ဒေါ်အောင်ဆန်းစုကြည် အတွက် စာတစ်စောင်(၄၁)
ပါမောက္ခ တိုရူအိုနိုက “မြန်မာ လူ့အဖွဲ့အစည်းနှင့် ယင်း၏ တန်ဖိုး” ဆိုတဲ့ စာအုပ်ထဲမှာ ပုံဂံနားကလူတွေ အနေနဲ့ ညောင်ဦးနဲ့ ပုဂံကြားက နေရာရဲ့ အောက်ဖက် ၂၄ ယူဇနာအနက် မှာ ငရဲရှိနေတယ်လို့ ယုံကြသတဲ့။ (တစ်ယူဇနာကို ၈ ကီလိုမီတာ ရှိပါတယ်။) ဒါကြောင့် ကျွန်မက ပုဂံမှာ လျှောက်လည်ခိုက် ကျွန်မ ရပ်နေတာ ဘယ်ငရဲပေါ်မှာ ပါလိမ့်လို့ တွေးမိတတ် ပါတယ်။
ကျွန်မတို့ မန္တလေးကို ပြန်ခဲ့ကြပါတယ်။
မန္တလေးလေဆိပ်ကို တရုတ်တွေက ဆောက်ပေးတယ်လို့ ကျွန်မတို့ရဲ့ ဧည့်လမ်းညွှန်က
ပြောပါတယ်။ မန္တလေးဆိုတာ အချက်အချာနေရာမို့ ဒီမှာ လေဆိပ်လာဆောက် ပေးတာ
သိပ်အမြော်အမြင်ကြီးတဲ့ စိတ်ကူးပေါ့။ ကျွန်မတို့နဲ့သိတဲ့
လားရှိုးသူလေးတစ်ယောက်က လွန်ခဲ့တဲ့ ၁ဝနှစ်က ပြောခဲ့ဖူးတာ ကို သတိရ မိပါတယ်။
“လားရှိုးမှာ တရုတ်စကား မတတ်ရင် နေလို့ မဖြစ်ဘူး။ ဒီမှာက တရုတ်တွေချည်း
ကြီးစိုးနေတာ”လို့ ပေါ့။
အမရပူရ
ကျွန်မတို့က မန္တလေးကိုရောက်ပေမယ့်
အမရပူရကို အရင်သွားလည် ကြပါတယ်။ အမရပူရဟာ ၁၇ ရာစု အင်းဝခေတ်
ရဲ့မြို့တော်ပါ။ ရှေးခေတ် က အကြွင်းအကျန်ရယ် လို့ ဟုတ်တိ ပတ်တိ
မရှိတော့ပေမယ့် မဟာဂန္ဓာရုံ နဲ့ ဦးပိန်တံတား ကတော့ အထင်ကရ ကျန်ပါတယ်။
ဒီမြို့က ချည်ထည် လုပ်ငန်းလည်း အတော်ကြီး နာမည် လည်း ကြီးတာကိုး။
ဦးပိန်တံတားကတော့ လွန်ခဲ့တဲ့ နှစ် ၁၆ဝ က
ဆောက်ခဲ့တဲ့ တံတားအိုကြီးပါ။ မြို့တော်ကို အမရပူရကနေ မန္တလေးကို ရွှေ့တဲ့အခါ
မြို့ခံကြီး ဦးပိန်က တောင်သမန်အင်းကို ဖြတ်ကာ ၁.၂ကီလိုမီတာ ရှည်လျားတဲ့
ဒီတံတားကြီးကို ကျွန်းတိုင်ပေါင်း ၁ဝ၈ဝ တိုင်နဲ့ တည်ဆောက်ခဲ့ ပါတယ်။ တံတား
ပတ်ဝန်းကျင်က ရှုမျှော်ခင်း တွေက လွမ်းမောစရာ လှလွန်းတာမို့ ကျွန်မတို့လည်း
အငေးသားပါပဲ။ အဲဒီအချိန်မှာ တံတား အောက်က အင်းထဲမှာ ရေခန်းပြီး
ကျွဲကျောင်းနေတဲ့ မိသားစုထဲက အမျိုးသမီး တစ်ယောက်ရဲ့ သီချင်းညည်းသံကို
