လိုက်တာဖြစ်တယ် ။ ဒီ့ထက်ရင့်တဲ့  စကားလုံးများ ရှိလေသလားဆိုတာ ဆန်းစစ်လိုက်တော့ ဒီ့ထက်မက ပြောဆိုခဲ့ တဲ့ တဲ့  စကားလုံးတွေက ရှိနေပြီးသားဖြစ်တယ် ။

သူဟာ သမ္မတဦးသိန်းစိန်ကို တိတိကျကျ အားမနာပ စော်ကားမော်ကား ပြောဆိုဝေဖန်သူဖြစ်တယ် ။ သမ္မတက မြန်မာနိုင်ငံမှာ အဲဒီလူမျိုး မရှိပါဘူးလို့  ပြောရင် သူက အလကားညာပြောတာ- ဒီလူမျိုးဟာ သမိုးမှာ ရှိပါတယ်လို့ လွှတ်တော်ညီလာခံထဲမှာ ပြောကြားသူဖြစ်တယ် ။ ပြီးတော့-White Card -အဖြူရောင်ကဒ်နဲ့  ရွေးကောက်ပွဲကို ၀င်လာသူဖြစ်တယ် ။ - အဖြူရောင်ကဒ်ဆိုတာ နိုင်ငံသားလဲ မဟုတ်-တိုင်းရင်းသားလဲ မဟုတ်တဲ့ သူတွေကို ကိုင်ဆောင်ခွင့်ပေးထားတာဖြစ်တယ် ။ ဒီကဒ်တွေနဲ့  ဗဟိုရွေးကောက်ပွဲကော်မရှင်က သူ့ ကို လွှတ်တော်ကိုယ်စားလှယ်အဖြစ် ၀င်ရောက်ခွင့်ပေးခဲ့ တယ် ။ နိုင်ငံသားလဲ မဟုတ်-တိုင်းရင်းသားလဲ မဟုတ်သူကို လွှတ်တော်ကိုယ်စားလှယ်အဖြစ် ပါဝင်စေအောင် ပါတီဝင်လုပ်ပေးတာက ကြံ့ ခို်င်ရေးနဲ့  ဖွံ့ ဖြိုးရေးပါတီဘဲဖြစ်တယ် ။ ကြံ့ခိုင်ရေးနဲ့  ဖွံ့ဖြိုးရေးပါတီဟာ အဓိက တရားခံဖြစ်တယ် ။ ခုတော့ နိုင်ငံတော်အာဏာကို ရယူထားတဲ့  ကြံ့ခိုင်ရေးနဲ့  ဖွံ့ ဖြိုးရေးပါတီဟာ ဘူးသီးတောင်မြို့ နယ်လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင်ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ နဲ့  ရန်တိုက်ပေးနေပြီလားဆိုတာ စောင့်ကြည့်ရတော့မဲ့  ပြသနာဖြစ်တယ် ။

ဒီလိုလွှတ်တော်ကိုယ်စားလှယ်တစ်ဦးကို မဆိုထားနဲ့ တော့- နိုင်ငံတကာမှာ တည်ဆဲဥပဒေတစ်ခုခုကို ပြစ်မှုဆိုင်ရာအရ ကျူးလွန်တယ် ဆိုရင် ဘယ်နိုင်ငံမှာမဆို နိုင်ငံတော်အစိုးရက အရေးယူဖမ်းဆီး စစ်ဆေးရတယ် ။ ဒီတော့ခါ အခုအချိန်မှာ လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင်ဟာ ပြစ်မှုဆိုင်ရာများကို မည်မျှကျူးလွန်နေပြီသလဲဆိုတာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ က တိတိကျကျ စုံစမ်းစစ်ဆေးရတော့မှာဖြစ်တယ် ။ လွှတ်ပေးထားလို့ ကတော့ တစ်နေ့ ထက်တစ်နေ့  မြန်မာနိုင်ငံရဲတပ်ဖွဲ့  ရဲ့  သိက္ခာဟာ လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင်ကြောင့် ထပ်မံကျဆင်းတာတွေ ဖြစ်လာမယ် ဆိုတာ ပြောရဲတယ် ။ ဘာဖြစ်လို့ လဲ ဆိုတော့ သူဟာ နိုင်ငံတကာကို လွှတ်တော်ခမ်းမထဲကနေပြီး သတင်းလိမ်တွေကို ပေးနေတဲ့  သူလှိုအကြီးစား တစ်ဦးဖြစ်နေလို့ ပါဘဲ ။။။။

ခိုင်အောင်ကျော် ( နယူးယောက် )

Thursday, January 30, 2014

ဒေါ်အောင်ဆန်းစုကြည်အတွက် စာတစောင်(န၀မပိုင်း)

  ဒေါ်အောင်ဆန်းစုကြည် အတွက် စာတစ်စောင်(၄၁) 

 

ဒေါ်အောင်ဆန်းစုကြည်နှင့် သားငယ်နှစ်ယောက်

ပါမောက္ခ တိုရူအိုနိုက “မြန်မာ လူ့အဖွဲ့အစည်းနှင့် ယင်း၏ တန်ဖိုး” ဆိုတဲ့ စာအုပ်ထဲမှာ ပုံဂံနားကလူတွေ အနေနဲ့ ညောင်ဦးနဲ့ ပုဂံကြားက နေရာရဲ့ အောက်ဖက် ၂၄ ယူဇနာအနက် မှာ ငရဲရှိနေတယ်လို့ ယုံကြသတဲ့။ (တစ်ယူဇနာကို ၈ ကီလိုမီတာ ရှိပါတယ်။) ဒါကြောင့် ကျွန်မက ပုဂံမှာ လျှောက်လည်ခိုက် ကျွန်မ ရပ်နေတာ ဘယ်ငရဲပေါ်မှာ ပါလိမ့်လို့  တွေးမိတတ် ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အတွက် စာတစ်စောင် (အဌမပိုင်း)

ဒေါ်အောင်ဆန်းစုကြည်အတွက် စာတစ်စောင် (၃၆) 

  စက်တင်ဘာ ၂၇ မှာတော့ ဂျ ပန်ဓာတ်ပုံသတင်းထောက် ခန်းဂျိ နာဂါအိဟာ သတင်းလိုက်နေစဉ်မှာ စစ်သား တစ်ယောက် ရဲ့ အနီးကပ် ပစ်ခတ်မှုကြောင့် သေဆုံး ခဲ့ရပါတယ်။ အဲဒီပစ်ခတ်မှု ဓာတ်ပုံဟာလည်း ခဏအတွင်း မှာ ကမ္ဘာကို ပျံ့နှံ့သွား ပါတော့တယ်။ ဓာတ်ပုံထဲမှာတော့ ကတ္တရာလမ်းပေါ် ပက်လက်လဲကျ နေပြီဖြစ်တဲ့သူဟာ ကင်မရာ ကိုင်ထားတဲ့ ညာလက်ကို မိုးကောင်းကင်ပေါ် ထောင်လျက်သား ကိုင်ထားလေရဲ့။ နိုဝင်ဘာ ၄ ရက်မှာတော့ သူ့ အတွက် လွမ်းဆွတ်ဖွယ်အခမ်းအ နားကို တိုကျိုမှာ ကျင်းပပါတယ်။ တိုကျိုမှာ ရှိတဲ့ မြန် မာတွေနဲ့ ဂျပန် ထောက်ခံသူတွေက စုရုံးပြီး အခမ်းအနားကို တက်ခဲ့ကြတာပါ။ ကျွန်မတို့လည်း မိတ်ဆွေဟောင်းတွေ ကို ပြန်တွေ့ရကာ သူတို့က အခြေအနေ ပေးရင် မြန်မာပြည်ကို အလည်သွားဖို့ အကြံပေး ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အတွက် စာတစ်စောင် (သတ္တမပိုင်း)

ဒေါ်အောင်ဆန်းစုကြည်အတွက် စာတစ်စောင် (၃၁)

မိုက်ကယ့်အတွက် “ဆူရှီ” တစ်ကိုက်


၁၉၉၉ ခုနှစ် ဇန်နဝါရီ ၂၇ ရက်မှာပေါ့။ အဲဒီအချိန်က ကျွန်မ ခင်ပွန်းဟာ ကိုဘေးတက္ကသိုလ်မှာ စာသင်နေချိန် ပါ။ သူက အမြဲလိုလို ဧည့်ပညာရှင်တွေအတွက် အလုပ် တွေများနေတတ်သူမို့ အဲဒီအချိန်မှာ လည်း သူ့မှာ ဧည့်က ရှိနေပါတယ်။ ဧည့်တစ်ယောက်က ကျွန်တော် ဒေါ်အောင်ဆန်းစုကြည်ရဲ့ခင်ပွန်းမှာ ကင်ဆာရောဂါ ခံစားနေရတယ်လို့ ကြားရတယ်။

ဒေါ်အောင်ဆန်းစုကြည်အတွက် စာတစ်စောင် (ဆဌမပိုင်း)

ဒေါ်အောင်ဆန်းစုကြည်အတွက် စာတစ်စောင် (၂၆)


ကျွန်မအထင်တော့ ကင်မ်က နောက်ဆုံးစာမေးပွဲမှာ အတော်လေး ကြိုးစားခဲ့ပုံပါ။ သူ့သူငယ်ချင်းတွေ အားလုံး ကတောင်မှ သူ့ကို “မင်းဘယ်လို မျက်လှည့်ပြ လိုက်တာလဲ” လို့ မေးယူရတဲ့ အထိပါပဲ။ အဆင့်အေ သုံးလုံးသာ ရခဲ့ရင် အောက်စ ဖို့ဒ်ဖြစ်ဖြစ်၊ ကိန်းဘရစ်ခ်ျ ဖြစ်ဖြစ်ကို သွားနိုင်မှာ ပါ။ ခုတော့ ကင်မ်က အေအေရပြီး ဒါရ်ဟမ်ကို သွားရမှာကိုး။ ကင်မ်က စာကို အသည်းအသန် မကျက်ချင်သူလေ။ ဒါပေမယ့် ကျွန်မမှတ်မိ နေတာကတော့ စိန့်အက်ဒ်မွန် ကျောင်းရဲ့ကြော်ငြာ တစ်ခုမှာ ကင်မ်က ကျောင်းစာကြည့်တိုက်ထဲက ခုံတစ် ခုံမှာထိုင်ပြီး စာအုပ် တစ်အုပ်ကို ဖွင့်လျက်သား လက်နှစ်ချောင်း ကို ခေါင်းထဲထိုးထည့်ကာ စာအသည်း အသန်ဖတ်နေတဲ့ပုံ သရုပ်ဆောင် ပေးခဲ့ရသေးတာပါ။ အဲဒီပုံလေးကို သဘောကျလို့ ကျွန်မတောင်တစ်ခု တောင်းယူထားမိပါသေး တယ်။ ကင်မ်က ရှင်မှန်းထားခဲ့သလိုပဲ ရုပ် ချောချောလေးဖြစ် လာသလို ရှင်နဲ့လည်း တူလာတယ်နော်။ ကျွန်မတို့ လင်မယားလည်း ကင်မ်ဟာ ဂျပန်က နာမည်ကြီးအဆိုတော် ရုပ်ရှင်မင်းသား ကင်မူတာကူ့ ထက်ကို ပိုချောတယ်လို့ ပြောဖြစ်ကြပါတယ်။
နောက်ပိုင်း ကင်မ့်ဓာတ်ပုံကို အိုဆာကာမှာ ရှိတဲ့ မြန်မာမိတ်ဆွေကို ပြတော့ ကင်မ့်မျက်နှာက မြန်မာသိပ်ဆန်တယ် လို့ ပြော ပါတယ်။ မြန်မာ အမျိုးသားတွေ အားလုံးက သူ့လို ရုပ်ရည်ချောရဲ့လား။ ရှင်ပြောခဲ့ဖူးတာက “အငယ်လေးသာ မြန်မာမိန်းမ ရခဲ့ရင် သူတို့ကလေးက ရာနှုန်းပြည့် မြန်မာလေး ဖြစ်မှာနော်” လို့ပေါ့။ ဒါပေမယ့် ရှင်အဲဒီလို ပြောတိုင်း ကျွန်မကတော့ ရှင်ဟာ ကိုယ့်စကားလုံးကို ကိုယ်ဘယ်လို ပြောမိကြောင်း သိရဲ့လားလို့ တွေးဖူးပါတယ်။ စဉ်းစားကြည့်လေ။ ကင်မ့်မျိုးဆက် တစ်လျှောက် မြန်မာမိန်းမကို ဘယ်လောက်ထိ ယူကြမှာတဲ့ လဲ။ သူတို့ကိုလည်း ဘယ်တော့မှ ရာနှုန်းပြည့် မြန်မာ လို့ ခေါ်နိုင်မှာ မဟုတ်ဘူးလေ။ ရှင်ဟာ ဒီကလေးအတွက် မြန်မာ့ အနာဂတ် ဆိုတာမျိုးကို ခပ်ပါးပါးလေး မျှော်နေ မိလေလားဟင်။

ကင်မ့် အချစ်
မီဒိုးဆိပ်ကမ်း ပွဲတော်ဆိုတာ အင်္ဂလန်မှာတော့ လူငယ်တွေ ညလုံး ပေါက် ပျော်ကြကဲကြတဲ့ပွဲတော်ပေါ့။ ကင်မ်လည်း ပွဲတော်သွားလိုက်တာ မိုးလင်းမှ ပြန်လာခဲ့ပါတယ်။ အဲဒီနေ့ မနက်က ကျွန်မတို့ မိုက်ကယ့်ဆီ ရောက်တော့ သူက သူ့နောက် ကို တိုးတိုးတိတ်တိတ် လိုက်ခဲ့ဖို့ ခြေဟန် လက်ဟန်နဲ့ပြောလာလေရဲ့။ မိုက် ကယ့်ကုတင်ပေါ်မှာ အသက်မဲ့သလို အိပ်မော ကျနေတဲ့ ကင်မ့်ကိုပြရင်း မိုက်ကယ်က “ညက တစ်ညလုံး မီဒိုးပွဲတော်မှာ ပျော်နေခဲ့တာလေ။ ခု တော့ ခေါင်မိုးထပ်ထိ တက်ဖို့တောင် ခွန်အား မရှိတော့ဘဲ ကျွန်တော့ ကုတင်ပေါ်မှာ လာအိပ်နေလေရဲ့” လို့ ဆိုပါတယ်။ မိုက်ကယ့် ကြည့်ရတာ သူ့ကုတင်မှာ လာအိပ်နေတဲ့ သား ငယ် ကလေးကို ကြည့်ပြီး ပီတိတွေ ဖြာနေတဲ့ ဖခင်တစ်ယောက်အသွင် ပါ။ ရှင် မရှိတော့တဲ့နောက် ကင်မ်က သူ့အနားမှာ အမြဲလို ရှိနေခဲ့တဲ့ အတွက် မိုက်ကယ်ဟာ ကင်မ့်ကို ချစ်ပုံ ရပါတယ်။
အဲဒီနှစ် နွေရာသီကုန်ခါနီး တစ်မနက်မှာတော့ မိုက်ကယ့်အိမ်ကို ကျွန်မတို့ ဝင်လည်ဖြစ်ကြပါတယ်။ ဟန်ဂေရီ က ပြန်ရောက် ခါစမို့ လက်ဆောင် ဝင်ပေးဖို့ပေါ့။ သူတို့ဧည့်ခန်းနဲ့ထမင်းစားခန်း အလယ်ကောင်မှာတော့ အပြာရောင် သေတ္တာကြီး တစ်လုံးကို တွေ့ရကာ အထဲမှာ အင်္ကျီအဝတ်အစားတွေ၊ မီးဖိုချောင်သုံး ပစ္စည်း တွေနဲ့ တခြားတိုလီမုတ်စတွေ ရှိနေပါတယ်။ အားလုံးက အသစ်စက်စက် တွေပါ။ ကင်မ့်ရဲ့ ဂစ်တာလေး ကလည်း အဲဒီပစ္စည်းပုံနား မှီလို့ပေါ့။ ကျွန်မတို့လည်း ကင်မ် ဒါရ်ဟမ်ကောလိပ်ကို မနက်ဖြန်မှာ ထွက်သွားတော့ မယ်မှန်း မသိတတ်ခဲ့ဘူးလေ။
ကျွန်မတို့ လက်ဆောင်ပေးတဲ့ ဟန်ဂေ ရီချောကလက်နဲ့ ဆလာမီ တွေကို ထုပ်ပိုးပြီး အဲဒီပစ္စည်း သေတ္တာထဲ ထည့်ရင်း “ကင်မ်ထွက် သွားပြီးရင်တော့ ကျွန်တော် တကယ်ပဲ အထီးကျန်တော့မှာပါ” လို့ မိုက်ကယ်က ဆိုပါတယ်။ ကင်မ်က နောက်ကျော ခိုင်းထားတာမို့ မိုက်ကယ် ပြောတာတွေ မကြားပါစေနဲ့လို့ ဆုတောင်းရင်း ကျွန်မလည်း ခေါင်း အသာ ညိတ်ပြကာ နှုတ်ဆိတ်ခဲ့မိပါ တယ်။
နောက်ဆယ်ရက်လောက် အကြာမှာတော့ မိုက်ကယ်တစ်ယောက် အရမ်းကို အထီးကျန်နေပြီလို့ တွေးကာ ဖုန်းလှမ်း ဆက်လိုက်ပါတယ်။ ကျွန်မ အံ့ဩသွားရတာက ဖုန်းကိုင် သူဟာ ကင်မ်ဖြစ်နေလို့ပါပဲ။ “ကင်မ် ဘာဖြစ်လို့ အိမ်မှာရှိနေတာလဲ”  “ဟမ်…ဒယ်ဒီနဲ့အတူ ဒါရ်ဟမ် ကိုသွားခဲ့တယ်မဟုတ်လား” “ဟုတ်” “ဒါဆို အခု ဘာလို့ အိမ်မှာရှိနေရတာ လဲ၊ ဘာလဲ ဒါရ်ဟမ်က ပျင်းစရာ ကောင်းလို့လား” “ဟမ်….” အဲဒီလို ဘာမှမေးစမ်းမရတဲ့ အဖြေတွေ ကြောင့် ကျွန်မလည်း ဘာမှဆက်မ မေးတော့ဘဲ ခဏနေရင် ညလယ်စာ လာစားဖို့ ပြောပြီး ဖုန်းချလိုက်ပါတယ်။
အဲဒီနေ့ကစပြီး ကျွန်မတို့လည်း သူတို့တိုက်ခန်းလေးမှာ ကင့်မ် ကောင်မလေးကို မကြာခဏတွေ့ ကြရတော့ တာပါပဲ။ သူတို့က မီဒိုးပွဲတော်မှာ တွေ့ခဲ့ကြတာလို့ ဆိုပါတယ်။ ကောင်မလေးက လန်ဒန်စီးပွားရေး တက္ကသိုလ် က ဥပဒေပညာနဲ့ ဘွဲ့ရသူပါ။ ရှေ့နေ ရုံးခန်းတစ်ခုမှာလည်း အမှုလိုက်ရှေ့နေရဲ့ လက်ထောက် အဖြစ် ကြိုးစားနေသူပေါ့။ သူက ကင်မ့်ထက် ၈ နှစ်ကြီးကာ ပညာတော့ တော်သူပေါ့။ ကင်မ့် ကြည့်ရတာ ကောင်မလေးကို အတော်ကြီး ချစ်နေပုံပါပဲ။ သူတို့ နှစ်ယောက် ကို တွေ့လိုက်ရင် စာအုပ် တစ်အုပ်အုပ်ကို အတူဖတ် နေတတ်ပါတယ်။ ဟိုနေ့ကတော့ “အာနက်စတို ချေဂွေဗားရား” ကို ဖတ်နေကြတာပါ။ ကင်မ်က အဲဒီစာအုပ်ကို ဘာကြောင့် သဘောကျလဲ ဆိုတာတော့ ကျွန်မ မသိပါဘူး။ မြန်မာပြည်မှာ ကျူးဘား တော်လှန် ရေးမျိုး ဖြစ်စေချင်နေလို့လား။
ကျွန်မခင်ပွန်းကတော့ ကင်မ့်ဘက်က ကောင်မလေးကို အသက်လည်း ကြီးလေတော့ မိခင်တစ်ယောက် လိုပါ တွယ်တာ ချစ်မြတ်နိုး တာမျိုး ဖြစ်နိုင်တယ် လို့ တွေးနိုင်ပေ မယ့် ကောင်မလေးဘက်ကကြည့်ရင် ကင်မ့်ကို ဘာကြောင့် ချစ်တာလဲဆိုတာ တွေးရခက်တယ်လို့ ဆိုပါ တယ်။ ကင်မ့်မှာ လမ်းပျောက်သလို ဖြစ်နေတယ် မဟုတ်လား။ တချို့လူ တွေ ကတော့ နိုဘယ်ဆုရှင်ဖြစ်တဲ့ ရှင့်ရဲ့ ကျော်ကြားမှုကြောင့်လို့ ပြော တတ်ကြပါတယ်။ ဒါပေမယ့် ဘယ် သူကမှ အဖြေမှန်ကို တပ်အပ် မသိ နိုင်ကြပါဘူးလေ။ ကျွန်မတို့က အပြင်လူတွေပဲဟာ။
ကောင်မလေးက မိုက်ကယ်တို့ တိုက်ခန်းလေးကို ပြောင်းလာပြီးတဲ့ နောက်မှာတော့ အခြေအနေက တည်ငြိမ် သွားသလို ပါပဲ။ ဒါပေမယ့် ရှင့်အနေနဲ့ ထမင်းစား စားပွဲပေါ်မှာ အရသာရှိမယ့် စားစရာတွေရောက် လာလိမ့်မယ် ဒါမှမဟုတ် အခန်းလေး သန့်ရှင်းသွားလိမ့်မယ်လို့တော့ မမျှော်လေနဲ့နော်။ ဒါပေမယ့် ဖုန်းထဲမှာ ကောင်မလေးနဲ့ စကားပြောရင် သူ့ရဲ့ အင်္ဂလိပ်စကားက ကောင်းလွန်းလို့ သဘောတွေကျနေမိပါတယ်။ သူက တကယ့်ကို ပညာ တတ်လေးပါ။ တစ်နေ့တော့ မိုက်ကယ်က ကျွန်မကို “နိုရီကိုရေ ကောင်မလေးကို ဘယ်လိုထင်လဲ”လို့ မေးလာ ပါတယ်။ ကျွန်မလည်း ဘာ ပြန်ဖြေရမှန်း မသိဘဲ နှုတ်ဆိတ်နေ မိတာပါ။ ကျွန်မက စုဟာ မြန်မာမလေး တစ်ယောက်ကို လိုချင်တာလို့ ပြောချင်ပေမယ့် မိုက်ကယ်က အခုကောင်မလေးကို လက်ခံလိုပုံပါ။ အဲဒီအချိန် က ဘာမှပြန်မပြော ဖြစ်တာ ကိုတော့ ကျွန်မနောင်တ ရမိပါတယ်။
နောက်နှစ်နွေမှာ မိုက်ကယ့်ဆီ သွားလည်ကြတော့ သူက တစ်ယောက်တည်း ဖြစ်နေပါတယ်။  မိုက်ကယ်က ကျွန်မတို့ ဓာတ်လှေကားက ထွက်အလာကို တံခါးဖွင့် ပြီး ကြိုနေပါတယ်။ မိုက်ကယ့် အမူအရာကြည့်ရတာ ကင်မ်တို့ နှစ်ယောက်ကို လက်ထပ်ပေးမှ သင့်တော်မယ်လို့ တွေးနေပုံပါ။ အဖေ တစ်ယောက်အနေနဲ့ သူကပဲ တာ ဝန်ယူပေးမှ ဖြစ်တော့မယ့် အနေအထား ကိုလည်း သဘောပေါက်နေပုံပါပဲ။
မသီတာ(စမ်းချောင်း)