သာယာနာပျော် ဖွယ်ရာ ကြားလိုက်ရပါတယ်။ ဒီရှုခင်းကတော့ တစ်ကမ္တာလုံးက သဘောကျတဲ့
ရှု ခင်းပါလေ။
ကျွန်မတို့ ချည်ထည် ဆိုင်တွေဘက် လေ့လာဖို့
ခရီးဆက်ခဲ့ကြ ပြန်ပါတယ်။ ကျွန်မတို့ ကျိုတိုမှာ ရှိတဲ့ နီရှီဂျင်း ပိတ်စ
ထုတ်လုပ်ရေးကို လေ့လာ သလိုမျိုး ဖြစ်မလားလို့ မျှော်လင့်မိပေမယ့်
တဲလေးထဲမှာ ရှိနေတာက သစ်သား ရက်ကန်းစင်လေး နှစ်စင်ပါပဲ။ အမျိုးသားတစ်ဦးက
အပေါ်ပိုင်း ဗလာကျင်းပြီး ရက်ကန်းခတ် နေတာကို တွေ့လိုက် ရပါတယ်။
အမျိုးသမီးလေး နှစ်ယောက်ကတော့ သူတို့စိတ်ထဲ မှတ်ထားတဲ့အတိုင်း အဆင်တွေ
ပေါ်လာအောင် လွန်းတွေကို ဘယ်ညာ စည်းချက်ညီ ရက်ဖောက်နေလေရဲ့။ သူတို့ ကြည့်ရတာ
ကျွမ်းကျင်လွန်းလှပါတယ်။
တဲရဲ့ မျက်နှာချင်းဆိုင်မှာတော့ အထည်တွေ
ရောင်းတဲ့ အုတ်တိုက် ဆိုင်လေးတစ်ဆိုင် ရှိနေပါတယ်။ နိုင်ငံခြား သူတွေက
ထမိန် တစ်ကွင်းပြီး တစ်ကွင်း ဖြန့်ကြည့် ပတ်ကြည့်ပြီး ပြန်ချထားတာတွေနဲ့
မှန်ဘီရိုလေးက ရှုပ်ပွနေ လေရဲ့။ ဆိုင်အတွင်းဘက်က ဘီရိုထဲမှာတော့
ပိုးထည်တချို့ကို တွေ့ရပြီး အဲဒီမှန်ဘီရိုရှေ့မှာတော့ အချိန်ကို
ဘယ်လိုဖြုန်းရမှန်း မတွေးတတ်သလို ရှိနေတဲ့ အမျိုးသား အုပ်စုကို တွေ့ရပါတယ်။
ဒီမှာ အထည်တွေကို ဂရုတစိုက် ရှိပုံဟာ
ညောင်ဦးဈေးထဲက အထည် ဆိုင်တွေရဲ့ သူတို့ရောင်းကုန်ကို ဂရု စိုက်ပုံ ထက်
အများကြီး သာတာကို သတိထားမိ ပါတယ်။ ညောင်ဦးဈေး ထဲက အထည်တွေက သိပ်အရည် အသွေး
မကောင်းလှ တာကိုလည်း သတိထားမိပါတယ်။ ဈေးတွေကလည်း ကွာတာကိုး။ ဒီအမရပူရမှာ
ဈေးက ပိုများတယ်လေ။ ကျွန်မရဲ့ ခင်ပွန်းကတော့ ဈေးဝယ်တာကို စိတ်တိုတတ်သူမို့
“ခင်ဗျား ဒေါ်လာ ၇ဝ ဖိုး ဝယ်မှာ ကို အချိန်ဘယ်လောက် ကြာကြာ သုံးနေမှာလဲ”
လို့ ပြောလေရဲ့။ ဒါပေမယ့် သူကလည်း ရုရှားက အရည်အသွေးနိမ့် ပစ္စည်းတွေကို
ဝယ်တာပဲလေ။ အဲဒီလို ပြောရင်တော့ နိုင်ငံ ထဲကို ငွေတွေ ရောက်သွားတာ
ကောင်းတယ်လို့ ဆင်ခြေပြောပြောဦးမှာ။ ဒီတော့ ကျွန်မကလည်း ကျွန်မတို့ရဲ့
ငွေတွေဟာ စုရဲ့နိုင်ငံထဲက လူတွေ ရသွားမှာမို့ ဈေး ဝယ်နေတာပေါ့လို့
ပြန်ချေရတာပ။ တကယ်တော့ ညောင်ဦး ဈေးကနေ ဝယ်လာခဲ့တဲ့ အထည် တွေက အရည်အသွေး
ညံ့တာကြောင့် ဘယ်သူ့ကိုမှ လက်ဆောင် မပေးနိုင် ဖြစ်ရပါတယ်။
ဈေးရောင်းတဲ့အမျိုး သမီးက အပြောကောင်းသူမို့ ဘယ်သူ့ကိုမှ မပေးဖြစ်ဘဲ
ကျန်နေတဲ့ အထည်တွေ မြင်တိုင်း အပြောကောင်းတဲ့ ဆိုင်ရှင် အမျိုးသမီးကို
သတိရနေမိပါတော့တယ်။
မန္တလေး
ကျွန်မတို့ မန္တလေးကို ကားနဲ့
ပြန်လာခဲ့ကြပါတယ်။ ကျွန်မတို့ နေ့ လည်စာ စားတဲ့နေရာကနေ မြင်နေရတာ ကတော့
မန္တလေးက ပုဂ္ဂလိက ဆေးရုံတစ်ရုံပါပဲ။ အဲဒီမှာ အလုပ်လုပ်တဲ့ ဆရာဝန်တွေရဲ့
ဘွဲ့တွေကိုလည်း ဆိုင်းဘုတ် မှာ ရေးထားပါတယ်။ ဆေးရုံရှေ့မှာ လူလည်း မတွေ့ရဘဲ
သန့်ရှင်းနေတာမို့ လူချမ်းသာတွေ တက်တဲ့ ဆေးရုံ လို့ပဲ ထင်မိပါတယ်။
ကျွန်မ တွေ့ဖူးတဲ့ ရန်ကုန်
ပြည်သူ့ဆေးရုံကြီးနဲ့ အခြားနားကြီး ခြားနားနေတာကို တွေ့ရတာပေါ့။ ရန်ကုန်
ပြည်သူ့ဆေးရုံကြီးရဲ့ ဝင်ပေါက် မှာဆိုရင် လမ်းဘေး ဈေးသည်တွေကလည်း
ပြည့်လို့။ ပန်းသည်တွေ၊ အ စားအသောက် ရောင်းသူတွေ၊ အသုံး အဆောင်
ရောင်းသူတွေသာမက ဧည့်သည်တွေနဲ့ပါ အမြဲစည်ကားနေ တာကို တွေ့ရတာမို့ အဲဒါမှ
ရှင်သန်နေတဲ့ ကမ္ဘာတစ်ခုလို ထင်မိပါတယ်။
ကျွန်မတို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးထဲကို
ဝင်သွားခဲ့ဖူးတဲ့ အတွေ့အကြုံကိုလည်း သတိရမိပါတယ်။ ကျွန်မ တို့က ဂိတ်က
အပေါက်စောင့်ကို ငွေပေးပြီး ဆေးရုံ အပေါ်ထပ်ထိ တက်သွားတာပါ။ ဆေးရုံ
အဆောင်တွေဟာ ဟောင်းပေမယ့် သန့်ရှင်းပြီး တစ်ဦးချင်းသီးခြားနေဖို့တော့ အ
ခြေအနေ မပေးပါဘူး။ အဆောင်အ ကျယ်ကြီးမှာ ကုတင်အမြင့်ကြီးတွေ နဲ့
ခင်းကျင်းထားပြီး ဧည့်သည်တွေ ကလည်း လူနာတွေကို စကားတွေ ပြောလို့။
ကျွန်မက စုရဲ့ မေမေ သူနာပြု
လုပ်နေချိန်မှာ ငှက်ဖျားကြောင့် ဆေးရုံရောက်လာတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့
မြင်မြင်ချင်း အချစ်ဆိုတာကို သတိရနေမိခဲ့ပါတယ်။ ကျွန်မ လည်း အတွေးတွေနဲ့