 

ဒေါ်အောင်ဆန်းစုကြည်အတွက် စာတစ်စောင် (၂၇)

ဒီလိုနဲ့ မိုက်ကယ်က ကောင်လီ ခရိုင်ဘက်မှာ အိမ်တစ်လုံး ဝယ်လိုက်ပါတယ်။ စက်ရုံတစ်ခုနားက အိမ်ပေါ့။ သူ့သဘော ကတော့ ကင်မ်တို့ အနေနဲ့ အိမ်ငှားတင်ထားပြီး အိမ်ကြွေး ဆပ်ရင်း စားစရိတ်ရရင်း နေနိုင်အောင် လို့ပါ။ ဒါပေမယ့် ကောင် မလေးက ရှေ့နေရုံးမှာ ကူနေတဲ့ အလုပ်ကိုလည်း ဆက်မလုပ်တော့ သလိုပါပဲ။ အိမ်အကူ တရုတ် အမျိုးသမီး ကတော့ ကောင်မလေး ကို သိပ်အမြင်မကြည်ပါဘူး။ ကင်မ့်မှာက ဝင်ငွေလည်း မရှိဘူး လေ။ မိုက်ကယ်ကပဲ ကုန်ကျစရိတ် အားလုံးကို တာဝန်ယူထား ပုံရတာမို့ ဒီလို နည်းနဲ့ ကလေးတွေကို ဖျက်ဆီးတာ ကိုတော့ ကျွန်မက မစဉ်းစား တတ်အောင် ပါ။
ဒါပေမယ့် မိုက်ကယ့် ကြည့်ရတာ ကောင်မလေးကို စိတ်ချယုံ ကြည်စွာ အားထားရရင်တောင် ကုန်ကျစရိတ် ကို ပေးလိုက်ခြင်း အားဖြင့် သူ့အိမ်မှာပဲ နေနေကြလို့ ဝန်ထုပ်ဝန်ပိုး လို တွေ့မြင်နေရမှာထက် အဆင်ပြေသလို ခံစားနေရပုံပါပဲ။ အဲဒီကာလတွေမှာ မိုက်ကယ့်ကို ကြည့်ရတာ ပင်ပန်းနွမ်းနယ်နေပြီး နည်းနည်းလည်း စိတ်တိုနေပုံပါပဲ။ ကျွန်မက ကင်ဆာဖြစ်ခဲ့ဖူးသူမို့ ကိုယ်ခန္ဓာ ပင်ပန်းတဲ့အခါ စိတ်နွမ်းပြီး အရာရာကနေ ထွက်ပြေးချင်တာမျိုး ဖြစ်ခဲ့ဖူးပေမယ့် အခု မိုက်ကယ်ဖြစ်နေပုံက လူနေမကောင်းလို့ စိတ်နွမ်း နေပုံမျိုး မဟုတ်ပါဘူး။
အခုနေ အတိတ်ကို ပြန်ကြည့်တော့ မိုက်ကယ်ဟာ ကင်မ့်ကိုဖျက်ခဲ့တယ်လို့ ပြောချင်စရာပါ။ စုရော မိုက်ကယ် ကပါ ပညာရေးကို အမြင့်ဆုံး မှန်းတတ်ကြပြီး အလက်ဇန္ဒားဆို အခုအချိန်မှာ ကွန်ပျူတာနဲ့ ဖလော်ဆိုဖီ ဘာသာရပ်တွေမှာ ပါရဂူဘွဲ့ သင်တန်း တက်ရောက်နေချိန်ပါ။ မိုက်ကယ့် အနေနဲ့ ကင်မ့်ကို ဒါရ်ဟမ် ကောလိပ် ဆီ ပြန်ပို့တာဖြစ်ဖြစ်၊ တခြား သက်မွေးပညာ တစ်ခုခု သင်ခိုင်းတာဖြစ်ဖြစ် လုပ်ခဲ့ခိုင်းသင့်တာပေါ့။ (ကင်မ်က နောက်ပိုင်းမှာ ပရိဘောဂ ဖန်တီးတာ ကိုတော့ သင်ဖြစ်ခဲ့ ပါတယ်။)
ဒါပေမယ့် တစ်ဖက်မှာတွေ့ ရတာကတော့ ကင်မ့်သူငယ်ချင်း တစ်ယောက်ကလွဲရင် ကျန်သူငယ်ချင်း အားလုံး ကလည်း တက္ကသိုလ်ကို မရောက်ဘဲ ကျောင်းထွက်ခဲ့ကြ တာပါ။ ကျွန်မက သူ့ကစားဖော် တွေနာမည် မှတ်မိ သမျှကို ခေါ်ပြီး မေးလေ တိုင်း ကင်မ် ပြန်ဖြေတာကတော့ “ကျောင်း ထွက်လိုက်တယ်” ဆိုတာပဲ ဖြစ်နေခဲ့ပါ တယ်။ သူ့ သူငယ်ချင်းတွေ အားလုံးဟာ ပညာရေး နောက်ခံ လူလတ်တန်းစား မိသားစုတွေ ကနေ မွေးဖွားလာ သူ တွေ ချည်း ဖြစ်ပါတယ်။ ကျွန်မတို့ ရဲ့ ပညာရေးအပေါ် အလေးထားမှု တွေဟာ ခေတ်မမီတော့ တာပဲလားတော့ မသိတော့ပါဘူး။ သူတို့တွေက တန်ဖိုး အဟောင်းတွေ ကို ဆန့်ကျင်မယ့် မျိုးဆက်သစ်တွေ ပဲလားတော့ မသိဘူးလေ။ သူတို့ ဘယ်ကိုဦးတည် နေကြပါလိမ့်။ တကယ်တော့ ကင်မ် ဆိုတာ မိန်းကလေး နာမည်ပါ။  စုနဲ့ မိုက်ကယ် က စာရေးဆရာ ရုဒ်ယာ့ဒ် ကစ်ပလင်းရဲ့ အကောင်းဆုံးလက်ရာ ဖြစ်တဲ့ “ကင်မ်”ကို သဘော အလွန်ကျ ကြတာမို့ အဲဒီသူရဲကောင်းလိုပဲ လမ်းလျှောက်နိုင် သူဖြစ်အောင် သူတို့ ရဲ့ သားငယ်လေးကို ဒီနာမည်ပေးဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
ကင်မ့်အနေနဲ့ အခုဖြစ်ရပ်တွေ မှာ တာဝန်အရှိဆုံးလို့ဆိုနိုင်ပေမယ့် တချို့ကလည်း အဲဒီမိန်းကလေးဟာ ကင်မ့်ရဲ့ အလားအလာတွေ အားလုံးကို ခိုးယူသွားတယ် လို့ ပြောနေတာတွေ ရှိပါတယ်။ တကယ်လည်း သူဟာ ရှင်က မိုက်ကယ့်အတွက် ပညာရေးကိစ္စမှာ ပံ့ပိုးခဲ့သလိုမျိုး ကင်မ့်ရဲ့ အနာဂတ်အတွက် ပံ့ပိုးခဲ့သင့် တာပေါ့နော်။ မြန်မာ မိန်းကလေး တစ်ယောက်ကတော့ သူ့ ခင်ပွန်းကို ကမ္ဘာမှာ ရပ်တည်နိုင်အောင် ပံ့ပိုးနိုင်ခဲ့တယ်လေ။  အဲဒီလို မြန်မာ မိန်းကလေးမျိုးတွေ အင်္ဂလန်မှာ ရှိတာကိုလည်း ကျွန်မသိပါရဲ့။ တစ်နည်းအားဖြင့်တော့ ကင်မ်ဟာ အမိမဲ့ရတဲ့ အထီးကျန်ဘဝအတွက် အဆိုးဆုံးထီကို ရွေးမိတယ်လို့ ဆိုရမှာပေါ့။ သူရွေးတာမို့ သူခံစား သင့်တယ် လို့ ပြောချင်ပြော ကြပါလိမ့်မယ်။ စုရယ် ရှင်ချစ်လှတဲ့ သားငယ် အကြောင်း အခုလို ပြောရတာ ကြေကွဲစရာ ပေမယ့် ဒါတွေက အမှန်တရား ပဲလေ။ (တကယ်တော့ ရှင် မြန်မာနိုင်ငံကို ပြန်သွားပြီး ကတည်း က ကင်မ့်ကို ကျွန်မက စောင့်ကြည့် ခဲ့ရတာမို့ ရှင်သူ့ကိုချစ်သလောက် ကျွန်မလည်း သူ့ကိုချစ်တာ ပါပဲလေ။)
ကံကောင်းထောက်မစွာနဲ့ သူက ခုတော့ လွတ်လပ်နေပါပြီ။ ရှင် နောက်ဆုံးအခေါက် နေအိမ် အကျယ်ချုပ်က မလွတ်မြောက်ခင် သုံးလအလိုမှာ ကင်မ်နဲ့ ကျွန်မ စကားပြောဖြစ်တော့ သူ့အိမ်အကြွေး တွေကို ဆပ်ပြီးပြီ လို့ ပြောပြ ပါတယ်။ သူ စာချုပ်တွေအားလုံး ပြီးပြတ်အောင် ရှင်းပြီးပြီလို့လည်း သိရပါတယ်။ သူကခုတော့ သဘာဝ ပတ်ဝန်းကျင်သမား တစ်ယောက်လို လှေအိမ်အဟောင်းလေး တစ်လုံးမှာ နေနေပါ တယ်။ သူက ယဉ်ကျေးမှု ကျောင်း မှာ နေ့အချိန် မီးဘယ်လိုဖိုရမယ်ဆို တာမျိုး သွားသင်ခဲ့ တဲ့နေ့က ကျွန်မ တို့ဆီကို စက်ဘီးစီးပြီး လာတွေ့တော့ သူ့ကိုယ်မှာ မီးခိုးမှိုင်းတွေ ပေနေသလို မောပန်းတကြီးလည်း ဖြစ်နေပါတယ်။ စုရေ လွန်ခဲ့တဲ့နှစ် သုံးဆယ်လောက်က ဝို့လ်ဖ်ဆန် ကောလိပ် မှာ ကျွန်မခင်ပွန်းက ရှင့် ကလေးနှစ်ယောက် အော်ဟစ် ပြေးလွှား နေတာကို အဝတ်လှန်းတဲ့တုတ် နဲ့ ထိန်းဖို့ ကြံချိန်မှာ ရှင်ကတော့ ကလေးတွေ ကို ဂရုမထားဘဲ ကျွန်မ ခင်ပွန်းနဲ့ ငြင်းစရာတွေ မပြတ် မချင်း ငြင်းမြဲငြင်းနေ ခဲ့တာလေ။

မိသားစုအတွက်လား၊ မြန်မာနိုင်ငံအတွက်လား
မိုက်ကယ်က တစ်ခါတစ်ခါ  မေးတတ်ပါတယ်။ “နိုရီကိုရေ၊ သိပ် စွမ်းအားကြီးတဲ့ မိန်းကလေးများ မသိဘူးလား။ ကင်မ့် အတွက် စုလိုမျိုး အရာရာကို ထိန်းချုပ်နိုင်လောက် အောင် စွမ်းလွန်းတဲ့ မိန်းကလေး လိုနေတယ်ဗျာ” လို့ပေါ့။ စုရေ ရှင် မရှိလိုက်တာ မိုက်ကယ့်ကို လွမ်းစေတာ သာမကဘဲ ကင်မ့်အတွက် လည်း ဂရိပုံပြင်ထဲက သနားစရာ မင်းသားလေး အဖြစ်မျိုးကို တွန်းပို့စေခဲ့ပါတယ်။ အလက်ဇန္ဒားလည်း အခိုက်အတန့်တော့ စိတ်ဒဏ်ရာ ရလိုက်သေးတာပဲကိုး။ ရှင့်အတွက် ကတော့ ရှင့်နိုင်ငံအတွက် တာဝန်ဟာ ရှင့်ပခုံးပေါ်မှာဆိုတာ မှန်ပါတယ်။ ရှင့်နိုင်ငံရဲ့ ဒီမိုကရေစီရေး အတွက် ရှင့်ရဲ့မြင့်မြတ်လှတဲ့ ရည်ရွယ်ချက် ပြည့်ဝအောင် ရှင့်မိသားစု က ရှင့်ကို စောင့်ရမှာပေါ့။ ရှင့်အနေနဲ့ မိသားစု ရဲ့တာဝန်ကိုလည်း ၁၂၀ ရာခိုင်နှုန်း လောက်ထိတောင် ကျေပွန် ခဲ့ဖူးပြီလေ။ ရှင့်မိသားစုကို ခွဲထားရစ်ခဲ့တဲ့ အတွက်တော့ ရှင်နောင်တမရပါနဲ့။ စိတ်မကောင်းလည်းမဖြစ်ပါနဲ့။ ရှင့် မိသားစုနဲ့ ရှင်ဝေးကွာနေရပေမယ့် ရှင့်မိသားစုဟာ ရှင့် မိသားစုပါပဲ လေ။ ကျွန်မပြောခဲ့သလိုပါပဲ၊ မိသားစု ဆိုတာ အသက်၊ လူမျိုးတွေ ဘယ်လိုပဲ ကွဲကွဲ၊ အချိန်နဲ့ နေရာတွေ ဘယ်လိုပဲဝေးဝေး၊ စိတ်သက်သာရာ ရစေမယ့် ဆက်ဆံရေးမျိုးကို ဆိုလိုတာပဲ မဟုတ်လား။
ဒါပေမယ့် အခုလို နားလည် ပေးမှုမျိုးကို မိုက်ကယ့်ဆီကလိုမျိုး ရလိမ့်မယ်လို့ ကလေးတွေဆီကနေ မျှော်လင့် တာကတော့ သိပ်ရက်စက်ရာ ကျပါတယ်။ ရှင့်ကလေးတွေဟာ မိခင်ရဲ့ ပြုစုစောင့်ရှောက်မှုကို ၁၂၀% လောက် အထိရပြီး အသားကျနေ ခဲ့ပြီးကာမှ ရှင်က ရုတ်တရက် ခွဲထွက်သွားလေတော့ ဝမ်းနည်းကြေ ကွဲရမှုတွေထဲကို ၁၂၀%လောက် ကျရောက်သွား ခဲ့ရရှာတာလေ။ တကယ်တော့ အဲရစ်သုံးယောက်စလုံး က ရှင့်အပေါ်မှာ အပြည့်အဝ မှီခိုခဲ့တာလေ။ အလက်ဇန္ဒားက အဲဒီ အချိန်မှာ ၁၆ နှစ်မို့ သူ့ကိုယ်သူ သိတတ်နေပြီလေ။  ဒီအရွယ် ဆိုတာ မိဘက တစ်ပူပူ တစ်ဆူဆူ လုပ်တာ ကို စိတ်ပျက်တတ်ကြပေမယ့် မိဘ ရဲ့တိုက်တွန်း အားပေးမှုတွေ ကိုတော့ အလွန်အမင်းကို လိုအပ် တတ်ကြပါတယ်။ အဲဒီလို စိတ်အခြေအနေမျိုး မှာ အလက်ဇန္ဒားက ရှင့်ကို ရုတ်တရက်ကြီး ဆုံးရှုံးလိုက်ရတာကိုး။ ဘရိတ်ပေါက်သွားတဲ့ ကားတစ်စီးလို ဖြစ်သွားရတဲ့ သူ့အတွက်လည်း ကျန်မိသားစုတွေက စိတ်မကောင်းခဲ့ ရဘူးလေ။
ရှင် နေအိမ်အကျယ်ချုပ် ကျသွားတော့ ကလေးတွေအတွက် လူ့ ဘဝကို လှစ်ဟမယ်ဆိုရင် မမျှော်လင့်ထား တာတွေ တသီကြီး ဖြစ် လာမယ်လို့ တွေးနိုင်သလို အချိန် တန်ရင် လူဆိုတာ ကိုယ့်လမ်း ကိုယ် လျှောက်ရတာ လို့လည်း တွေးနိုင်ပါ တယ်။ ဒါပေမယ့် ကိုယ့်လမ်းကိုယ် လျှောက်မယ့် အစဆုံးခြေလှမ်းအတွက် တော့ မိခင်ဆိုတာ လိုတာပဲလေ။
မသီတာ-စမ်းချောင်း

ဒေါ်အောင်ဆန်းစုကြည်အတွက် စာတစ်စောင် (၂၈)

မိုက်ကယ် ကတော့ သူဟာ ရှင့်အတွက် စိတ်ဓာတ်ရေးရာအရ အားပေးခဲ့ရုံ မကပါဘူး။ ရှင့်အတွက် အခက်အခဲ အကျပ်အတည်းတွေ ပေါ်လာပြီ ဆိုတာနဲ့ မီဒီယာတွေမှာ အဲဒီ သတင်းတွေပါလာပြီး ရှင့်ကို ဆက်လက် အန္တရာယ် မပြုနိုင်အောင်လို့ ရည်ရွယ်ကာ ရှင့်ရဲ့ လူထုဆက်ဆံရေး အရာရှိတစ်ယောက်လို အဝေးကနေ လှုပ်ရှား ဆောင်ရွက်ခဲ့တာပါ။ သူ့အချစ် မေတ္တာတွေကို ပြန်လည် ပေးဆပ်ဖို့ အတွက်လည်း သူ့ကို ပြန် လှည့်ကြည့်စရာ မလိုဘဲ ရှင့်နိုင်ငံ ဒီမိုကရေစီရေး အတွက် ရှေ့ဆက်လုပ်ပါ လို့ အားပေးခဲ့သေးတာပဲလေ။
တကယ်တော့ မိုက်ကယ်ဟာ သူ့ရဲ့နောက်ဆုံး ထွက်သက် အချိန်အထိ ရှင့်ကိုအားပေးခဲ့ပါတယ်။ မိုက်ကယ်ဟာ ဗြိတိသျှကနေ မြန်မာအပေါ်မှာ ကျူးလွန်ခဲ့တဲ့ အမှားတွေ ကျေအောင် အကောင်းဆုံး ပခုံးထမ်း လုပ်ဆောင် သွားတဲ့ အင်္ဂလိပ် တစ်ယောက်လို့ ဆိုရမလားဘဲ။