လျှောက်သွားနေလိုက်တာ အဆောင်ကနေ အခန်းလေးတွေဘက် ရောက်သွားတော့တာပါပဲ။
အဲဒီမှာ ရုတ်တရက်ဆိုသလို လူတစ်ယောက် က ကျွန်မကို အသားလွတ် ကြီး
အော်တော့တာပါပဲ။ သူ အော်နေတဲ့ စကားတွေက ဘာမှလည်း အဓိပ္ပါယ် မရှိသလိုပါ။
ကျွန်မကို ဇွတ်ဆွဲပြီး အောက်ထပ်ဆင်းမဲ့ ဓာတ်လှေကားထဲ ပြန်ပို့လိုက်ပါတယ်။
အပြင်ကို ပြန်မရောက်ခင်မှာတော့ ဆေးရုံ အနေအထားကို လေ့လာဖို့ အချိန်လေး တော့
ရလိုက်ပါရဲ့။ ဘယ်လိုပဲဖြစ်ဖြစ် အသက်ဝင်နေတဲ့ အဲဒီဆေးရုံဟာ ဆူညံလို့ပါပဲ။
အခု ကျွန်မ မြင်နေရတဲ့ မန္တလေးက ပုဂ္ဂလိက ဆေးရုံကတော့ တိတ်ဆိတ်နေလိုက်တာ။
လူတွေက စရိတ်ကြီးမှာ ကြောက်ပြီး အပေါက် နားတောင် မသီကြလေရော့လားပဲ။
ဆက်တွေးမိတာကတော့ မြန်မာပြည် ကလူတွေဟာ တိတ်ဆိတ်မှုကို ဆေးရုံမှာ ငွေပေးပြီး
လာရှာနေလေ မလား လို့ပေါ့။
မန္တလေးမှာ တည်းရတဲ့ ဟိုတယ်ကတော့
တကယ်ကျေနပ်စရာ ကောင်းပါတယ်။ ကျွန်မတို့အခန်း ပြူတင်းပေါက် က ကြည့်ရင်
နန်းတော်နဲ့ မန္တလေးတောင်ကို လှမ်းမြင် နေရတယ်လေ။ ၁၈၈၅ ခုနှစ် သီပေါ မင်း
ပါတော်မူခဲ့တဲ့ နန်းတော်ဂိတ် ကို ကျွန်မက မသိတော့ မမှန်းတတ် ဘူး
ဖြစ်နေပါတယ်။ ကျွန်မ ဖတ်ခဲ့ ဖူးတဲ့ စာအုပ်တစ်အုပ် ကိုလည်း သတိရမိပါတယ်။
ရုရှားစာရေးဆရာ ပါစတာညက် လိုတော်တဲ့ အမီတာဗ် ဂို့ရှ်ရေးတဲ့ “မှန်နန်းတော်”
ဆိုတဲ့ စာအုပ်ပါ။ ဒီစာအုပ်ကို ပထမဆုံး အကြိမ် ဖတ်ရတော့ မြန်မာပြည်ရဲ့
ကြေကွဲဖွယ် ဇာတ်ကို သိခဲ့ရပါတယ်။ ဒီ့ထက်ပိုပြီးလည်း သိချင်လာပါတယ်။
မသီတာ-စမ်းချောင်း
ဒေါ်အောင်ဆန်းစုကြည်အတွက် စာတစ်စောင် (၄၂)
အမှန်တော့ “မှန်နန်းတော်” စာအုပ်ဟာ
အလက်ဇန္ဒားအနေနဲ့ ကြီးကြီး မသန်းဧကို လက်ဆောင်အဖြစ် ပေးခဲ့တဲ့ စာအုပ်ပါ။
ကြီးကြီးမသန်းဧရဲ့ တယ်လီဖုန်းထဲက အသံဟာ စိတ်အားငယ်နေတယ်လို့ ထင်ပြီး သူ
ရှိတဲ့ သြစတြီးယားကို သွားခဲ့တုန်းက ကျွန်မရောက်ပြီး သုံးရက်လောက် ကြာတော့
အလက်ဇန္ဒားလည်း ချီကာဂို ကနေ ရောက်လာခဲ့ပါတယ်။ အလက်ဇန္ဒားက စုလိုပဲ ငယ်ကတည်းက