အလက်ဇန္ဒားရဲ့ ဆူကီယာကီ
အဲဒီအချိန်မှာ အလက်ဇန္ဒားက မြောက်အီလီနွိုက်တက္ကသိုလ်မှာ သင်္ချာ အဓိကနဲ့ ကျောင်းတက်နေတာမို့ ချီကာဂို မှာ နေနေပါတယ်။ သူက အင်္ဂလန်ကို ပြန်လာလေ့ ရှိပေမယ့် လန်ဒန်မှာရှိတဲ့ သူ့အဘိုးအဘွား (မိုက် ကယ့်မိဘ)တွေနဲ့ဖြစ်ဖြစ်၊ လေဒီပက်ထရစ်ရှာ ဂေါရ်ဘုသ် တို့ဆီမှာဖြစ်ဖြစ် နေလေ့ ရှိကာ အောက်စ်ဖို့ဒ်ကို ပြန် လာခဲ့ပါတယ်။ ကျွန်မတို့ ဇနီးမောင်နှံကလည်း အောက်စ်ဖို့ဒ်အိမ်ကို နွေဦး နဲ့ နွေရာသီ ကျောင်းပိတ်ရက်တွေမှ ပဲ သွားလည်ကြတာမို့ သူနဲ့မကြာခဏ မဆုံဖြစ် ခဲ့ကြပါဘူး။
တစ်နေ့တော့ အလက်ဇန္ဒားက အောက်စ်ဖို့ဒ်ကို ရောက်လာသလို ကျွန်မတို့ရဲ့တိုက်ခန်းကိုလည်း အလည်လာ ခဲ့ပါတယ်။ အလက်ဇန္ဒားလို့ ဆိုလိုက်တာနဲ့ သူကြိုက် တတ်တဲ့ “ဆူကီယာကီ”ကိုပဲ သတိရမိတော့တာပေါ့။ ဒါကြောင့် သူ့အတွက် တကယ့်ကို ခက်ခက်ခဲခဲနဲ့ ဆူကီယာကီ လုပ် ကြပါတော့တယ်။ အဲဒီနေ့ ညစာစားပွဲ လေး ကတော့ စုက လွဲပြီး မိုက်ကယ်၊ အလက်ဇန္ဒား၊ ကင်မ်နဲ့ ကျွန်မတို့နှစ်ယောက် အားလုံး စုံစုံညီညီ ရှိတာမို့ နှစ်တွေ အများကြီးကြာခဲ့ပြီးမှ ပြန်ဆုံဆည်းရတဲ့ ညစာပါပဲ။ 
ရှင် မှတ်မိတယ် မဟုတ်လား။ အလက်ဇန္ဒားနဲ့ ကင်မ် က ဆူကီယာကီထဲက ဟင်းသီးဟင်းရွက်တွေအောက်မှာ အသားဖတ်ကို ရှာပြီး လုစားနေကျ ဖြစ်ကာ အလက်ဇန္ဒား ကလည်း “ဒီနားမှာ အသားဖတ် ရှိနေတာ ကျွန်တော် သိတယ်နော်”လို့ ပြောနေကျလေ။ ကျွန်မ ခင်ပွန်းက အသားဖတ် တူတူပုန်းတမ်း အကြောင်း ပြန်ပြောင်း ပြောနေ ခိုက်မှာ အလက်ဇန္ဒားက ရုတ်တရက် “ဒီဆူကီယာကီ ထဲမှာ ဆာကေးပါလား”လို့ မေးလိုက်ပါတယ်။ တကယ်တော့ သူ ငယ်ငယ်လေး တုန်းကပဲ ဆူကီယာကီကို လုပ်ကျွေးဖြစ်ခဲ့တာမို့ ဒီလိုကြီးမှ လုပ်ကျွေးဖြစ်တာ ဒီအကြိမ် ပထမဆုံးပါပဲ။ ကျွန်မတို့ ကလည်း ဆူကီယာကီကို လုပ်မစားတာ ကြာလှပြီမို့ ဆာကေး ထည့်ဖို့ မေ့သွား ခဲ့ပါတယ်။ ဒါကြောင့် ဟင်းချက်တဲ့အခါ သုံးတဲ့ ခပ်ချိုချိုဆာကေး အမျိုးအစားဖြစ်တဲ့ မီရင်ကိုပဲ လက်ထဲရှိတာမို့ လွယ်လွယ် သုံးခဲ့ဖြစ်ပါရဲ့။  ကျွန်မတို့ ကတော့ သူ့ရဲ့ မှတ်ဉာဏ်  ကောင်းပုံကို တအံ့တသြ ဖြစ်မိခဲ့ကြရပါတယ်။ အလက်ဇန္ဒားရဲ့ စူးစမ်း လေ့လာမှု အစွမ်းကလည်း အံ့မခန်း မဟုတ်လား။ ဒီကလေးကတော့ ငယ်ငယ်လေး ထဲက ဘယ်တော့မှ မပြောင်းလဲပါဘူး။
မိုက်ကယ့်ကို အဲဒီအချိန်က အမေရိကန် သမ္မတကလင်တန်က ဖိတ်ကြားပြီး မိန့်ခွန်းတစ်ခု ပြောဖို့ ရှိတဲ့အခါ အလက်ဇန္ဒားက ချီကာဂိုကို ဝင်လာခဲ့ဖို့ အကြိမ်ပေါင်း များစွာ ခေါ်ခဲ့ပါတယ်။ ဒယ်ဒီ့ကို လူတစ်ယောက်နဲ့ မိတ်ဆက် ပေးချင်လို့ပါတဲ့။ မိုက်ကယ်က ဒါထူးခြားတယ်လို့ တွေးမိပြီး သူ့ကို သွားတွေ့ချင်နေခဲ့တာပါ။  အလက်ဇန္ဒား မိတ်ဆက်ပေး ခဲ့တာက မြန်မာ မလေး တစ်ယောက်ပါပဲ။ မိုက်ကယ် မှတ်မိထားတာက အလက် ဇန္ဒားမှာ ကရင် ကောင်မလေး တစ်ယောက် ရှိခဲ့ဖူးတယ် ဆိုတာပါ။ ကင်မ့်လို ပြဿနာမျိုး ဖြစ်လာမှာကို မိုက် ကယ်က စိတ်ပူခဲ့ဖူးတာမို့ အခုတော့ မိုက်ကယ်က စိတ်အေးသွားသလိုပါပဲ။ သူတို့ဓာတ်ပုံတွေ ကြည့်ရတာ ပြုံးပျော်ရယ်ရွှင်လို့ ချည်းနေပါတယ်။
နောက်တော့ အလက်ဇန္ဒားက ကျွန်မတို့ဆီကို သူ ပီအိပ်ခ်ျဒီပါရဂူ ဘွဲ့ကို ကွန်ပျူတာနဲ့ ဖလော်ဆော်ဖီ ဘာသာ တွဲတွေနဲ့ အောင်အောင်မြင်မြင် ရကြောင်း စာနဲ့အတူ ဟာဝိုင်ယီကျွန်းကို အလည်သွားထားတဲ့ ဓာတ်ပုံတွေ ပို့လာပါတယ်။ အခုတော့လည်း သူက သူ့အိမ်လေးမှာပဲ စာတွေ ရေးနေလေရဲ့။ သူ့ရဲ့ အေးချမ်းတိတ်ဆိတ်တဲ့ ဘဝလေး ကြာရှည်ခံနေပါစေလို့ ဆုတောင်းဖြစ်ပါတယ်။
စုရေ အလက်ဇန္ဒားကတော့ ရှင့်အတွက်သားကောင်းတစ်ယောက် ဖြစ်အောင်ကြိုးစားခဲ့ပါတယ်။ သူက မြန်မာ လို ကောင်းကောင်း မပြောတတ်ဘူး ဆိုပေမယ့် ရှင့်အတွက်နဲ့ မြန်မာပြည် အတွက် ဆိုကာ မြန်မာ စကားနဲ့ စာကို ကြိုးစားပမ်းစား သင်ယူခဲ့ပါတယ်။ သူက ငယ်ငယ်တုန်း ကတော့ မြန်မာစာကို စိတ်မဝင်စားခဲ့ဘူး မဟုတ်လား။

အလက်ဇန္နား

ကင်မ့်အကြောင်းပဲ ထပ်ပြောမယ်
ကျွန်မတို့ရဲ့ ကင်မ့်အကြောင်းပဲ ထပ်ပြောမယ်နော်။ မိုက်ကယ်က လူပျိုဖော်ဝင်စမို့ အလက်ဇန္ဒား တစ်ခုခု ဖြစ်သွားမှာကို ပူပန်နေပေမယ့် အလက်ဇန္ဒားက တော်ပြီး လိမ္မာတဲ့ ကလေးပါ။ ကင်မ်ကတော့ အမြဲလိုလို ပျော်ပျော်နေသလို လှုပ်လှုပ်ရှားရှား ကလည်း အင်မတန် နေနိုင်သူပေါ့။
၁၉၈ဝ ခုနှစ် သြဂုတ်မှာ ကျွန်မ တို့ မော်စကိုကနေ ပြန်လာတော့ အောက်စ်ဖို့ဒ်မှာ ၂ လ နေဖြစ်ခဲ့ပါ တယ်။ စုတို့အိမ်ကို သွားလည်တော့ တံခါးဖွင့်လိုက်တာနဲ့ ကစားစရာ သေနတ် ကိုင်ထားတဲ့ ကင်မ်နဲ့ တန်းတိုးခဲ့ကြ တာလေ။ အဲဒီအချိန်က သူဟာ သုံးနှစ်သားပဲ ရှိသေးပြီး ကျွန်မတို့က သူ့ကိုတစ်ခါမှ မတွေ့ဖူးသေးတဲ့ အချိန်ပေါ့။ မိုက်ကယ်က ကင်မ့် နောက်မှာ ပေါ်လာကာ “သူကတော့ ကျွန်တော်တို့ အိမ်ရဲ့ မျက်နှာသစ်က လေးပါ။ လူဆိုး ကလေးပေါ့”လို့ ပြောလိုက်ပါတယ်။ ကင်မ်က ဘိနပ်စီး မပျက်ဘဲ ကျွန်မယောက်ျားရဲ့ ခေါင်းပေါ်ကို တက်ကာ ပခုံးထက်ကနေ ဇောက်ထိုးခိုပြီး သူ့ကို လွှဲပေးဖို့ ပူဆာခဲ့တာပေါ့။ တကယ့်ကိုကလေး ပီသတဲ့ ကလေးလို့ ဆိုရမှာလေ။
ကျွန်မခင်ပွန်းအဖို့ကတော့ အလက်ဇန္ဒားနဲ့ ပတ်သက်ရင်လည်း မှတ်မိသတိရစရာတွေက အများသားပါပဲ။ သူနဲ့ လုပ်ဖော်ကိုင်ဖက် ပါမောက္ခ မီဆာကီတို့က အင်္ဂလိပ် သတင်းစာတွေကို အလက်ဇန္ဒား အတွက် ဂျပန်ကာဘူတို ဦးထုပ်လေး ဖြစ်အောင် လုပ်ပေးခဲ့တာမျိုးပေါ့။ အစကတော့ စုက စာထဲမှာ ရေးခဲ့သလို ကင်မ့်ကို ခပ်ဆိုးဆိုးလေးဆိုပြီး ချစ်ခဲ့ပါတယ်။ ရှင်က ပြောဖူးတာကတော့“အလက်ဇန္ဒားက ကျွန်မ အစ်ကိုနဲ့ သွားတူ ပေမယ့် ဒီအငယ်လေး ကတော့ကြီးလာရင် လူချောလေး ဖြစ်မှာနော” လို့ပေါ့။ ရှင်က ဆိုးပေလေးကိုမှ ချစ်ခဲ့တာကိုး။ တကယ်တော့ ရှင်က သားကြီးနဲ့ပတ်သက်ရင် မျှော်လင့်ချက်တွေ ကြီးမားလွန်းတာမို့ စည်းကမ်း တွေ တင်းတင်းကျပ်ကျပ် ထားပြီး ထိန်းခဲ့ သလောက် အငယ်လေးနဲ့ ပတ်သက်ရင် ဘာမှ သိပ်ကြီးကြီးမားမား မမျှော်လင့်ခဲ့သလို ကင်မ်ကလေး ဆိုးပေနေသမျှ ကို လည်း ရယ်မောနေခဲ့တယ်နော်။
ရှင်တို့ရဲ့ ပါ့ခ်တောင်းအိမ်မှာ တုန်းက ဆူကီယာကီ လုပ်စားခဲ့တော့ သုံးနှစ်အရွယ် ကင်မ်က မထင်မှတ်ဘဲ မီဆိုဟင်းချိုကို ထပ်တောင်းခဲ့တယ်လေ။ သူက အဲဒီတုန်းကမှစ ပြီး ဂျပန်စာကို စားဖူးတာပါ။ ရှင်လည်း အံ့သြနေခဲ့တာပါပဲ။ “နိုရီကိုရေ ဒီကလေးကတော့ ခုကတည်း က မီဆိုကိုကြိုက်နေပြီနော်”လို့ ဆိုခဲ့ တယ်လေ။  အဲဒီနောက်ပိုင်းတော့ အလက်ဇန္ဒားရော ကင်မ်ပါ ဆူကီ ယာကီစားရင် အသား တူတူပုန်းတမ်း ကစားတော့တာ ပဲလေ။
တစ်ခါတုန်းကတော့ ရှင်ပြောခဲ့ဖူးတယ်။ “နိုရီကိုရေ ကင်မ်ကလေး အရမ်းငယ်ငယ်တုန်းက ညသန်းခေါင်ကြီး အိပ်ရာထဲမှာ အန်ချပါလေရော။ မိုက်ကယ်နဲ့ ကျွန်မလည်း သူ့ကို ဆေးကြောသုတ်သင်ပေးပြီး အဝတ်တွေ ဘာတွေ လဲပေးကာ အိပ်ရာမှာ နေရာပြန်ချပေး ကြတာပေါ့။ အဲဒီအခါ သူက ဒယ်ဒီ နဲ့ မာမီ ကျေးဇူးပဲနော် လို့ ပြောခဲ့ တယ်လေ။ အဲဒီလောက် ငယ်တဲ့ကလေးက ကျေးဇူးလို့ ဘယ်မှာပြောလို့လဲနော်” လို့ပေါ့။ ကျွန်မလည်း ကင်မ်ဟာ မိုက်ကယ့် အတိုင်းပဲ လို့ တွေးနေမိပါတယ်။
မသီတာ(စမ်းချောင်း)

ဒေါ်အောင်ဆန်းစုကြည်အတွက် စာတစ်စောင် (၂၉)

 ကင်မ်ဟာ တကယ်တော့ ကစားစရာ သေနတ်ကို အရူးအမူး သဘောကျသူပေါ့။ ကျွန်မက သူ့အကြောင်း တွေး ရင် သေနတ်ပစ်နေတဲ့ပုံကိုပဲ သွားမြင်နေမိတယ်။ ၁၉၈၅ ခုနှစ် တုန်းက ရှင်နဲ့ကင်မ် ဂျပန်ကို လာနေခိုက် ကျွန်မရဲ့ ဦးလေးက ရှင်တို့ကို ဖိတ်တဲ့အကြောင်းလေး သတိရနေမိတယ်။ ဦးလေးက ဒုတိယ ကမ္ဘာစစ် တုန်းက မြစ်ကြီးနားက ရထားတပ်မှာ တာဝန်ထမ်းခဲ့ဖူးသူကိုး။ အဲဒီတုန်းက ကျွန်မကဂျပန်ဘာသာ ပြန်လုပ်ပေးခဲ့ရပြီး ရှင်ကလည်း ရှင့်အဖေ အကြောင်းရော အရင်ခေတ်က စစ်သားတွေ အကြောင်းပါ သိပ်ကို သိချင်နေခဲ့တာ ပဲလေ။ ကျွန်မဦးလေးက ဟိုတယ်ဧည့်ခံ ကောင်တာနား မှာ ကစားစရာ သေနတ်တစ်လက်ကို ဝယ်ပြီး ကင်မ့်ကို လက်ဆောင်ပေး ခဲ့တယ်လေ။ ကင်မ်က သိပ်ကို ပျော်သွားပုံပါပဲ။ ဒါကြောင့် အဲဒီညက အောက်စ်ဖို့ဒ်က သူ့သူငယ်ချင်းဆီ စာတစ်စောင်ရေးပြီး“မက်စ်ရေ၊ ငါ တော့ သေနတ်တစ်လက် ထပ်ရပြန်ပြီကွ။ ဒါပဲ။ ကင်မ်”လို့ကို ကြွားယူပါရဲ့။ ကျွန်မ မှတ်မိနေတာတွေပေါ့။

မိုက်ကယ်ဆုံးပြီး လေးနှစ်အကြာ ၂ဝဝ၃ ခုနှစ်မှာတော့ ကျွန်မတို့က အောက်စ်ဖို့ဒ်မှာ သွားနေခိုက် အလက်ဇန္ဒားက လန်ဒန်မှာ နေနေ ခဲ့ပါတယ်။ ဒါကြောင့် ကျွန်မခင်ပွန်းက သူတို့အားလုံးကို ဆင့်ခေါ် လိုက်ပါရဲ့။ အောက်စ်ဖို့ဒ်က ရိပ်သာမှာရှိတဲ့ အန်တီမသန်းဧ၊ အလက်ဇန္ဒားနဲ့ ကင်မ်ရယ်၊ ကျွန်မတို့ နှစ်ယောက် ရယ် အားလုံး ငါးယောက်သား က ဝေါလ်တန်လမ်းက ငါးဟင်း နာမည်ရတဲ့ စားသောက်ဆိုင်ကို အတူသွားခဲ့ကြ တာပေါ့။ ကင်မ်က အောက်စ်ဖို့ဒ်မှာ ရှိတဲ့ စားသောက် ဆိုင်တချို့ အပေါ်မှာ သြဇာညောင်းသူမို့ ဒီဆိုင်အပေါ်မှာ လည်း သူက သြဇာရှိပါတယ်။  ကျွန်မလည်း သူ့ရဲ့ သေနတ်အကြောင်း စာတစ်စောင်ကို သတိတရပြန် ပြောပြခဲ့မိလေရဲ့။ သူတို့က အတောမသတ်အောင် ရယ်ကြတာပေါ့။ ကင်မ်ကတော့ ဘာမှမစဉ်းစားဘဲ “အဲဒီစာက ကျွန်တော့်ဘဝမှာ ရေးခဲ့တဲ့ တစ်စောင် တည်းသော ပေးစာလေ” လို့ ပြန်ပြော တော့ ကျွန်မမှာ ဘုရားတမိအောင် အံ့သြမိပါတယ်။ ရယ်မောမိရုံက လွဲပြီး ကျွန်မက ဘာများတတ်နိုင် ဦးမှာပါလဲ။ အဲဒါ ရှင့်ရဲ့ချစ်စရာ ကင်မ်လေ။
အလက်ဇန္ဒားကတော့ ကျွန်မ ခင်ပွန်းနဲ့ သူ့ရဲ့ သုတေသန အကြောင်း ပြောရင်း နစ်မျောနေလေ ရဲ့။ ကင်မ်က ကျွန်မနားမှာ ကပ်ထိုင်ရင်း ကျွန်မပန်းကန်ထဲက အစားအသောက်တွေကိုပါ လှမ်းနှိုက် ရင်းနဲ့ ကလေးဆိုး တစ်ယောက်လို နေခဲ့ပါတယ်။  တကယ်တော့ သူ့ အတွက် အမေတစ်ယောက်လို ဆိုးနွဲ့ရမယ့်သူမျိုး လိုအပ် နေရှာတာပါ။ ကင်မ့်သူငယ်ချင်း တစ်ယောက်ရဲ့ အမေက ကျွန်မကို တစ်ခါတုန်းက “ကျွန်မက ကိုယ့်သားထက် တောင်  ကင်မ့်အပေါ် ပိုပြီး တွယ်တာမိတဲ့ အခိုက်အတန့်မျိုး ရှိခဲ့ဖြစ်သေးတယ်”လို့ ပြောခဲ့ဖူးပါတယ်။

မိုက်ကယ် ဈေးဝယ်ထွက်ပုံ
၂ဝဝ၃ ခုနှစ် ဒီပဲယင်း အရေးအခင်း ပြီးတော့ ရှင်က ဝေဒနာတချို့ ခံစားရပြီး အဆင်မပြေမှုတွေ ကြုံလာရ ပေမယ့် ဒီမိုကရေစီရေးနဲ့ လူထုအတွက်ပဲ စိတ်ဇော သန်နေခဲ့တာ မဟုတ်လား။ မိုက်ကယ် မကွယ် လွန်မီက အကြောင်းအရာ တချို့ကို ပြောပြချင်ပါသေးတယ်။ ရှင်က ချုပ်ရိုးဖြေပြီးတာနဲ့ ဆေးရုံက ဆင်းခဲ့ရတာမျိုး ကိုယ့်ကျန်းမာရေး ကို လျစ်လျူရှုပြီး သတ္တိရှိရှိ အခက်အခဲတွေကို ရင်ဆိုင်ခဲ့ရတယ်နော်။ ရှင်  ကိုယ်တိုင်လည်း ရှင့်အတွက် လိုအပ်မယ့်ဆေးကို အပြင်ထွက် မဝယ်နိုင်ခဲ့ သလို ရှင် အပြင်ထွက်ခွင့် ရခဲ့ရင်တောင် ဆေးက လွယ်လွယ်နဲ့ ဝယ်လို့ရလေမလား မသိဘူးနော်။
ခွဲစိတ်ကုသမှုပြီးတဲ့နောက် မှာတော့ ရှင့်ရဲ့ ဟော်မုန်းတွေက မညီမမျှတွေ ဖြစ်လာခဲ့တယ်နော်။ အဲဒီအတွက် ဆေးတွေ ရှင် လိုလာပြီလေ။ အဲဒီအတွက် အင်္ဂလန် ကနေ ဆေးတွေ ပို့ပေးဖို့ လုပ်ကြရတော့ တာပေါ့။ ကျွန်မ တွေးနေမိတာက မိုက်ကယ် သာ အသက်ထင်ရှား ရှိ နေသေးရင် ရှင့်အတွက် ဆေးကို သူကိုယ်တိုင် ဝယ်ပေးမှာ လို့လေ။ ၁၉၉ဝ ခုနှစ်လောက်က မိုက်ကယ် ဟာ ရှင်အဆင်မပြေမှာစိုးလို့ဆိုပြီး ဆေးစတိုးတစ်ခုမှာ မိန်းမသုံး ပစ္စည်း အသုံးအဆောင်တွေ သွားဝယ်သတဲ့။ ရှင် မြင်ယောင်ကြည့်လိုက်စမ်းပါ။ ငွေရှင်းဖို့ မိန်းမပစ္စည်း ရောင်းတဲ့နေရာက ကောင်တာမှာ တန်းစီနေမယ့် မိုက်ကယ့်ကိုလေ။
အဲဒီနေ့က ကောင်တာရှေ့ တန်းစီနေတဲ့အထဲမှာ သူတစ်ယောက်တည်း အမျိုးသားရယ်လို့  ရှိနေတာကို သတိထားမိ သွားတော့ မိုက်ကယ်က “နိုရီကိုရာ ကျွန်တော် ဘယ်လောက်ထိ ရှက်သွားလဲဆိုတာ ပြောကို မပြောပြတတ်အောင် ပါပဲ” လို့ ပြန်ပြောခဲ့ဖူးပါတယ်။ “အဲဒီနေ့ကစပြီး အဲဒီအလုပ်တွေ ကျွန်တော် မလုပ်ဖြစ်တော့ဘူး”လို့ မျက်နှာကို လက်ဝါးနဲ့အုပ်ရင်း ဆက်ပြောခဲ့ ပါတယ်။
မိုက်ကယ်က ခပ်တုန်တုန် ချည့်ချည့် ပုံလေ။ မီးကျွမ်းသွားတဲ့ ဘတ်သီးလုံးကို လဲဖို့အတွက် ရှင် နဲ့သူက ငြင်းခုန် ရန်ဖြစ်နေကျလေ နော်။ ကျွန်မခင်ပွန်းကလည်း မိုက်ကယ် တစ်ယောက် လျှပ်စစ်စီးကြောင်းတွေ အကြောင်း ကောင်းကောင်း နားမလည်ပုံ ကို အံ့သြနေခဲ့တယ်လေ။ အဲဒီမိုက်ကယ်က ရှင် နေအိမ် အကျယ်ချုပ် ကျပြီးနောက် မှာ ကားတစ်စီး ဝယ်လိုက်သေးရဲ့။ ကားက တစ်ပတ်ရစ် အမိုးဖွင့်ကား မျိုးပေါ့။ သူ့အကြောင်း သိနေလို့လား မသိ၊ သူ စီးတဲ့ကားကို လိုက်ဖို့ ကြောက်နေခဲ့ ပါသေးရဲ့။
ကမ္ဘာက မြန်မာအကြောင်း ပိုသိလာလေ မိုက်ကယ်လည်း အပြင်မှာ ပိုပြီး မျက်နှာပြလာရလေပေါ့။ ဒီတော့ ခါတိုင်းလို ခြေလျင်တစ်မျိုး၊ ပြည်သူပိုင် ယာဉ်ရထားတစ်ဖုံနဲ့ သွားနေရတာ အလျဉ်မမီတော့ဘူးပေါ့။ လူအများ ရှေ့မှာ မိုက်ကယ့်ကို ပိုပို မြင်တွေ့လာရပြီလေ။ မိုက်ကယ့်မှာ တစ်နေ့တစ်နေ့ တွေ့စရာတွေသာ မက အိမ်အတွက် ဝယ်ခြမ်းသယ် ဆောင်စရာတွေကလည်း အများသား မဟုတ်လား။ ဒီလိုနဲ့ သူက ကားမောင်း သမားကောင်းတောင် ဖြစ်လာခဲ့ပါတယ်။ ကျွန်မတို့လည်း မြို့ထဲမှာ ဈေးကို ဝယ်ချင်သလောက် ဝယ်လို့ ရလာတာပေါ့။ ခက်တာ ကတော့ ကားပါကင် ရှာရတာပါပဲ။ ကိုယ်ပိုင်ကားတွေက မြို့လယ်မှာ မောင်းခွင့် မရှိတတ်တော့ မြို့ပြင်လမ်း တချို့ကို ရှာရပြန်ပါတယ်။ ဒါကြောင့် ဆင်ခြေဖုံးမှာ ဈေးဝယ်ရတာ ပိုအဆင်ပြေ လေရဲ့။
မိုက်ကယ်က ခဏခဏ ဈေး ဝယ်သလို ကျွန်မတို့ကလည်း သူနဲ့ပဲ အကြုံလိုက်တတ်ပါတယ်။ ကျွန်မခင်ပွန်းကို မိုက်ကယ်က သူ့ နားက ရှေ့ခန်းခုံမှာ ခေါ်ထိုင်တတ် ပါတယ်။ သူတို့က စကား တပြောပြောနဲ့ပေါ့။ “ဆာဒါ ယိုရှီရေ ဈေးဝယ်ထွက် ရတာကို ကြိုက်လား” “မုန်းတယ်ဗျာ”တဲ့။ မိုက်ကယ်က “ကျွန်တော်လည်း မုန်းတာပဲ။ အပြစ်ပေး ခံနေရသလို မထင်မိဘူးလားဗျာ”တဲ့။ အဲဒီလိုနဲ့ ကျွန်မတို့ ကြားမှာ ဈေးဝယ်ထွက်တာကို အပြစ်ပေးခံတာလို့ စကားပြောင်သုံး ဖြစ်လာခဲ့ပါတော့တယ်။ ဘာအတွက် အပြစ်ပေးခံ တာလဲ ဆိုရင် အစားကြီးတဲ့ အတွက်လား ၊ နောက်ပိုင်းမှာ ရှင့်ကို လူကိုယ်တိုင် အကူအညီ သိပ်မပေးနိုင်တော့တဲ့ အတွက်လား။ သူကိုယ်တိုင်ပဲ သိမှာပါ။
စုလို အကျဉ်းသားမျိုး မဟုတ်ပေမယ့် လူတိုင်းဟာ စား၊ ဝတ်၊ နေရေးဆိုတဲ့ အရေးကိစ္စတွေရဲ့ အကျဉ်းသား တော့ ဟုတ်နေ တာပဲလေ။ ဈေးဝယ်ထွက်တယ် ဆိုတာ အာသာဆန္ဒကို ဖြည့်ဆည်းဖို့ပဲ မဟုတ်လား။ ဈေးဝယ် မထွက်ရင် လူတွေ အသက်ရှင်မှာ မဟုတ်သလို နိုင်ငံ့စီးပွားရေးလည်း လည်ပတ်မှာ မဟုတ်ဘူးပေါ့။ ဒီလို တွေးတာဟာ မိုက်ကယ့်စတိုင်လ်ပဲလို့ ဆိုရ မှာပေါ့။ လက်ရှိလူမှုအဖွဲ့အစည်းမှာ နေတယ်ဆိုတာ သောကတွေ ကို ပြန်ခံစားမယ်၊ အပြစ်တွေအားလုံးကို ပခုံးထမ်းမယ် ဆိုတာမျိုးပေါ့။
မသီတာ(စမ်းချောင်း)

ဒေါ်အောင်ဆန်းစုကြည်အတွက် စာတစ်စောင် (၃ဝ)

 အောက်စ်ဖို့ဒ်ကို ခွဲခွာခြင်း
ကျွန်မတို့က အောက်စ်ဖို့ဒ်ကို မသွားခင်တိုင်းမှာ မိုက်ကယ့်ကို  ကြိုတင် ဆက်သွယ်ခဲ့တာချည်းပါပဲ။ ဒါမှ မိုက်ကယ်က ကျွန်မတို့အခန်း ကို အနွေးဓာတ်ရနေအောင် အပူပေးစက်ကို ကြိုတင်ဖွင့်ပေး ထားတတ်ပါတယ်။ ဒါ့အပြင် မီးဖိုထဲက စားပွဲ ပေါ်မှာ ပန်းခြင်းလေးတစ်ခြင်းနဲ့ အတူ “ခင်မင်ရတဲ့ နိုရီကိုနဲ့ ဆာဒါယိုရှီရေ၊ အောက်စ်ဖို့ဒ်က ကြိုဆိုပါတယ်”လို့ စာသားလေးလည်း ချန်ထားရစ် တတ်ပါတယ်။ ကျွန်မတို့ရဲ့ အောက်စ်ဖို့ဒ်ရဲ့ ကနဦး နေ့တိုင်းကို အကောင်းဆုံး ဖြစ်အောင် လုပ်ပေးခဲ့တဲ့အတွက် မိုက်ကယ့်ကို ကျေးဇူးတင်ရပါတယ်။
နောက်ဆုံး မှာတော့ ကျွန်မတို့ရဲ့ အောက်စ်ဖို့ဒ်ဘဝကို ခွဲခွာရမယ့် အချိန် ကျရောက်လာပါပြီ။ ၁၉၉၈ ခုနှစ် နွေဦးမှာတော့ ကျွန်မတို့ရဲ့ အခန်းကို ရောင်းပြီး အင်္ဂလန်ကနေ ခွာဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ အကြောင်းတွေက တော့ အမျိုးမျိုးပေါ့။ အင်္ဂလန်ဆိုတာ အဝေးကြီးမှာလေ။ ပြီးတော့ အင်္ဂလိပ်တွေ စိတ်ရှည်သလိုမျိုး ကျွန်မတို့က ဆတူ စိတ်ရှည်ဖို့ မဖြစ်နိုင်ပေဘူးလေ။ ကျွန်မတို့ က စိတ်တိုတဲ့ ဂျပန်တွေ မဟုတ်လား။ အင်္ဂလန်က အိမ်ဟောင်း တွေမှာ မိသားစုတွေ အများကြီး အခန်းတွေ ကန့်ကန့်ပြီး နေကြတော့ အသံတွေက ဆူလှသကိုး။ ကျွန်မမှာ ကင်ဆာကလည်း ဖြစ်လာပြီ ဆိုတော့ စိတ်ပင်ပန်းရင် ကင်ဆာ ပိုပျံ့မှာ စိုးတာနဲ့ပဲ လေပြောင်း၊ မြေ ပြောင်း ပြောင်းဖို့ အောက်စ်ဖို့ဒ်က ခွာဖို့ ကြံရတာပါပဲ။ အိမ်ပြန်ကြမယ်လို့ ဆုံးဖြတ်တယ်ဆိုပါတော့။
အင်္ဂလန်က ကျန်းမာရေးစနစ် ကြောင့်လည်း အဲဒီကနေ ခွာခဲ့ဖြစ်တယ် ဆိုရမှာပါ။ ကျွန်မရဲ့မိသားစု ဆရာဝန်က ကျွန်မမှာ ကင်ဆာထပ် ဖြစ်လာတယ်လို့ ယူဆနေပါတယ်။ ဒါကြောင့် ချာချီလ်ဆေးရုံကို လွှဲလိုက်ပါတယ်။ ကျွန်မက အောက်စ်ဖို့ဒ်မှာ ရှိတဲ့ ကင်ဆာဝေဒနာရှင်တွေနဲ့ မိတ်ဆွေဖြစ်နေပြီး အချင်းချင်း ဗဟုသုတ တွေ ဖလှယ်ကြနဲ့ ပျော်နေတဲ့ အချိန်ပါ။ အင်္ဂလန်က ကျန်းမာရေးစနစ် အရ အမျိုးသား ကျန်းမာရေးဌာနရဲ့ အစီအမံ အတိုင်းဆိုရင် ကုန်ကျစရိတ်က ဘာမှမရှိပေမယ့် စောင့်ရတဲ့ အချိန်ကတော့ သိပ်ကြာတယ်။ ကိုယ်ပိုင် ဆရာဝန်နဲ့ ပြမယ်ဆိုရင် နှစ်ပတ်အတွင်း ခွဲစိတ်ကုသတာမျိုး လုပ်နိုင်ပေမယ့် ကုန်ကျစရိတ် က တော့ ယန်းနဲ့ဆို သန်းပေါင်းများစွာ ပါပဲ။ အဲဒီလို စနစ်မျိုးဆိုတာ သိလိုက်တော့ အင်္ဂလန်မှာ ဆက်နေဖို့ တွန့် သွားခဲ့ရပါတယ်။ အဲဒီအချိန်မှာ  ကင်မ်က သူ့သူငယ်ချင်းတွေနဲ့ ဂီတ တီးဝိုင်းအဖွဲ့လေးတစ်ခု တည်ထောင် ထားပြီး သဘာဝ သမားအဖြစ် ရပ်တည်နေပြီ ဖြစ်သလို မိုက်ကယ်ကလည်း တိဘက်နဲ့ ဟိမဝန္တာ လေ့လာရေးဌာန တည်ထောင်ဖို့ အိပ်မက်နဲ့ ရှုပ်နေပြီလေ။ ကျွန်မလည်း သူတို့ နှစ်ယောက်ကို ကိုယ့်မျက်စိနဲ့ မြင်နေရမှ စိတ်အေးနိုင်တဲ့ စိတ်ဇော တွေကို လျှော့ချဖို့ အချိန်တန်နေပြီလေ။
ကျွန်မတို့ ဇနီးမောင်နှံ နှစ်ယောက်လုံးက သူတို့သားအဖနဲ့ ဝေးရာမှာ နေဖို့ သိပ်ခက်ခဲပေမယ့် ဂျပန်ကို ပြန်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ ဒါနဲ့ပဲ သူ့စာသင်တန်းတွေ ဧပြီမှာ စမှာကိုမီအောင် ကျွန်မခင်ပွန်းက အိမ်အရောင်း ကိုယ်စားလှယ် လက်ကို အပ်လိုက်ပါတယ်။ အဲဒီနောက်တော့ ကိုယ်စားလှယ်က လွှတ်လိုက်သမျှ လူပေါင်း များစွာကို ကျွန်မက တွေ့ရတော့တာပေါ့။ အိမ်ဝယ်ချင်တဲ့လူတွေက ကျွန်မကို မေးခွန်း ပေါင်းများစွာ မေးပါတော့တယ်။
သူတို့ကို ခဏခဏ မတွေ့နိုင် တော့မှာလို့တွေးပြီး အဲဒီအချိန်မှာ ကျွန်မက ဆူရှီတွေကို အများကြီး ပြင်ဆင်ထား တတ်ပါတယ်။  ကင်မ်က “နိုရီကို မရှိတော့ရင် ဘယ်သူက ကျွန်တော့်ကို ဆူရှီလုပ်ကျွေးမှာလဲ” လို့ ပြောတတ် တာပါ။  ကျွန်မလည်း သူ့အတွက် ရာသက်ပန် ဆူရှီ လုပ်ပေးချင်စိတ်ပဲ ပေါ်လာပါတော့တယ်။ ဒါနဲ့ပဲ သူ့ကို ဂျပန်ကိုလာပြီး ဆူရှီလိပ်နည်း လာသင်ကာ အောက်စ်ဖို့ဒ်မှာ ဆူရှီဆိုင် ဖွင့်ပါလားလို့ အကြံပေးတဲ့အခါ “အင်း၊ ဒီအကြံကောင်းသားပဲ” လို့ ပြန်ပြောလေရဲ့။ ကင်မ်က ချက်ပြုတ်တာလည်း ဝါသနာပါတယ်လေ။  ဒါပေမယ့် ဆူရှီလိပ်တာကို သင်ဖို့ဆိုရင် ကင်မ့်မှာ ဇွဲရော၊ ဆုံး ဖြတ်ချက်ပါ ခိုင်ရမှာပါ။ လက်တွေ့ အလုပ် လုပ်တာကမှ သူ့အတွက် စည်းကမ်းပိုင်းကို အကောင်းဆုံး လေ့လာရာရောက်မှာကိုး။ ကျွန်မတို့က ဆူရှီပန်းကန်တွေ လည်ပတ် နေတဲ့ ဆိုင်မျိုးလေး လုပ်စေချင်တာလေ။ ကျွန်မတို့ အရမ်း မျှော်လင့်လွန်း နေမိသလားဟင်။
အောက်စ်ဖို့ဒ် အထက်တန်းလွှာက ကင်မ့်သူငယ်ချင်းက ကျွန်မတို့ရဲ့ ဆူရှီကို လာစားပြီး အရမ်းသဘောကျ သွားခဲ့ပါတယ်။ သူက သိပ်မကြာခင် ကွန်းလမ်းဆုံမှာ ဆူရှီဆိုင် ဖွင့်တော့ ကျွန်မတို့ သွားစားလိုက် ပါသေးတယ်။ ဂျပန်တွေကို အဲဒီဟာ ဆူရှီပါလို့ပြောရင် စိတ်ပျက်ကြမှာ အမှန်ပါ။ ခြောက်ကပ်နေတဲ့ ထမင်းလိပ်အဆင့်ပဲ ရှိပါတယ်။ ဒါပေမယ့် ဈေးက သင့်တော့ အလုပ်တော့ ဖြစ်ပုံပါ။ ကင်မ်သာဆို သူ့ ထက်တော့ ပိုကောင်းအောင် လုပ်နိုင်မှာ သေချာပါတယ်။
တစ်ခါတုန်းကလည်း ကျွန်မ က ထမင်းနဲ့ ဝက်သားကြွပ်ကြော် ဖြစ်တဲ့ ကတ်ဆုဒွန်ကိုချက်ပြီး မိုက်ကယ်နဲ့ ကင်မ့်ကို ခေါ်ကျွေးပါတယ်။ မိုက်ကယ်က အလွန့် အလွန်ကို သဘောကျပြီး “နိုရီကို ခင်ဗျား ဒီဟာကို ဆိုင်ခန်းတစ်ခန်း ငှားပြီးဖွင့်ပါလားဗျ။ ဆိုင်ဖွင့်နိုင်အောင် ကျွန်တော် အားလုံး ကူညီမယ်လေ”လို့ အားပေး လေရဲ့။ “ရှင်က နေ့တိုင်း လာမှာလား”ဆိုတော့ “လာမှာပေါ့” တဲ့။ “အင်း ဒါဆိုရင် ကျွန်မတော့ သုံးရက် အတွင်းမှာ အရင်းပြုတ်မှာ သေချာနေပြီ။ ကင်မ် ကလည်း နေ့တိုင်း လာမှာလေ။ သူ့သူငယ်ချင်း တွေလည်း ပါဦးမှာ။ ရှင်တို့ အားလုံးဆီက ပိုက်ဆံတောင်းဖို့ကလည်း မဖြစ်နိုင်ဘူး။ ရှင်ရယ်၊ ကင်မ်နဲ့ သူ့ သူငယ်ချင်းတွေ ရယ်ပဲ ဖောက်သည် ရှိရင်လည်း ခက်ဦးမယ်”လို့ ကျွန်မ ကအရွှန်းဖောက် ခဲ့ဖြစ်ပါသေးတယ်။
စုရေ ရှင့်မိသားစုအကြောင်း မှတ်မိသမျှတွေ ရေးတဲ့အခါ အစားအသောက် အကြောင်းတွေချည်း များနေတာ ကိုတော့ ဆောရီးနော်။ ကျွန်မအနေနဲ့ သူတို့ကို တခြားအ ကြောင်းတွေ မေးဖို့လည်း စိုးရွံ့မိပါတယ်။ အထူးသဖြင့် ကင်မ်ပေါ့။ သူ့စိတ်ကို မှန်းရအောင် သူ့သူငယ်ချင်းတွေ အပေါ်ရယ်၊ အစားအစာ အပေါ်ရယ် သူ့ထင်မြင်ချက် ကိုပဲ မေးထားဖြစ်ခဲ့တော့ သူ့အကြောင်းကို အဲဒီဟာတွေနဲ့ပဲ သတိရဖြစ်နေတာလေ။ တစ်ခါကတော့ ကင်မ်က  ကောက်ခါငင်ခါ “ဆယ်နှစ်ကြီး များ တောင် ရှိပြီနော်”လို့ ပြောချလိုက်ပါ တယ်။ ကျွန်မလည်း အရမ်းကို ခံစားပေါက်ကွဲသွားမိပါတယ်။ ကင်မ်က ဘာကိုမဆို ထူးမခြားနား လို တုံ့ပြန်နေထိုင် နေတာဟာ သူ့ရင်ထဲက ခံစားချက်တွေကို မဖော်ပြချင်လို့ သိုဝှက်ထားရအောင် နေနေတာ လို့ ကျွန်မက နားလည်ထားတာ ကိုး။ ကျွန်မတို့လိုပဲ ကင်မ့်ကို သိ နားလည်ကြတဲ့ မိတ်ဆွေတွေက တော့ သူ့ကို ဝိုင်းပြီး ချစ်ကြပါ တယ်။ စိတ္တဗေဒပညာ သင်တုန်းက တော့ အချစ်ငတ်နေတဲ့ကလေးတွေ က အစားပိုစားတယ်လို့ သင်ခဲ့ရ ဖူးတယ်လေ။ စုရေ ရှင့်မိသားစုဝင် အမျိုးသားအားလုံးက ရှင့်ကို လွမ်း နေခဲ့တာပါ။ မိုက်ကယ့်အတွက် နောက်ဆုံးထွက်သက်အထိ ရှင့်ကို ချစ်နေအောင် ပံ့ပိုးပေးခဲ့တာက တစ် နေ့နေ့မှာတော့ သူရယ်၊ အလက် ဇန္ဒားရယ်၊ ကင်မ်ရယ် သုံးယောက်သား ရှင့်ကို လူကိုယ်တိုင်ပွေ့ဖက် ထားနိုင်တဲ့အခွင့်အရေး ရမှာပဲဆို တဲ့ မျှော်လင့်ချက်ပါပဲ။
ခုတော့ ကျွန်မတို့အခန်းလေး ကို ခွဲရပါတော့မယ်။ ရှင်တို့အခန်း က လခကတော့ အလက်ဇန္ဒားနဲ့ ကင်မ်ပဲ မျှယူမှာပေါ့။ ရှင့်စာအုပ်တွေ၊ အဝတ်အစားတွေ၊ အပ်ချုပ် စက်ဟောင်းလေး၊ အဲဒီပစ္စည်းတွေ က ခေါင်မိုးထပ်မှာ ရှိနေသေးတယ်လေ။ မိုက်ကယ် ဆုံးသွားတဲ့ နောက်မှာတော့ နော်ဟမ်ဥယျာဉ်အိမ်က ရှင်တို့ အခန်းလေး လည်း ရောင်းရဖို့ ဖြစ်လာခဲ့ပါတယ်။ အလက်ဇန္ဒား ကတော့ အဲဒီအခန်းကို မိုက်ကယ့် ကိုယ်စား မရောင်းချင်ခဲ့ပုံပါ။
မသီတာ(စမ်းချောင်း)

 

ဒေါ်အောင်ဆန်းစုကြည်အတွက် စာတစ်စောင် (ပဉ္စမပိုင်း)

ဒေါ်အောင်ဆန်းစုကြည်အတွက် စာတစ်စောင် (၂၁)

မိုက်ကယ့် အလွမ်းပြေ အစီအစဉ် အတွက် သူ့မိသားစုနဲ့ ဆွေမျိုးတွေက စုလိုက်ကြပါတယ်။ အဲဒီညက ဂျပန်စာနဲ့ကျင်းပ ကြတာပေါ့။ အဲဒီပွဲမှာလည်း အလက်ဇန္ဒားက ဘာမှ မလှုပ်ရှားဘဲ ကင်မ်ကပဲ ပွဲကို ဦးဆောင် ပါတယ်။ “ဒီနေ့ ဒီမှာရှိကြတာ အားလုံးက မိသားစုတွေ ချည်းပါပဲ။ အန်တီနိုရီကိုက သွေးသား မတော်စပ်ပေ မယ့် မိသားစုဝင် တစ်ယောက်လို ဖြစ်နေ သူပါ” လို့ ပြောခဲ့ပါတယ်။ ကျွန်မအနေနဲ့လည်း ကိုယ့်ကိုယ်ကိုယ် စုနဲ့မိုက်ကယ်တို့ရဲ့ ကံကြမ္မာ အလိုက် မိတ်ဆွေဆိုတာ ထက် သွေးသားတော်စပ်သူလို ထင်နေမိပါတယ်။ စုရဲ့အားပေးမှုနဲ့ မေတ္တာလှိုင်း ကို ကျေးဇူး တင်စွာနဲ့ပဲ ကင်ဆာကနေ သက်သာခွင့်ရမယ် လို့ ထင်ခဲ့ပါတယ်။ မိုက်ကယ် ဆုံးတဲ့ နေ့မှာပဲ ကျွန်မက ဒီအကြောင်းတွေ တွေးနေမိတာကတော့ ရယ်စရာ ဖြစ်ချင်ဖြစ်နေမှာပါ။

ဒါပေမယ့် မတတ်နိုင်ဘူးလေ။ စုရေ ရှင့်ကိုကျေးဇူးတင်ကြောင်း ပြောဖို့ နောက်ကျနေခဲ့တာကို ခွင့်လွှတ်နော်။ ရှင့်အားပေးမှုအတွက် ကျေးဇူးတင်တယ် လို့လည်း ထပ်ပြောချင်ပါတယ်။ ကျွန်မခင်ပွန်းနဲ့ ကျွန်မတို့ကတော့ မီးဖိုထဲက ထမင်း စားပွဲမှာ မကြာခဏပဲ ရှင်တို့ အကြောင်း ပြောဖြစ်ကြပြီး ထမင်းဆက် မစားနိုင်လောက်အောင် မခံစားနိုင်တော့တဲ့ အခါမျိုးမှာ သူက “မိုက်ကယ်ရေ ထွက်ခဲ့စမ်းပါကွာ”လို့ အော်လိုက်ပြီး ကျွန်မတို့ရဲ့ထမင်းဝိုင်း ကို အဆုံးသတ် ဖြစ်ခဲ့ပါတယ်။ မြန်မာ့ သီတာမင်းသမီး စု စုက ၅ နှစ်နဲ့ ၂လအကြာမှာ ပထမဆုံးအကြိမ် နေအိမ်အကျယ် ချုပ်က လွတ်မြောက်လာခဲ့ပါတယ်။ ၁၉၉၄ ခုနှစ် စက်တင်ဘာ ၂ဝ မှာတော့ အဲဒီအချိန်က စစ်ဘက် ခေါင်းဆောင်တွေဖြစ်တဲ့ ဗိုလ်ချုပ်မှူး ကြီး သန်းရွှေ၊ ဗိုလ်ချုပ်ကြီး မောင်အေးနဲ့ ဗိုလ်ချုပ်ခင်ညွန့်တို့နဲ့ စုတို့ တွေ့ဆုံခဲ့ကြောင်းလည်း ဂျပန်တီဗီမှာ ကြည့်လိုက်ရ ပါတယ်။

 အောက်စ်ဖို့ဒ် က မိုက်ကယ့်အိမ်ကို ရောက်ခဲ့တုန်း ကတည်းက ဒီပုံတွေကို တွေ့ခဲ့ပြီးသားပါ။ အဲဒီပုံတွေကို ကြည့်လိုက်တော့ စုက ပန်းရောင် တောက်တောက် မြန်မာဝတ်စုံနဲ့ ဖြစ်နေပါတယ်။ စု မကြိုက်တတ်တဲ့ အရောင် ဖြစ်နေတာ မို့ အံ့ဩမိပါရဲ့။ မိုက်ကယ်ကတော့ “ကျွန်တော်ပဲ သူ့ကို ငြိမ်းချမ်းရေး အငွေ့ အသက်လေး ရအောင် ပန်းရောင်လေး ဝတ်စမ်းပါလို့ ပြောခဲ့တာပါ” လို့ ဆိုပါတယ်။ တကယ်တော့ မြန်မာပြည် က အိမ်ထဲမှာ ၅ နှစ်လောက် နေလိုက်တဲ့အခါ စုဟာ မြန်မာ့ရိုးရာ ဆိုးဆေးအရောင်တွေနဲ့ ပိုယဉ်ပါးလာသလို ပါပဲ။ နေအိမ် အကျယ်ချုပ်ကို ကျေးဇူးတင်ရမလားပဲ၊ စုက အနောက်တိုင်းဆန်တဲ့ အရောင်တွေကို သဘော တွေ့ခဲ့ရာက အခုတော့ မြန်မာ့သဘာဝ အရောင်တွေကိုပါ ကြိုက်တတ်လာနေပါပြီ။ စစ်အစိုးရ ရဲ့ရည်ရွယ်ရင်း ကို ဆန့်ကျင်လိုက်သလား ပါပဲ။ စုရဲ့ အနောက်တိုင်းဆန်စွာ အရသာတွေ့တတ်တဲ့ အရာတွေ တစ်စစ ကွယ်ပျောက် ပြီး မြန်မာ့ စိတ်ရင်း စိတ်မှန်တွေပြန် လည်ပေါ် ထွက်လာတာ ဒီနေအိမ်အကျယ် ချုပ်ကြောင့်ပဲလေ။


နေအိမ်ခြံဝင်းရှေ့တွင် ပြည်သူလူထုကို တွေ့ဆုံစကားပြောကြားခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်
စုကို ၁၉၉၅ ခုနှစ် ဇူလိုင် ၁ဝ ရက်မှာ ပြန်လွှတ်ပေးခဲ့ပါတယ်။ မြန်မာပြည်အရေးကို စောင့်ကြည့်နေတဲ့ ကမ္ဘာသူ ကမ္ဘာသားတွေ သက်ပြင်းချ လိုက်နိုင်ခဲ့ပြီပေါ့။ ဒါပေမယ့် စုခြံရဲ့ ဂိတ်ပေါက်ဝမှာတော့ စစ်သားတစ်ယောက်က ထိုင်စောင့်ကာ လာသမျှ ဧည့်သည်တွေကို စောင့်ကြည့်နေသေးတာပါပဲ။ စုကို ဘယ်တော့လွှတ်မယ်ဆိုတာ တရားဝင် မကြေညာခဲ့ပေမယ့် လူထုကတော့ ကောလာဟလနဲ့တင် ခြံရှေ့ မှာ အုံနဲ့ကျင်းနဲ့ စောင့်လို့ နေပါတယ်။

စုက ခြံဝမှာပဲ လူထုကို လွတ်လွတ်ချင်း စကားပြောခဲ့ပြီး အဲဒီအချိန်မှာ စုဟာ အလွန့်ကို လှပနေတာ ပါ။ နေအိမ် အကျယ်ချုပ် မကျခင်ကထက်ကို လှနေတာပဲ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကာလ ကျွန်မနဲ့ သိခဲ့တဲ့ ကာလတွေမှာ စုဆီက အဲဒီလောက် တောက်ပတဲ့ အပြုံးမျိုးကို တွေ့ခဲ့ဖူးတယ်လို့ ကျွန်မ မမှတ်မိပါဘူး။ ဒီလို တောက်ပတဲ့ အပြုံးက ကျွန်မစောင့်မျှော်ခဲ့ရတဲ့ စုရဲ့အပြုံးပါပဲ။
တကယ်တော့ စု နေအိမ် အကျယ်ချုပ် ကျပြီလို့ သိရချိန်မှာ ကျွန်မတို့ ဇနီးမောင်နှံက မော်စကို ရောက်နေခဲ့ ပါတယ်။ ဒီသတင်းကို ကြားတဲ့ အချိန်တုန်းက ကျွန်မသိပ် စိတ်မထိခိုက်ခဲ့ပါဘူး။

တစ်နည်းအားဖြင့် စုအတွက် သွေးရင်းမြန်မာ စစ်စစ်တစ်ယောက်ဖြစ်တယ်ဆိုတာ သက်သေပြဖို့ အခွင့်အရေးတစ်ခု ရတာပေါ့လို့ တွေးဖြစ်လို့ ပါပဲ။ ဒီ အကြောင်းကို မိုက်ကယ့်ကိုတောင် မပြောပြဖြစ်ခဲ့ပါဘူး။ တကယ်တော့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီး ဖြစ်ပေမယ့် စုဟာ မြန်မာပြည်ကို ဘယ်လောက်ချစ်ပြီး မြန်မာတွေ အတွက် ဘယ်လောက် ကူညီပေးချင်တယ် ဆိုတာကို သက်သေပြခွင့် မရခဲ့တဲ့အတွက် သူ ဘယ်လောက် စိတ်ဆင်းရဲခဲ့တယ်၊ အပြစ်ရှိသလို ခံစား ခဲ့ရတယ် ဆိုတဲ့ စိတ်ခံစားမှုတွေကနေ လွတ်မြောက်ဖို့ အတွက် နေအိမ် အကျယ်ချုပ်က အခွင့်အလမ်းပေးရာ ကျခဲ့ပါ တယ်။  ရှင်တို့သာ စုနဲ့အတူ နေခွင့်ရခဲ့မယ် ဆိုရင် စုရဲ့ အဲဒီစိတ်ဓာတ်ကို နားလည်နိုင်မှာပါ။ အဲဒီ စိတ်ကြောင့် စုဟာ မိသားစုနဲ့ ပျော်ပျော်ရွှင်ရွှင် နေနိုင်ရက်သားနဲ့ကို အရယ်အပြုံး နည်းပြီး ရင်ထဲမှာ ရှုပ်ထွေးစွာ နေထိုင်ခဲ့ တယ် ဆိုတာ သိမှာပါ။

ခုတော့ စုရဲ့ အိမ်မက်ထဲကအတိုင်း မြန်မာပြည်မှာ သူ့ဘဝကို မြှုပ်နှံဖို့ အခွင့်အရေးက ထွက်မပြေးနိုင် တော့ပါ ဘူး။ အဲဒီအခွင့်အရေးက နေအိမ် အကျယ်ချုပ်ပေါ့။ စုက အခက်အခဲတွေကိုလည်း ကျော်လွှားနိုင်မှာပါ။ နေရခက်လှ တစ်နှစ်၊ နှစ်နှစ် ပေါ့။ ပြီးတော့ စစ်သားတွေက အိမ်ထဲအထိ ဝင်စောင့်နေလေတော့ လုပ်ကြံခံရဖို့ လည်း မပူရဘူးလေ။ စုက လွတ်မြောက်တဲ့အခါမှာတော့ ဖြစ်ပျက်ခဲ့တာတွေကို ပြန်မပြောခဲ့ပါဘူး။ ကျွန်မက စစ်အစိုးရအနေနဲ့ စုကို နေအိမ် အကျယ်ချုပ် ထားတာ ဒီတစ်ကြိမ်ပဲ ဖြစ်မယ်လို့ လျှော့တွက် မိခဲ့ပါတယ်။

တကယ်တော့ စုရဲ့ နေအိမ် အကျယ်ချုပ် ဖြစ်စဉ်ကို အကောင်းမြင်ရတဲ့ အကြောင်းကတော့ နာမည်ကျော် ရာမယဏ ဇာတ်ထဲက သီတာ မင်းသမီး အကြောင်းကို တွေးမိလို့ပါ။  သိကြတဲ့အတိုင်း ရာဝဏက သီတာကို ခိုးပြေးသွားတာကို ရာမက ပြန်ရအောင် ကြိုးစားတာ ၁၄ နှစ် ကြာခဲ့လေတော့ ပြန်ရောက်လာတဲ့ သီတာ့ အနေနဲ့ သူဟာ ရာမအပေါ် သစ္စာမပျက်ခဲ့ကြောင်း သက်သေပြဖို့ ဖြစ်လာခဲ့ပါတယ်။ မီးပုံထဲကို ခုန်ဆင်းပြီး အနာတရမဲ့ ပြန်ထွက်လာနိုင်မှ သူ့သစ္စာကို တည်ရာကျမှာပါ။ နတ်ဒေဝါတွေနဲ့ လူထုရဲ့မေတ္တာတွေကြောင့်ပဲ သီတာမင်းသမီးဟာ သူ့ရဲ့အပြစ်ကင်းမှုကို သက်သေပြ နိုင်ခဲ့တယ် မဟုတ်လား။ စုရဲ့ အဖြစ်က အဲဒီလိုမျိုးလို့ တွေးနေမိတာပါ။

စု လွတ်လာတဲ့အခါမှပဲ ကျွန်မ ဘယ်တုန်းကမှ မမြင်ဖူးခဲ့တဲ့ စုရဲ့ လှိုက်လှဲပြီး ရင်ထဲကလာတဲ့ အပြုံးကို တွေ့လိုက် ရပါတယ်။ သူဟာ သူ့ကိုယ်သူ အပြစ်ရှိတယ်ဆိုတဲ့ အတွေးတွေကနေ လွတ်မြောက်စေခဲ့ပြီ ဆိုတာ ကျွန်မ သိလိုက်ပါတယ်။ သူဟာ လူထုရဲ့ ဒုက္ခသုက္ခတွေကို မျှဝေခံစားခဲ့တာ မရှိဘူးလို့ ဝေဖန် ပြစ်တင်မှုတွေကို ထပ်ခံရစရာ မရှိတော့ ဘူးလေ။ မြန်မာ့ သီတာမင်းသမီး စုဟာ သူ့ရဲ့ ခြောက်နှစ်တာ အကျဉ်းကျမှု၊ ခံစားရမှု တွေနဲ့ သူဟာ မြန်မာပါပဲလို့ သက်သေထူခဲ့ပါပြီလေ။ ဘယ်သူကမှ သူ့ကို သစ္စာဖောက်လို့ မဆိုနိုင်သလို မြန်မာ့နိုင်ငံရေးကို နားမလည်တဲ့ အမျိုးသမီး တစ်ဦးလို့ ဆိုနိုင်တော့မှာလဲ။ စုရဲ့ လွတ်မြောက်မှုမှာ အနက် နှစ်မျိုး ဆောင်နေပါတယ်။ တစ်မျိုးကတော့ အဓိပ္ပါယ်မဲ့ ချုပ်နှောင်မှုကနေ လွတ်မြောက်ခြင်းပေါ့။

 နောက်တစ်မျိုးက တော့ သူဟာ မြန်မာပြည် အတွက် မြှုပ်နှံထားသူပါ လို့ သက်သေပြရမယ် ဆိုတဲ့ စိတ်အစွဲကနေ လွတ်မြောက်မှု ပါပဲ။ တစ်ချိန်တည်း မှာပဲ  စုရဲ့လွတ်မြောက်မှုဟာ ကျွန်မရဲ့လွတ်မြောက်မှုလိုပါပဲ။ ကျွန်မဟာ အစကတည်းက မြန်မာ လူထုအနေနဲ့ စုကို အိမ်ရှင်မဘဝကနေ ထွက် လာပြီး နိုင်ငံရေးထဲမှာ ပါဝင်လာတဲ့အပေါ် သူတို့အတွက် အလုပ်အကျွေးပြုသူ တစ်ယောက် တိုးလာသလို လက်ခံစေချင်ခဲ့တဲ့ အစွဲ ရှိခဲ့တာကိုး။ အခုလို စုကို မြင်ရတဲ့အခါ အကြွေးကြေပြီလို့ တွေးကာ ဘာမှဆက်ခံစားစရာ မလိုတော့ဘူး လို့တွေးမိတော့ နဂိုအစွဲကနေ ကျွန်မလည်း လွတ်သွားတာပဲပေါ့။
ဆက်ပါဦးမည်။

ဒေါ်အောင်ဆန်းစုကြည်အတွက် စာတစ်စောင် (၂၂)

မိုက်ကယ် ဂျပန်လာလည်

၁၉၉၄ ခုနှစ် ဧပြီလမှာတော့ ကျွန်မက ရင်သားကင်ဆာအတွက် ခွဲစိတ်ကုသမှု ခံယူခဲ့ပါတယ်။ ဩဂုတ်လ မှာတော့ ကျွန်မက “ကျွန်မစိတ်ထဲက အောင်ဆန်းစုကြည်” ဆိုတဲ့ ဆောင်းပါးတစ်ပုဒ် ရေးဖြစ်ခဲ့ပါတယ်။ ဆေးရုံကို နှစ်ပတ် တစ်ခါ သွားပြနေ ခဲ့ရပြီး ကင်ဆာ ပျံ့လာမလားရယ်လို့လည်း ပူပန်နေခဲ့မိပါတယ်။ ကျွန်မသာ အောက်စ်ဖို့ဒ်ကို သွားလည်ဖြစ်ခဲ့ ရင် ပြန်ပြီး လန်းဆန်းချင် လန်းဆန်းလာမှာပါ။ ဒါပေမယ့် စု မရှိတော့တဲ့ အောက်စ်ဖို့ဒ်ဟာ ကျွန်မအတွက် ဝေးလွန်းတဲ့ နေရာပါပဲ။

ကျွန်မတို့ ဇနီးမောင်နှံလည်း အခုနေခါ ငရဲတွင်းထဲ ရောက်သလို ခံစားနေရမယ့် မိုက်ကယ့်ကို တွေးပူမိသလို သူ့အတွက် စိတ်ချမ်းသာ သွားစေမယ့် အချိန်လေးတစ်ခု ဖန်တီးပေးချင်မိကြပါတယ်။ ဒါနဲ့ပဲ မိုက်ကယ့်ကို ဂျပန်ကို ဖိတ်မယ်လို့ ဆုံးဖြတ်ပြီး စတင် အကောင်အထည် ဖော်ကြပါတော့တယ်။ တိုက်တိုက် ဆိုင်ဆိုင် ကျွန်မခင်ပွန်းရဲ့ မိတ်ဆွေ ဖြစ်တဲ့ ယူမီယူရီ သတင်းဌာနက စာရေးဆရာ ယဆူအိုစူဇူကီးကလည်း မိုက်ကယ် လာလို့ရအောင် ကူညီမယ်လို့ ဆိုပါတယ်။ မစ္စတာ စူဇူကီးက အင်္ဂလိပ်လိုရော ရုရှားလိုပါ ကျွမ်းကျင်သူမို့ ဝါရှင်တန် မှာတုန်းက နိုဘယ်ဆုရသူတွေကို အင်တာဗျူး ဆိုရင် သူပဲလုပ်ခဲ့ပါတယ်။ သူက မိုက်ကယ့်ကို အင်တာဗျူး လုပ်ဖို့ မျှော်လင့်သလို ယူမီယူရီကလည်း မိုက်ကယ့် အတွက် လေယာဉ်ခ ကို ကုန်ကျခံပေးခဲ့ ပါတယ်။

စုဟာ နေအိမ်အကျယ်ချုပ် ကျနေစဉ်တုန်းက ဆုတွေ အများကြီးကို တစ်ခုပြီး တစ်ခုရခဲ့ပါတယ်။ ၁၉၉ဝ ခုနှစ် အောက် တိုဘာ ၁၂ ရက်မှာ နော်ဝေးကပေးတဲ့   လူ့အခွင့် အရေးဆု၊ ၁၉၉၁ ခုနှစ် ဇူလိုင် ၁ဝ ရက်မှာ  ဆု၊ ၁၉၉၁ ခုနှစ် အောက် တိုဘာ ၁၄ ရက်က ကြေညာတဲ့ နိုဘယ်လ် ငြိမ်းချမ်းရေးဆု တွေပေါ့။ စုအတွက် မိန့်ခွန်း တွေကို မိုက်ကယ်က ပြင်ဆင် ရလေတိုင်း၊ ဆုပေးပွဲတွေကို တက်တိုင်း ကလေးနှစ်ယောက်ကို ခေါ်သွားတတ်ပါ တယ်။ မိုက်ကယ့် ဘဝကလည်း ပညာရှင်အဖြစ်ကနေကမ္ဘာ့မီဒီယာ ရဲ့ မီးရောင်အောက်ကိုရောက်သွား ပြန်ခဲ့ပါပြီ။

၁၉၉၅ ခုနှစ်မှာတော့ မိုက်ကယ်က အောက်စ်ဖို့ဒ်ရဲ့ စိန့်အန် ထော်နီကောလိပ်မှာ အုပ်ချုပ်ရေး အဖွဲ့ဝင် တစ်ဦးဖြစ်နေပါပြီ။ အလက်ဇန္ဒားကတော့ ဝါရှင်တန် မှာရှိတဲ့ ဂျော့ရှ်တောင်း တက္ကသိုလ်မှာ တက်နေပြီး ကင်မ်တစ်ယောက် ပဲ မိုက်ကယ်နဲ့အတူ ပါ့ခ်တောင်း အိမ်မှာနေပါတယ်။ သူတို့ အိမ်ရဲ့ ပထမထပ်နဲ့ ဒုတိယထပ် မှာတော့ အိမ်ငှားတွေ ထားထားပါတယ်။ ကင်မ်က ခေါင်မိုးထပ်မှာ နေပြီး ဒယ်ဒီ မိုက်ကယ် အလုပ်ကတော့ မနက်တိုင်း ကင့်မ်ကို နှိုးရတာပါပဲ။ အစပိုင်း တုန်းကတော့ မိုက်ကယ်က အပေါ်တက်လိုက် ဆင်းလိုက် လုပ်ပါသေးတယ်။ နောက်တော့ သူက အင်တာကွန်းပဲ တပ်ပြီး နှိုးပါတော့ တယ်။ ကင်မ်ကတော့ ဘယ်လိုနှိုးနှိုး တယ်မနိုး တတ်ပါဘူး။

ကင်မ်ရဲ့ ကျောင်းပိတ်ရက်တစ် ရာသီဖြစ်တဲ့ ဖေဖော်ဝါရီထဲမှာ မိုက် ကယ်က ဂျပန်ကို အလည်လာခဲ့ပါတယ်။ မိုက်ကယ်က ကျွန်မတို့ အိမ်ထဲကို ရောက်တယ်ဆိုရင်ပဲ သက်ပြင်းချလိုက်ပြီး “ဆာဒါယိုရှီရေ ခင်ဗျားတို့မှာ ကလေးမရှိတာ ကံကောင်းတာပဲ”လို့ ပြောလိုက်ပါတယ်။ သူက ကျွန်မခင်ပွန်းထက် ၈ နှစ် ငယ်ပေမယ့် သူ့ရဲ့ ပင်ပန်းနေတဲ့ မျက်နှာကို ကြည့်ရတာ ကျွန်မခင်ပွန်းထက်တောင် အသက်ကြီးနေသလား ထင်ရပါရဲ့။

“ဒီအိမ်ကတော့ လုံးဝကို ဘာဆို ဘာမှ မပြောင်းဘူးနော်။ အားလုံးက အရင်အတိုင်းပါပဲလား။ ကျွန်တော် စိတ်အေးချမ်း လိုက်တာ။ နိုရီကိုရေ အားကျတယ်ဗျာ”လို့ မိုက်ကယ်က ပြောပါတယ်။ “ဘာလို့လဲ မိုက်ကယ်ရဲ့။ ရှင့်အိမ်လည်း စနစ်တကျပဲလေ” လို့ဆိုတော့ “အခုတော့ မတူတော့ဘူးဗျာ။ ကင်မ်က ပစ္စည်းတွေကို ပြန့် ကျဲထားပြီး ပြန်လည်း မစီဘူး။ သူ့အခန်းဆို တောအုပ်ကျနေတာပဲ။ ပစ္စည်းတွေက ကြမ်းပေါ်မှာ ပုံထားတာ ဒူးခေါင်းလောက် အမြင့်တောင် ရှိနေပြီ။ ခင်ဗျား ခြေထောက်တစ် ချောင်းချင်းစီ မပြီး လမ်းလျှောက်မှ ရတာ။ နို့မဟုတ်ရင် သူ့အခန်းထဲ ခြေတစ်လှမ်းတောင် လမ်းလျှောက်လို့ ရမှာမဟုတ်ဘူး။ ကျွန်တော်က သူ့ အခန်းကို ရှင်းပေးတော့လည်း သူက စိတ်ဆိုးပြန်ရော”လို့ မိုက်ကယ်က စိတ်လျှော့ပြီး ပြောပြနေပါတယ်။ မိုက်ကယ်က သပ်သပ်ရပ်ရပ် နေတတ်ပြီး ကျွန်မက အသန့်အပြန့် ကြိုက်တာကိုး။ ကင်မ်ကတော့ “ဒယ်ဒီတို့ နှစ်ယောက်လုံး ကျွန်တော့ကို ဒုက္ခပေးမှာတွေပဲ”လို့ ပြောပါတယ်။ သူက သပ်သပ်ရပ်ရပ် နေဖို့ အဆင်ပြေပုံ မရပါဘူး။

၁၉၉၆ ခုနှစ်တွင် မိုက်ကယ်နှင့် ကင်မ်ကို နေအိမ်တွင် တွေ့ရစဉ်

အဲဒီအချိန်က ကျွန်မခင်ပွန်းဟာ ရူကိုကူ တက္ကသိုလ်မှာ စာသင်နေဆဲပါ။ သူ့ရဲ့ တက္ကသိုလ်က ကျောင်း အုပ်ကြီးနဲ့ နီရှီဟွန်ဂန်ဂျီစေတီတို့ကလည်း  မိုက်ကယ့်ကို နွေးနွေးထွေးထွေး ကြိုဆိုပါတယ်။ အိုတာနီ စူးစမ်း လေ့လာရေး ပါတီမှာတော့ အလယ်အာရှက တိဘက်ဘာသာ ပေစာတချို့ ကို မိုက်ကယ် တွေ့လိုက်ရပါတယ်။ ဘာသာမပြန်ရသေးတဲ့ စာမူတွေမို့ မိုက်ကယ်က “အို ဒီအခန်းထဲမှာ ၂ နှစ် ၃ နှစ်လောက် ထိုင်ပြီး ဒီစာမူတွေကို လေ့လာရရင် ဘယ်လောက် ပျော် ဖို့ ကောင်းမှာပါလိမ့်”လို့ တသသ ပြောလေရဲ့။ တက္ကသိုလ်က တာဝန်ရှိသူ တွေကလည်း သူ့ကို လုပ်ပေး စေချင်ပါတယ်။ ဒါပေမယ့် ဒီကိစ္စက သိပ်မဖြစ်နိုင်ဘူးလေ။

တကယ်တော့ သူ့ဘဝမှာ မုန်တိုင်းတွေ ထန်နေတဲ့အချိန် ၁၉၉၄ ခုနှစ်မှာပဲ မိုက်ကယ်ဟာ သူ့ဘဝမှာအရေး ပါတဲ့ စာအုပ်တစ်အုပ်ကို ရေးသားပြီးစီးခဲ့ပါတယ်။ စာအုပ်က “ရာဘင်ကရောင်း၊ ဘူတန်ရှိ ဗုဒ္ဓဘာသာနိုင်ငံ၏ မူလအစ”လို့ နာမည်ပေးထားပါ တယ်။ အဲဒီစာအုပ်အကြောင်း သူက ရူကိုကူတက္ကသိုလ်မှာ လက်ချာ တစ်ခု ပို့ချဟောပြော ပေးခဲ့ပါတယ်။ တိဘက်ပညာရှင်တချို့၊ မနုဿဗေဒ ပညာရှင်တွေ၊ ဗုဒ္ဓဘာသာ လေ့လာနေသူ တွေနဲ့ တခြားပညာရှင်တွေ အများကြီး သူ့လက်ချာကို လာတက်ခဲ့ကြပါတယ်။ ဒါ့အပြင် စုကို ဂျပန် ဘာသာ စကား သင်ပေးတဲ့ မီချီကို တီရာအိ၊ ပါမောက္ခ နီရှီအိုကာ၊ ယာတာရိုဆန်နဲ့ ယူမီယူရီ သတင်းဌာနက မစ္စတာ စူဇူကီးတို့လည်း လာတက်ကြပါတယ်။ ဒီအချိန်ဟာ ခဏလေး ပေမယ့် ပညာရှင်မိုက်ကယ့် အတွက်တော့ အမောတွေ ပြေမယ့် အခိုက်အတန့်လေး ဖြစ်ခဲ့တယ်လို့ ကျွန်မတို့က မျှော်လင့်ခဲ့ပါတယ်။

ယူမီယူရီက မိုက်ကယ် ဂျပန်မှာ ရောက်နေကြောင်း သတင်းမလုပ်ခဲ့တာကိုလည်း ကျွန်မတို့က ကျေးဇူး တင်ခဲ့ပါတယ်။ မိုက်ကယ်ဟာ မီဒီယာတွေရဲ့ မျက်စိအောက်မှာ ကလေးတွေနဲ့ အလုပ်ရှုပ်နေတာ အဖေ အဖြစ်ရော၊ အိမ်ရှင်မ အဖြစ်ရော၊ ပညာရှင် အဖြစ်ပါဆိုတော့ မောရှာပါတယ်။ ဂျပန်ရောက်ခိုက်မှာတော့ နိစ္စဓူဝကိစ္စတွေကနေ ခဏလေး ဝေးနေရပြီး အမောဖြေနိုင်မယ် လို့မျှော်လင့်မိတာပေါ့။ ဂျပန်မှာ လည်း အဲဒီအချိန်က ကိုဘေးငလျင်ကြီး ပြီးခါစလေး ရှိသေးချိန်ပေါ့။

မိုက်ကယ့်အိမ်ကို နတ်သမီးနှစ်ပါး ရောက်လာခြင်း

မိုက်ကယ် ပြန်သွားပြီးနွေရာသီ မှာတော့ ကျွန်မတို့က အောက်စ်ဖို့ဒ်ကို သွားလည်ဖြစ်ခဲ့ပါတယ်။ အဲဒီအချိန် မှာတော့ မိုက်ကယ်က သွက်လက်နေပြီး ပြန်ငယ်သွားသလိုလည်း ဖြစ်နေပါတယ်။ ဒီခြောက်လလောက် အချိန်အတွင်းမှာ ဘာတွေ ဖြစ်သွားခဲ့လဲလို့ ကျွန်မတွေးမိတော့ တာပေါ့။
ကျွန်မတို့က မိုက်ကယ့်စာ ကြည့်ခန်းထဲမှာ ထိုင်လိုက်ရင်ပဲ အောက်ထပ် မီးဖိုခန်းထဲကနေ အမျိုးသမီး အသံတွေနဲ့အတူ မိုက်ကယ့် အသံဩကို ကြားလိုက်ရပါတယ်။ အိမ်ဝင်းထဲက ပန်းခြံလေးထဲမှာတော့ စားပွဲတစ်လုံးနဲ့ ကုလားထိုင်တွေ ရှိနေပြီး မိုက်ကယ်က စားပွဲကို ပြင်ဆင်နေတာမို့ ပန်းခြံထဲမှာ ပါတီ လုပ်မယ်လို့ သဘောပေါက် သွားပါတယ်။ ဒီအိမ်မှာ ဘာတွေဖြစ်နေပါလိမ့်။
မသီတာ-စမ်းချောင်း                       

ဒေါ်အောင်ဆန်းစုကြည်အတွက် စာတစ်စောင် (၂၃)

ကက်သလစ် ဘုန်းတော်ကြီး နှစ်ပါးက စားပွဲဘေးမှာ နေရာယူ လိုက်ကြပါတယ်။ တစ်ပါးက ဩစတြေးလျက ဖြစ်ပြီး တစ်ပါးက မြန်မာပြည်ကပါ။ သိပ်မကြာခင်မှာပဲ မြန်မာကက်သလစ် သီလရှင်နှစ် ယောက်က ဝတ်စုံပြာတွေ ဝတ်ထားကာ ဟင်းပန်းကန်တွေ ကိုင်ပြီး စားပွဲဆီကို လျှောက်လာကြပါတယ်။ အထီးကျန်လှတဲ့ ဒီအိမ်ထဲမှာ ချစ်စရာ ပန်းလေးနှစ်ပွင့် ပွင့်နေသလို မြင်လိုက်ရတာပါ။ ဒီတော့မှပဲ မိုက်ကယ် ဘာလို့ ပြန်လန်း ဆန်းလာတာလဲဆို တဲ့ပဟေဠိကို ကျွန်မ အဖြေညှိလိုက် နိုင်ပါတယ်။

မြန်မာ့စားစရာ အုန်းနို့ခေါက်ဆွဲက သိပ်ကို အရသာ ရှိတာပါပဲ။ အချိုပွဲအဖြစ် ကျွေးတဲ့ စတော်ဘယ်ရီသီးတွေ ကိုလည်း မိုက်ကယ်နဲ့ ကက်သလစ်ဘုန်းကြီး၊ သီလရှင်တွေ က မြေထဲပင်လယ်ခေတ် ဘုရားရှိခိုး ကျောင်းဝင်း ထဲကနေ ဆွတ်ခူးခဲ့ပါသတဲ့။ မိုက်ကယ်က အဲဒီလို စတော်ဘယ်ရီ ခူးရတာကို သဘောတွေကျပြီး စိတ်လှုပ်ရှား နေသလောက် သားဖြစ်တဲ့ ကင်မ်ကတော့  အေးစက် တိတ်ဆိတ်စွာနဲ့ပဲ သူ့အဖေကိုငေးကြည့်နေပါတယ်။ သားအဖ နှစ်ယောက်ကို ကြည့်ရတာကိုက စိတ်ဝင်စားစရာပါပဲ။

မိုက်ကယ်က ပြောပြတာကတော့ မြန်မာပြည်က ကက်သလစ် သီလရှင်နှစ်ယောက် အောက်စ်ဖို့ဒ်ကို ရောက်လာကြောင်း သူ စတင် ကြားခဲ့ပါသတဲ့။ ဒီလိုနဲ့ သီလရှင် တွေနေတဲ့ ကွန်ဗင့်ကျောင်းက ကျောင်းအုပ်ကြီး ကို အဲဒီသီလရှင်နှစ်ယောက် နဲ့တွေ့မေးနိုင်ဖို့ ပြောကြားခဲ့ပါတယ်။ နောက်တော့ အဲဒီ သီလရှင်နှစ်ယောက် ကို မနက်တိုင်း ကွန်ဗင့်ကို လွှတ်လိုက်ပြီး သီလရှင်တွေရဲ့ တာဝန်တွေကို ထမ်းဆောင် ခွင့်ပြုမှာဖြစ်ကာ အင်္ဂလိပ် စာသင်ကျောင်းကိုလည်း သူကပဲ အကုန်အကျခံ ထားပေးမယ်လို့ ရှင်းပြခဲ့ပါတယ်။ သူ့ အတွက် တောင်းဆိုချက်ကတော့ အဲဒီသီလရှင် နှစ်ယောက်ကို ကွန်ဗင့်မှာ မနေစေဘဲ သူ့အိမ်မှာ နေခွင့် ရအောင်ပါ။ ကွန်ဗင့်ကျောင်းကလည်း မိုက်ကယ့်တောင်းဆိုမှုကိုလက်ခံပါတယ်။ မိုက်ကယ်တို့အိမ်မှာ အဲဒီ အချိန်က ဒုတိယထပ်က အိမ်ငှားတွေလည်း မရှိချိန်ဆိုတော့ အဆင်ပြေသွားပါတယ်။


၁၉၈၆ နှစ်ဆန်းပိုင်းက တိုကျိုတွင် တွေ့ရသည့် အလက်ဇန္ဒားနှင့် ကင်မ်

မိုက်ကယ်က သီလရှင်တွေကို အိမ်ခန်းခ မတောင်းခဲ့ပေမယ့် အရေးအကြီးဆုံး တောင်းဆိုမှုတစ်ခုကိုတော့ မမေ့မလျော့ တောင်းခဲ့ပါတယ်။အဲဒါကတော့ တစ်နေ့မှာ တစ်နပ်စာကို ပူပူနွေးနွေး ချက်ပြုတ် ပြင်ဆင်ပေးဖို့ပါပဲ။ ဟုတ်တယ်လေ။ ဒါမှ သူ့အကြိုက် မြန်မာစာကို ညတိုင်းလွေးနိုင်မှာကိုး။ ကျွန်မတို့လည်း မိုက်ကယ့်လောက် မြန်မာစာကို ကြိုက်တတ်တဲ့ အင်္ဂလိပ်ကို မတွေ့ဖူးဘူးလို့ ဆိုရမလားပါပဲ။
ညစာစားပြီးတော့ အိမ်က တိတ်ဆိတ်သွားခဲ့ပါတယ်။ မိုက်ကယ်က ကျွန်မကို သူ့နောက်ကိုတိတ်တဆိတ် လိုက်ခဲ့ဖို့ လက်ဟန်ပြပါတယ်။ ကျွန်မတို့လည်း မြေညီထပ် ဧည့်ခန်းကနေ မြေအောက်ထပ် မီးဖိုချောင်ဆီ ဆင်းလာခဲ့ပါတယ်။ ကင်မ်ဟာ တစ်ခါက ကျောင်းကနေ စုယူလာခဲ့တဲ့ ဒဏ်ရာတွေနဲ့ သစ်သားစားပွဲဘေးမှာ တိတ်တဆိတ်ပဲ စာဖတ်နေပါ တယ်။ ကက်သလစ် သီလရှင် ညီအစ်မကတော့ ပန်းကန်တွေကို တိတ်တဆိတ် ဆေးနေလေရဲ့။

အဲဒီလိုမြင်ကွင်းမျိုးက သာမန်မြင်ကွင်းမျိုး မဟုတ်လား။ ကင်မ်က သီလရှင်ညီအစ်မကို သိပ်အားကိုးနေပါပြီ။ သူစာဖတ်တဲ့ နေရာက နည်းနည်းမှောင် နေပေမယ့် သူကနေရာ မရွေ့သေးပါဘူး။ သူ့မျက်ဝန်းတွေလည်း စိုစွတ်နေသလားပဲ။ ကျွန်မတို့လည်း ဧည့်ခန်းကို ပြန်တက်လာ ခဲ့ကြပါတယ်။ “နိုရီကိုရေ ကင်မ်က သိပ်ကို တိတ်ဆိတ်နေတယ်။ ဒီလိုနေတာ စုမရှိတော့ထဲက ဆိုရင်တော့ ဒီတစ်ကြိမ်ပဲ ရှိသေးတာ” လို့ မိုက်ကယ် ကဆိုပါတယ်။ တကယ်တော့ ကင်မ်ရော၊ မိုက်ကယ်ပါ စုကို သိပ်လွမ်းနေကြလှပါပြီ။ သူတို့ဘဝက အထီး ကျန်ဆန်လှပါတယ်။

နောက်နှစ် နွေဦးဖြစ်တဲ့ ၁၉၉၆ မတ်လမှာတော့ ကျွန်မတို့ ဇနီးမောင်နှံဟာ အောက်စ်ဖို့ဒ်မှာ တိုက်ခန်းတစ် ခန်းဝယ်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ မိုက်ကယ်ကတော့ အဲဒီအဆုံးအဖြတ် ကို သဘောတွေကျကာ အေးဂျင့်နဲ့ မိတ်ဆက်ပေးသလို သူ့ကားနဲ့လည်း အိမ်ခန်းတွေကို လိုက်ပြပေးပါတယ်။ ကြည့်သမျှ တိုက်ခန်း တော်တော် များများကို သူကမကြိုက်ပေမယ့် နောက်ဆုံးမှာတော့ မိုက်ကယ့်အိမ်နဲ့ လမ်းလျှောက်ရင်တောင် ရတဲ့နေရာက တိုက်ခန်းတစ်ခန်းကိုတော့ သဘောကျသွားပါတယ်။ သုံးထပ်တိုက် တစ်တိုက်ရဲ့ ပထမထပ်မှာရှိတဲ့ တိုက် ခန်းပါ။ မိုက်ကယ်က အဲဒီအိမ်ရဲ့ မြေညီထပ်မှာ နေခဲ့ဖူးတဲ့ အမျိုးသမီး ကြီးကိုသိပြီး သူ့ဆီလည်း သွားလည် ဖူးပါတယ်။ မိုက်ကယ်ကတော့ ဝိတိုရိယခေတ် ဗိသုကာလက်ရာဟန် အိမ်မျိုးဝယ်ဖို့ အကြံပေးပါတယ်။ နောက် ဆုံးတော့ အောက်စ်ဖို့ဒ်ရောက်ပြီး သုံးရက်အတွက် အကြီးဆုံး ဈေးဝယ်ခြင်းအမှုကို ဆောင်ရွက်ခဲ့နိုင်ပါတော့ တယ်။

နွေရာသီပိတ်ရက် ဖြစ်တဲ့ ဇူလိုင်၊ ဩဂုတ်မှာတော့ ကျွန်မတို့ဟာ တိုက်ခန်းလေးကို သက်သောင့်သက်သာ နေနိုင်မယ့် အိမ်လေးဖြစ်အောင် ပြင်နိုင်ခဲ့ကြပါတယ်။ ကုတင်နဲ့လျှပ်စစ် ပစ္စည်းတွေက ဝယ်ပြီးတာနဲ့ ရောက် လာတာ မြန်ပေမယ့် ပရိဘောဂတွေ ကတော့ အဆင်သင့် မဖြစ်သေးပါဘူး။ ဒီလိုနဲ့ အိမ်ခန်းအလယ်ကောင် မှာ အိပ်ရာခင်းကို ချခင်းကာ ကျွန်မတို့ရဲ့ ဒုက္ခသည် စတိုင်လ်ဘဝကို စ တင်လိုက်ကြပါတယ်။ သီလရှင် ညီအစ်မ ကတော့ ကျွန်မတို့ရဲ့အဲဒီ စတိုင်လ်ကို သဘောကျကြပါသတဲ့။ သူတို့က စာအုပ်ပုံ စားပွဲတုပေါ်မှာ လက်ဖက် ရည်ဗန်းကို တင်ပြီး လက်ဖက်ရည် သောက်ရတာ ကို ပျော်နေကြပါတယ်။ သူတို့ရဲ့မြန်မာပြည်မှာ နေခဲ့ပုံတွေနဲ့ တူတာမို့ ဒီလိုနေရတာ ကို သဘောကျနေကြတာပါ။

သူတို့ညီအစ်မက မြို့ပြင်ကို ကားမောင်းပို့ပေးပြီး ဈေးဝယ်ထွက်နိုင်အောင် စီစဉ်ပေးပါတယ်။ အိမ်ပြန်ရောက် တာနဲ့ ညီအစ်မကထမင်း အိုးဖုံးကိုဖွင့်ကာ ထမင်းတွေစားကြ တော့တာပါပဲ။ ပြီးတော့မှ စိတ်ချမ်းသာသွား သလိုနဲ့ “အခုတော့ လူသစ် တစ်ယောက်လိုတောင် ခံစားနေရ ပြီ”လို့ပြောလိုက်ပါတယ်။ တကယ်တော့ ကားမောင်းတဲ့ မြန်မာ ကောင်မလေးက ကားထဲမှာ သီချင်းကို ခပ်ကျယ်ကျယ် ဖွင့်ထားပြီး အရှိန်ကိုလည်း မြှင့်ပြီးမောင်းပါတယ်။ လမ်းမှာလည်း တွေ့သမျှ ခပ်နှေးနှေး ကားတွေကို ကျော်တက်သလို မြန်မြန် မောင်းစမ်းပါ လို့လည်း အော်လိုက်ပါသေးတယ်။ ကားနောက်ခန်းက သီလရှင် ညီအစ်မကတော့ တစ်ချိန်လုံး ရယ်နေကြကာ ဒါမှ မြန်မာမိန်းကလေး စစ်စစ်လို့ ပြောနေကြပါတယ်။ ကျွန်မလည်း မြန်မာ မိန်းကလေးတွေဟာ သိပ်ပြင်းထန်သလို အကြောက်အလန့်လည်း မရှိဘူးလို့ တွေးမိကာ စုကိုလည်း သတိရသွားမိပါတယ်။

ကားမောင်းပို့ပေးသူက ကားကို ဝယ်ထားတာ မကြာသေးသလို ကိုယ်တိုင် မောင်းတာလည်း မကြာသေးပါဘူး။ ဒီတော့ သီလရှင် ညီအစ်မထဲက အစ်မဖြစ်သူက ကြောက်နေသလို ဖြစ်ပေမယ့် တစ်ချိန်လုံးတော့ ပြုံးနေခဲ့ ပါတယ်။ ကျွန်မကလည်း ဒီအကြောင်းကို စောစောကသာ သိခဲ့ရင် ကားရှေ့ခန်းမှာ ထိုင်ဖြစ်မယ် မထင်ပါဘူး။ ဒီတော့ အိမ်ပြန်ရောက်တဲ့အခါ ထမင်းစားလိုက်ပြီးမှပဲ သူတို့ပူပန်နေခဲ့တာတွေ သက်သာသွားသလိုပါ။  ညီအစ်မနှစ်ယောက် တိတ်ဆိတ် အေးချမ်း သွားကြပုံကို မြင်ရတော့ အာရှသား အာရှသူတွေအတွက် ထမင်းဟာ ဗိုက်အဆာ သက်သာစေရုံမက စိတ်အဆာလည်း ပြေစေတာကို သတိထား လိုက်မိပါတယ်။
သိပ်မကြာခင်မှာပဲ သံရုံးကား တစ်စီးကို မိုက်ကယ်တို့ အိမ်ရှေ့နား မှာရပ်ထားတာ တွေ့ကြရပါတယ်။ ညီအစ်မ တွေက ကားနားကပ်သွားချိန်မှာတော့ ကားက မောင်းပြေးသွားလေရဲ့။ အဲဒီကားက မြန်မာသံရုံးက ကားပါပဲ။
မသီတာ(စမ်းချောင်း)                      

 ဒေါ်အောင်ဆန်းစုကြည်အတွက် စာတစ်စောင် (၂၄)

  နောက်ဆုံးမှာတော့ ညီအစ်မ နှစ်ယောက်ကို မြန်မာသံရုံးက ဆင့်ခေါ်ခဲ့ပါတော့တယ်။ ဒီလိုနဲ့ ကျွန်မတို့လည်း လန်ဒန်ကို သွားစရာ ရှိတာကြောင့် သူတို့နဲ့အတူပဲ ဘတ်စ်စီးကာ လန်ဒန်ကို ထွက်ခဲ့ဖြစ်ပါတယ်။ ညီအစ်မ နှစ်ယောက်ကတော့ ဒီလောက် မှန်းရခက်တဲ့ အခြေအနေမျိုး မှာတောင် ရယ်ရယ်မောမောပါပဲ။

ကျွန်မကတော့ သူတို့ အခက်အခဲ ဖြစ်လာခဲ့ရင် အဆိုးဆုံးကို ပြင်ဆင်ထားရဲ့လားလို့ တွေးပူနေမိတာပါ။ သူတို့ကြည့်ရတာတော့ ဘယ်လိုပဲဖြစ်ဖြစ် လားရှိုးက ကွန်ဗင့်ကျောင်း ကို ပြန်မယ်လို့ စိတ်ဆုံး ဖြတ်ထားပုံပေါ့။ လမ်းမှာ သူတို့က လားရှိုးမှာ ရှိတဲ့ သူတို့ကျောင်းကို နယ်က ခရစ်ယာန်သီလရှင်နဲ့ ဘုန်းကြီးတွေ အလည်လာတတ် ကြကြောင်းနဲ့ ညနက်သန်းခေါင်မှ ရောက်လာတဲ့ ဧည့်သည်တွေအတွက် မီးမွှေးပြီး ထမင်း ချက်ကျွေးရ ကြောင်းတွေ ပြောပြ ကြပါတယ်။ ကျွန်မလည်း သူတို့ဆီမှာ မိုက်ခရို ဝေ့ဗ်မီးဖို မသုံးနိုင်တာကို သတိထားမိပြီး သူတို့ကိုကူညီချင် မိပါတယ် ။ နောက်တစ်ခုက ဒီခရီးပြီး သွားလို့ သူတို့နဲ့မြန်မာသံရုံးတွေ့ဆုံ ခြင်းဟာ သူတို့ အတွက် ဒီမှာနေရ တာ နောက်ဆုံးဆိုရင် ကျွန်မအနေနဲ့ လည်း သူတို့ကို နောက်ထပ် တွေ့ရတော့မှာ မဟုတ်ဘူးလို့ တွေးမိပြန်တာပါ။ ဒါနဲ့ပဲ သူတို့ကို မိုက်ခရို ဝေ့ဗ် မီးဖိုတစ်ခုကို လန်ဒန်ကနေ ဝယ်သွားဖို့ဆိုပြီး အလှူငွေ ပေးဖြစ်ခဲ့ပါတယ်။

ကျွန်မက သူတို့ညီအစ်မကို မြန်မာသံရုံးက ဘယ်လိုဆက်ဆံမယ် ဆိုတာ မသိနိုင်တော့ စိတ်ပူပြီး သူတို့ကို မိုက်ကယ့်အိမ်မှာ ဘာလို့ နေနေတာလဲလို့ မေးတဲ့အခါ ဖြေဖို့ သင်ပေးနေမိပါတယ်။ ကျွန်မက စိတ်ပူတော့ ပြောမိပြောရာတွေ ပြောနေတာမို့ သူတို့က ရယ်နေပြီး ဘာစကားမှ ပြန်မပြောပါဘူး။ နောက်ပိုင်းမှာတော့ ကျွန်မ သူတို့ညီအစ်မနဲ့ ပြန်တွေ့ဖြစ်ပါတယ်။ မြန်မာသံရုံးက ဘာပြောလဲလို့ မေးတော့ သူတို့က ရယ်ပြီး ပြန်ပြောပြ တာကတော့ အိမ်ကို မြန်မြန်ပြန် ဖို့ ပြောကြောင်း၊ အကြောင်းပြချက်က အင်္ဂလန်မှာ ကြာကြာနေတဲ့ မိန်းကလေးတွေက ပြည့်တန်ဆာ ဖြစ်သွားတတ်ကြောင်းတွေ ပြောပါသတဲ့။ သူတို့ညီအစ်မက တဟားဟား ရယ်ခဲ့ကြ ပါတယ်။ ခရစ်ယာန် သီလရှင်တွေက အင်္ဂလန်မှာ ကြာကြာနေရင် ပြည့်တန်ဆာ ဖြစ်မယ် လို့ ဆိုတယ်လေ။ မြန်မာတွေ ကတော့ ဘယ်လို အခက်အခဲကိုပဲဖြစ်ဖြစ် ရယ်ပစ်လိုက်တာပဲကိုး။ သူတို့ ညီအစ်မ က ကရင်တွေပါ။ သူတို့က ပိုလို့တောင် မမှုသူတွေနဲ့ တူပါရဲ့။ စစ်အစိုးရလက်အောက်မှာ စိတ်ဆင်းရဲ ခံရတာ ကျင့်သားရ နေကြလို့လား မသိပါဘူး။ မြန်မာတွေ ကတော့ ခံစားချက်တွေကို ရယ်ပစ်လိုက်ပြီး အဝေးကို မောင်းနှင်ပစ် လိုက်ကြတာ ပါပဲ။

သူတို့ညီအစ်မလည်း မြန်မာပြည်ပြန်ဖို့ ဆုံးဖြတ်လိုက်ကာ အိမ်ပြန် လက်ဆောင်တွေ လိုက်ဝယ်ကြပါတယ်။ သူတို့က နယ်က အရာရှိကြီးအတွက် လက်ဆောင် ဝယ်မယ်ဆိုတော့ မိုက်ကယ်က လာဘ်ပေးတာ မကောင်း ဘူးလို့ ပြောလေ ရဲ့။ အစ်မဖြစ် သူက လက်မခံပါဘူး။ သူက ကျွန်မကို တိုင်တည်ပြီး ပြောလိုက်ပါတယ်။ “နိုရီကိုရယ် အန်ကယ် မိုက်ကယ်က ဘာမှ နားမလည်ဘူးနော်။ ကျွန်မတို့သာ လာဘ်မထိုးရင် အဲဒီလူက ကျွန်မ တို့ရဲ့ ကွန်ဗင့် ကိုပိတ်ပစ်မှာ။ သူတို့မှာ လုပ်ပိုင်ခွင့် ရှိရှိ၊ မရှိရှိ သူတို့ကကျွန်မတို့ရဲ့ မြေကိုရော ကျောင်းကိုပါ ရောင်းပစ် လိုက်လို့ရနေတယ်။ အဲဒီလိုသာ လုပ်ရင် ကျွန်မတို့ သီလရှင်တွေရော မိဘမဲ့ကလေးတွေ ပါ နေစရာ ပျောက်ပြီး လမ်းပေါ် ရောက်သွားမှာလေ။ အဲဒီလို အဖြစ်ခံလို့မှ မဖြစ်တာ” လို့ သူက အရှည်ကြီး ရှင်းပြနေပါ တယ်။

သီလရှင်ဝတ်စုံနဲ့ လက်ဝါးကပ်တိုင်သာ ကိုယ်ပိုင်ပစ္စည်းရယ်လို့ ရှိတဲ့ သီလရှင်တွေဆီက လာဘ်လာဘကို မျှော်ကိုးတဲ့ အရာရှိဆိုတာ ဘယ်လို ပုပ်သိုးနေတဲ့ လူမျိုးပါလိမ့်လို့ ကျွန်မက စဉ်းစားနေမိပါတယ်။ မြန်မာပြည်မှာ လာဘ်ပေး လာဘ်ယူ ပပျောက်အောင် ကျွန်မတို့ ဘယ်လို လုပ်ပေးနိုင်မှာပါလိမ့်။ အာရှနိုင်ငံ တွေမှာ လာဘ်ပေး လာဘ်ယူစနစ် ပပျောက်အောင် လုပ်ဖို့ခက်မယ်ဆိုတာ သေချာပေမယ့် ဒီမြန်မာနိုင်ငံမှာတော့ စုနဲ့ သူ့ပါတီက လာဘ်ပေး လာဘ်ယူ ပပျောက်အောင် ကြိုး စားနိုင်မယ် ထင်ပါရဲ့။ မိုက်ကယ်တို့ အိမ်ဟောင်းကနေ တိုက်ခန်းသို့ ပြောင်းခြင်း သီလရှင်ညီအစ်မ မြန်မာပြည် ပြန်သွားပြီးတဲ့နောက် မိုက်ကယ်က စုနဲ့ ပတ်သက်ပြီး အမှတ်ရစရာတွေ များတဲ့ ပတ်ခ်တောင်း အိမ်ကို ရောင်းဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အိမ်က သုံးထပ်သာ ဆိုတယ် ခေါင်မိုးထပ်နဲ့ မြေအောက်ပါ ပါတော့ ငါးထပ်ဖြစ်နေကာ အပေါ် တက်ဆင်းရတာကို ငြီးငွေ့နေပြီမို့ ရောင်းချင်တာလို့ မိုက်ကယ်က ရှင်းပြပါတယ်။ တကယ်လည်း ကင်မ်နဲ့ မိုက်ကယ် နှစ်ယောက်တည်းအတွက် ငါးထပ်ပါတဲ့အိမ် ဟာ သိပ်ကြီးနေတာ အမှန်ပါ ပဲ။

မိုက်ကယ်က မြေညီထပ် မှာ နေပြီး ကင်မ်က ခေါင်မိုးထပ်မှာမို့ တစ်အိမ်တည်း နေပြီးတော့တောင် လေကို တစ်ယောက်တစ်မျိုးစီ ရှုနေရတာ မဟုတ် လား။ ဘဝ အပြောင်း အလဲကလည်း သိပ်တန်ဖိုးကြီးတယ်လေ။ မိုက်ကယ်ဟာ တစ်နေ့လုံးလိုလို စာသင်ရ၊ စာဖတ်ရ ၊ ကလေးတွေ ကို စောင့်ရှောက် ရနဲ့ မောခဲ့ရှာတာပါ။ ခုတော့ အလက်ဇန္ဒားက အမေရိကကို ကျောင်းသွားတက်ပြီ မို့ ကင်မ် တစ်ယောက်ပဲ သူ့နားမှာ ကျန်တယ်လေ။ ကင်မ်က သူ့ကို ကူလုပ်ပေးနေကျပါပဲ။ “လှီးတာ ချွတ်တာ ကျွန်တော့်အလုပ်ပါ”လို့ ကင်မ်က မီးဖိုထဲမှာပြောနေကျပါ။ သူလည်း မကြာခင် ကောလိပ် သွားတော့မှာကိုး။ မိုက်ကယ့်အနေနဲ့ တစ်ယောက်တည်း အလွမ်းတွေနဲ့အတူ ဒီအမှတ်ရစရာတွေ များတဲ့ အိမ်မှာမနေချင်ဘူး ထင်ပါရဲ့။ မိုက်ကယ် လွမ်းနိုင်သေးတဲ့ နောက်တစ်ခုကတော့ သီလရှင် ညီအစ်မရဲ့ ရယ်သံတွေပါပဲ။ သူတို့နဲ့ အတူနေခဲ့တဲ့ ကာ လတွေမှာ မိုက်ကယ်ဟာ မိသားစုဘဝကို သတိရနေခဲ့ပုံပါ။ သူတို့က ခဏလေး လာနေသွားပေမယ့် မိုက်ကယ်တို့ သားအဖက သိပ်ကို စိတ်ချမ်းသာခဲ့ရပါတယ်။ ဒါပေမယ့် သူ့ကြောင့်လို့ ဆိုနိုင်မယ့် အကြောင်း ကြောင့်ပဲ ဒီညီအစ်မကို ကူညီရာ မရောက်ဘဲ ဖြစ်သွားရတဲ့ အတွေ့အကြုံကလည်း သူ့ အတွက် စိတ်မချမ်းသာ စရာ ဖြစ်လာခဲ့ပါတယ်။ တကယ်တော့ ငယ်ငယ်လေး ကတည်းက သီလရှင်ဖြစ်လာခဲ့တဲ့ အငယ်မလေးဟာ အသက်သာ ၂ဝ ဆိုပေမယ့် တကယ့် သူတော်စင်လေးလို ဖြူစင်ရှာပါတယ်။ ဒါပေမယ့် ကရင်တွေကို စစ်တပ်က အနိုင်ကျင့်လေ့ ရှိတာမို့ သူ့နေရင်း လည်း ပြန်ရောက်သွားရော သူ လည်း စစ်သားမိန်းမ ဖြစ်သွားရောလို့ ကြားကြရတော့ စိတ်မကောင်း ဖြစ်ကြရပါတယ်။ အကြီးမလေး ကတော့ လားရှိုးက ကွန်ဗင့်မှာပဲ ဆက်နေခွင့်ရရှာပါသ တဲ့။

တကယ်တော့ အငယ်မလေး ကို ကင်မ်ဟာ အစ်မအရင်း တစ်ယောက်လို သံယောဇဉ်ရှိခဲ့သလို သူတို့ ညီအစ်မ နှစ်ယောက် ကလည်း မိုက်ကယ့်ကိုပါ အဖေတစ်ယောက်လို ပြုစုကူညီခဲ့ကြပါတယ်။ သူတို့က “အန်ကယ် မိုက်ကယ်သာ တကယ် နေ မကောင်းဖြစ်ရင် နယ်စပ်ကိုဖြတ်ပြီးတော့ကို လာပြုစုပါ့မယ်” လို့ နှုတ်ဆက်ခဲ့ကြ ဖူးပါတယ်။ သူတို့အတွက် နယ်စပ် ကို ဖြတ်ကျော်တာဟာ အဆန်း မဟုတ်ဘူးလေ။ စုရဲ့ မိန့်ခွန်းကို နားထောင် ချင်လို့ ဆိုပြီး သူတို့ တောကျော် တောင်ကျော် နဲ့ ကျော်ခဲ့ဖူးပါသတဲ့။ ဒါပေမယ့် မိုက်ကယ့် နောက်ဆုံး အချိန်တွေမှာ သူတို့ အရောက်မလာနိုင်ခဲ့ကြတော့ပါဘူး။

 မိုက်ကယ်က အထီးကျန်ရတာကို မခံစားနိုင်ချိန်လေ။ ကျွန်မတို့ ဇနီးမောင်နှံကတောင် ဒီညီအစ်မရဲ့ ရယ်သံ တွေ ပျောက် သွားတဲ့ မီးဖိုချောင် ခြောက်ကပ်ကပ်ကို မခံစားနိုင်တာပဲကိုး။ ဒီလိုကြောင့်ပဲ မိုက်ကယ်ဟာ အိမ်ပြောင်းဖို့ ဆုံးဖြတ်လိုက်ပုံ ရပါတယ်။ ကျွန်မတို့နှစ်ယောက်ကတော့ မိုက်ကယ်ရဲ့ တိုက်ခန်းအသစ်က ကျွန်မတို့တိုက်ခန်းနဲ့ အဆောက်အဦ ငါးခုစာပဲ ခြားတာကြောင့် ဝမ်းသာခဲ့ရပြန်ပါတယ်။ မသီတာ(စမ်းချောင်း)

 

ဒေါ်အောင်ဆန်းစုကြည်အတွက် စာတစ်စောင် (၂၅)

ကင်မ်ကတော့ ကျွန်မတို့က သူနဲ့ သူ့ကောင်မလေးကို သတိထားမိသွားကြောင်း မသိချင်ယောင် ဆောင်နေပုံ ပါပဲ။ သူက နေဖင်ထိုးမှထပြီး စာမကျက်၊ အလုပ်မလုပ်နဲ့ လည်ရာပြန်စားရေးပဲ လုပ်နေပေမယ့် ကောင်မလေး တွေက သူ့ကို သဘောကျကြတယ်လေ။ ဒယ်ဒီ မိုက်ကယ်ကလည်း သူ့ကို မဆူပါဘူး။ ဒါပေမယ့် သူ့စိတ်ထဲမှာ တော့ အန်ကယ် အို့စုနဲ့ အန်တီနိုရီကိုဟာ သူ့ကို သိပ်မရွှင်မပျနဲ့ ကြည့်ကြည့် နေတယ်လို့ သတိထားမိပုံပါ။ ဒီနှစ်ယောက်က သူ့မိဘတွေနဲ့ သွေး မတော် သားမစပ်ပေမယ့် သူ့ကိုယ်သူတောင် လူမှန်းမသိတတ်သေးခင်က တည်းက သူ့ကိုရော မိသားစုကိုပါ သိနေခဲ့ပြန်ရော။ တကယ်တော့ စည်းနဲ့ကမ်းနဲ့ တင်းကျပ်မယ့် မိခင်ရယ် လို့ မရှိခဲ့တဲ့အတွက် ကင်မ့်အတွက်က နတ်ပြည်မှာလိုလို ဖြစ်ခဲ့ပေမယ့် တကယ့် အနေအထားမှာတော့ ငရဲလို့ပဲ ဆိုရမှာပါ။

အဲဒီညက ဧည့်ခံပွဲမှာတော့ မိုက်ကယ်က လူတွေအားလုံးရဲ့လှိုက်လှိုက်လှဲလှဲ အားပေးမှုကို ရခဲ့တာ အမှန်ပါ။ နိစ္စဓူဝ ဘဝကနေ ထွက် ပြေးခွင့်ရသလိုလည်း ဖြစ်နေတာမို့ မိုက်ကယ်က ပန်းချီကား ပေးအပ်ပွဲကြီးမှာ တည်ခင်း ဧည့်ခံတဲ့ မြန်မာ မိန်းကလေးတွေရဲ့ ဖျော်ဖြေပွဲကို သူ သိပ်သဘောကျခဲ့ပါတယ်။ မြန်မာ မိန်းကလေးတွေက မြန်မာ့ အကနဲ့လည်း စဖျော်ဖြေရော မိုက်ကယ်ဟာ ကျွန်မတို့ရှေ့က မြက်ခင်းအလယ်မှာ ထိုင်ချလိုက်ပြီးတော့ ကို ကြည့်တော့တာ ပါပဲ။ မိန်းကလေးတွေ ကတဲ့အခါ ကိုယ်ခန္ဓာကို ယိမ်းရင် သူကပါ လက်တွေ ဘာတွေ ကွေးဆန့်ပြီး လိုက်ယိမ်းနေတာကြောင့် ကျွန်မတို့ အတွက်ကတော့ အဲဒီညက ပြဿနာပါ။ ဓာတ်ပုံလည်း ရိုက်ရ အဆင်မပြေပေါ့။ ရိုက်လိုက်တိုင်း မိုက်ကယ့်နောက်က ခေါင်းပြောင်ပြောင်က ကွယ်ကွယ်နေတာကိုး။ ကျွန်မ တို့က မတ်တပ်ထရပ်ပြီး ဓာတ်ပုံ ရိုက်မယ် ဆိုရင်တော့ ရသပေါ့။ ဒါပေမယ့် အနောက်က ထိုင်နေသူ တွေကို အားနာတာနဲ့ပဲ မိုက်ကယ့် နောက်စေ့ပါတဲ့ ဓာတ်ပုံတွေချည်းပဲ ကျွန်မတို့ ရိုက်ခဲ့ကြပါတော့တယ်။ သူ့ကြောင့်သာ မဟုတ်ရင် ကျွန်မတို့ဟာ အနုပညာမြောက် ဓာတ်ပုံတွေ ဘာတွေတောင် ရိုက်ချင်ရိုက်နိုင် ခဲ့မှာပါ။ အကမှာပါတဲ့ မြန်မာမိန်းကလေးတွေက အင်္ဂလန်မှာ အခြေချနေ နေသူတွေဖြစ်ပြီး သူတို့ ဝတ်ထားတဲ့ ပိုးချိတ်တွေကတော့ မြန်မာပြည်ကနေကို လှမ်းမှာထားတာတွေပါ။ သူတို့က စုနဲ့ မိုက်ကယ့်အတွက်လို့ ရည်ရွယ်ကာ သူတို့စုထားသမျှလေး တွေကို ဒီပွဲအတွက် အကုန်ခံခဲ့ကြတယ်လို့ ဆိုရမှာပါ။ ရောင်စုံရိုးရာ ဝတ်စုံတွေနဲ့ ခါးတွေ ယိမ်းနွဲ့ကာ သူတို့ကပုံက လှလွန်း ကျက်သရေ ရှိလွန်းတော့ “အိုး ကျွန်တော် ဒီအရှေ့ တိုင်းသူတွေရဲ့ အလှကို သိပ်သဘောကျတယ်ဗျာ”လို့ မိုက်ကယ်က တဖွဖွ ဆိုလေရဲ့။ အဲဒီနေ့က စုရဲ့ လူသားအရွယ် ပန်းချီကားကြီးကို မိုက်ကယ်က ရသွားတော့ အားလုံး လိုလိုက ဒီပန်းချီဟာဖြင့် စုတို့အိမ်ရဲ့ ဧည့်ခန်းမကြီးထဲမှာ ချိတ်ဆွဲပြသ ထားမှာပဲလို့ တွေးထင်ခဲ့ကြပါတယ်။ ဒါပေမယ့် မိုက်ကယ်ကတော့ သူ့အိပ်ခန်းထဲကို ယူချသွားခဲ့တာပါ။ သူ့ ကုတင်ခေါင်းရင်းက နံရံမှာချိတ်ပြီး သူက အဲဒီပန်းချီကား အောက် တည့်တည့်မှာ အိပ်တာကိုး။ ဒီတော့ ဒီပန်းချီကားကြီးဟာ ဧည့်ခံပွဲနေ့ မှာပဲ လူအများအတွက် ကြည့်ခွင့် ရခဲ့ပေမယ့် နောက်နေ့က စပြီး မိုက်ကယ်ရဲ့ တစ်ဦးတည်းပိုင် ဖြစ်သွားတော့တာပါ။ အဲဒီနောက်ပိုင်း သူ မကွယ်လွန်ခင် အချိန်ထိ နှစ်နှစ်နီးပါး ကာလမှာ မိုက်ကယ်ဟာ စုပုံတူရဲ့ မျက်မှောက်အောက်မှာ အိပ်သွားခဲ့ တော့တာပါပဲ။ ဒီနေရာလေးဟာ တကယ်တော့ စုနဲ့ မိုက်ကယ်တို့ နှစ်ယောက်ကြားက လျှို့ဝှက်နေရာလေး အဖြစ် မိုက်ကယ် မကွယ်လွန်မချင်း တည်ရှိသွားခဲ့တယ်လို့ဆိုရမှာပါ။

စု မရှိတော့တဲ့ မိုက်ကယ့်ဘဝ (နော်ဟမ်ဥယျာဉ်အိမ်)
 
စု၊
ရှင်က မိုက်ကယ်နဲ့ ကင်မ် တို့ရဲ့ နော်ဟမ်ဥယျာဉ်အိမ်က ဘဝ အကြောင်းကို မသိဘူးမဟုတ်လား။ ဒီတော့ သူတို့ရဲ့ နိစ္စဓူဝ ဘဝ အကြောင်းကို ကျွန်မပြောပြပါရစေ။
မိုက်ကယ့် တိုက်တွန်းမှုကြောင့် သူ ဝယ်ထားတဲ့ အိမ်နဲ့ ငါးအိမ်လောက်ပဲ ဝေးတဲ့နေရာမှာ ကျွန်မတို့ အခန်းလေး ဝယ်ဖြစ်ကြောင်း ပြောခဲ့ပြီး ပြီ နော်။ ကျွန်မတို့ လမ်းထိပ် ဓားလွယ်ခုတ် မှာ ရှိတာက စိန့်မာဂရက်ကော လိပ်ပေါ့။ ကျွန်မတို့တွေ ရယ်စရာ ပြောဖြစ်ခဲ့တာကတော့ ကျွန်မတို့ အခန်းမှာ အလံချိတ်ထားတာ အဖြူ က “အကြော်စုံ” လို့ အနက်ရပြီး အနီက “ဆူရှီ” လို့ အနက်ရကြောင်းပေါ့။ အဲဒီကာလတွေတုန်းက ရှင်နဲ့ မိုက်ကယ် က ဖုန်းနဲ့တော့ အဆက်အသွယ် ရှိနေခဲ့တယ်လေ။ မနက်တိုင်း ကျွန်မတို့ က မိုက်ကယ့်ဆီ သွားလည်တတ်ပြီး မိုက်ကယ်ကလည်း ရှင်နဲ့ ဖုန်းပြောနေကျပါပဲ။ သူက အမူအရာနဲ့ သူနဲ့ စကားပြောနေတာ ရှင်လို့ ပြောပြနေ ကြပါ။ တစ်နေ့တော့ မိုက်ကယ့်အတွက် အိမ်သန့်ရှင်းရေး လာလုပ်ပေးနေတဲ့ ကောင်မလေးကလည်း ရှင်နဲ့ ဖုန်းပြောနေတာကို တွေ့ရပါတယ်။ ကောင်မလေးက ဖုန်းကိုချလိုက်ပြီး မျက်နှာ နီမြန်းမြန်းနဲ့ “အန်တီစုက ကျွန်မကို ပြောတယ်။ အန်ကယ် မိုက်ကယ်ကို အစားတွေ အများကြီး မချက်ကျွေးနေနဲ့တဲ့”လို့ ဆိုပါတယ်။ တကယ်တော့ ကောင်မလေးက မိုက်ကယ်နဲ့ ကင်မ်တို့အတွက် အစားအစာတွေ အများကြီး ယူလာနေကျပါပဲ။ ရှင်က အဲဒီလောက် အဝေးကြီးကနေတောင် မိုက်ကယ်နဲ့ ကင်မ့်ကို ထိန်းချုပ်ထားခဲ့ တာပဲနော်။
မိုက်ကယ်က အဲဒီအချိန်မှာ ကင်မ့်အနေနဲ့ အထက်တန်းကျောင်း စာမေးပွဲကို အဆင့်အေ မရမှာ ပူနေခဲ့တာပါ။ ကင်မ်ရော မိုက်ကယ်က စိတ်ပူပန်မှုတွေကို ထုတ်မပြခဲ့ပေမယ့် စပ်စု ပူပန်စိတ်ကြီးတဲ့ ကျွန်မနိုရီကို ကတော့ သူတို့စိတ်တွေ ပိုပြီး တည်ငြိမ်အောင်ဆိုကာ စားကောင်း သောက်ဖွယ်တွေနဲ့ ဂရုစိုက်ဖြစ်ခဲ့ပါတယ်။ ရှင်က သူတို့ကို အစာတွေ အများကြီး မစားစေချင်တာ သိပေမယ့် ရှင့်ဆီက နည်းနည်းတော့ အမုန်းခံမှ ဖြစ်မှာပါ။ ရှင်ကိုယ်တိုင် ပြင်ကျွေးရမယ့် အစားအသောက် ပမာဏလောက်တော့ ကျွန်မက အပိုလေးပြင်ပေးတာ သဘာဝကျရဲ့ မဟုတ်လားလေ။

ကင်မ်က ကျွန်မကို မေးနေကျ ရှိပါတယ်။ “အန်တီနိုရီကိုက ဘာလို့ အများကြီးမစားရတာလဲ” တဲ့။ “ချက် ပြုတ်ပြင် ဆင်ရင်း မြည်းစား စားရတာကို စားပွဲမှာ ထိုင်စား ရတာထက် ကြိုက်လို့ပေါ့”လို့ ကျွန်မက ပြန်ဖြေခဲ့ ဖူးပါတယ်။ ကျွန်မက သူတို့သားအဖကို ဖုန်းဆက်ပြီး “ညလယ်စာ အဆင်သင့်ဖြစ်ပြီနော်” လို့ ပြောတဲ့ အခါ ကင်မ်က သူငယ်ချင်းတချို့ ကိုတောင် ခေါ်လာတတ်ပါတယ်။ “အန်တီ နိုရီကိုက မြည်းနေရတာနဲ့ မစားနိုင်ဘူး ကွ။ ဒီတော့ မင်းတို့ စိတ်ကြိုက်သာ စားကြ”လို့ ပြောလေ ရဲ့။ ကင်မ်ကတော့ ကလေးဘဝက နေ ခုထိ ဘာဆို ဘာမှ မပြောင်းလဲဘူးနော်။ ဟုတ်တယ် ဟုတ်။ မိုက်ကယ် အိမ်မှာ မရှိချိန်ဆို ကင်မ်နဲ့ သူ့ သူငယ်ချင်းတွေက လာစားပြီး ကျေးဇူးတင်တယ် ဆိုကာ ပန်းကန်တွေ ကူဆေးပြီး လစ်ပြေးကြတော့တာပဲ။ ဒါပေမယ့် တော်တော် လေးကြာတဲ့ အခါကင်မ်က တစ်ခေါက် ပြန်ရောက် လာပြီး “ဒယ်ဒီ့ဖို့ ထုပ်ပေးလိုက်ဦးနော်”လို့ လာပြောတော့ တာပါပဲ။ စုရယ် ရှင် စိတ်ပူမနေပါနဲ့။ ကျွန်မက ကိုယ့်ဝေစုကိုတော့ မပေးလိုက်တတ်ပါဘူး။ ကျွန်မက ကင်မ်နဲ့ သူ့ သူငယ်ချင်းတွေကို ကျွေးမွေးရတာ စိတ်ချမ်းသာပျော်ရွှင်ပြီး ဝလာလိုက် တာ ခုဆို အရင်ကထက် နှစ်ဆဖြစ် နေပြီလေ။

ရုပ်ချောတဲ့ ကင်မ်

ကင်မ့်ကို ဒါရ်ဟမ်တက္ကသိုလ်က ဝင်ခွင့်လက်ခံတယ် ဆိုတာ သိလိုက်ရတဲ့အချိန်မှာတော့ နော်ဟမ် ဥယျာဉ် အိမ်မှာ သက်ပြင်းတွေ ချလိုက်နိုင်ပါပြီ။ မိုက်ကယ်က ရှင့်ဆီကို ကင်မ်က ဒါရ်ဟမ်မှာ လူမှုရေးဘာသာနဲ့ ကျောင်းဝင်ခွင့်ရ တယ်လို့ ဖုန်းနဲ့ လှမ်းပြောတော့ ရှင်က သိသားပဲလို့ ဖြေသတဲ့။ အဲဒါကို မိုက်ကယ်က ရှင် ဘယ်လို သိနေတာပါလိမ့်လို့ အံ့သြနေတာပါ။ “အဲဒါ မိခင်စိတ်ပေါ့”လို့ ကျွန်မက ဖြေဖြစ်ခဲ့ပါတယ်။ မိုက်ကယ် က ငွေကို စိစိစစ်စစ် သုံးနေရပေမယ့် ကင်မ့်ကို ပုဂလိက ကျောင်းကောင်းကောင်းမှာ တစ်လ ပေါင်တစ်ထောင် အကုန်ခံပြီး ကျောင်းထားခဲ့တာ ဖြစ် ပါတယ်။ သူ့အားထုတ်မှုရဲ့ အသီးအပွင့်ကို ခုလိုတွေ့ရလေတော့ မိုက် ကယ်က “ဒီရင်းနှီးမြှုပ်နှံမှုကတကယ် ကောင်းသွားတာပဲ”လို့ ဆိုပါတယ်။
မသီတာ-စမ်းချောင်း