စာအုပ်ဖတ်တာကို ဝါသနာ ပါတာကိုး။ ကျွန်မလည်း သူ့ရဲ့လက်ဆောင် ကို
သဘောအကျကြီး ကျခဲ့သလို စာအုပ်အဖုံးပေါ်က ဦးပိန်တံတားရှုခင်း ကိုလည်း
မှတ်မိနေပါတယ်။
ဂျပန်မှာ ရှိတဲ့ နာရာနဲ့ ကျိုတိုက
လူတွေကတော့ မန္တလေးမြို့တည်ပုံ ဟာ သူတို့မြို့တွေနဲ့ ဆင်တူတာမို့ မန္တလေး ကို
ရောက်ရင် လွယ်လွယ်နဲ့ သဘောပေါက်နိုင်မယ့်ပုံပါ။ နန်းတော်ကို ၃ ကီလိုမီတာ
အရှည်ရှိတဲ့ ကျုံးမြို့ရိုးနဲ့ ပတ်လည်ဝိုင်းထားပါ တယ်။ မြို့ထဲက
လမ်းတွေကလည်း စတုရန်းကွက်ထဲမှာ စနစ်တကျဖောက် ထားတာတွေပါ။ အရှေ့တံတားကို
ဖြတ်ကျော်ပြီး နန်းတော်ထဲဝင်တော့ အမြောက်ကြီးတွေကို အရင်တွေ့ရ လေရဲ့။
နန်းတော်ကို သင်္ဃန်းရောင် သုတ်ထားပြီး ထုမရှိတဲ့ ပစ္စည်းတွေနဲ့
ဆောက်ထားပုံတွေ့ရတော့ အပေါစား ဆန်သလိုမြင်မိ ပါတယ်။ နေရာတကာ မှာ
နန်းတော်အစစ်ပုံမျိုးဖြစ်အောင် ကြိုးစား လုပ်ထားပုံ တွေ့ရပေမယ့်
မတူနိုင်ဘူး ဆိုတာ တွေးမိပါတယ်။
၁၈၅၇ ခုနှစ်မှာ မင်းတုန်းမင်း က
နန်းတော်ကို အမရပူရကနေ မန္တ လေးကို ရွေ့ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ စာအုပ်တွေ
အဆိုအရတော့ နန်းတော်သစ်ရဲ့ ဗိသုကာလက်ရာဟာ အတော့်ကို ခေတ်မီ
ခမ်းနားခဲ့တယ်လို့ ဆိုပါတယ်။ မင်းတုန်းမင်း ကံကုန်တော့ သူ့အခန်းကို
ရွေ့ပြီး နန်းတော်ကျောင်းရယ်လို့ ဘုန်းကြီးကျောင်း ဖြစ်လာ ပါသတဲ့။ အတိတ်
နန်းတော်ရဲ့ အေးချမ်းမှုတွေ ကို သစ်သား ပန်းပုထည် တွေက
ကိုယ်စားပြုနေသလိုတော့ ကျွန်မ ခံစားမိခဲ့ပါတယ်။
အင်္ဂလန်က မန္တလေးကို သိမ်း
ပိုက်လိုက်ပြီးတဲ့နောက်မှာတော့ နန်းတော်ဟာ အင်္ဂလိပ်စစ်တပ်ရဲ့ ဌာနချုပ်
ဖြစ်သွားပါတော့တယ်။ ကျွန်မတို့ ရောက်တဲ့အချိန် မှာတော့ မြန်မာ့ တပ်မတော်က
နန်းတော်မှာ နေရာယူ ထားပြီး ဖြစ်ပါတယ်။ နန်းတော်ရဲ့ အငွေ့အသက်လေးတွေကို
ခံစားဖို့ ကိစ္စမှာ အခိုင်အမာဆောက်တားတဲ့ ဘားတိုက် တွေကို မြင်ရတော့
အဆင်မပြေ သလိုပါပဲ။ ကြည့်ရ ဆိုးလိုက်လေ လို့ ခံစားလိုက်ရပါတယ်။
ကျွန်မက “ဒီနန်းတော်ကို ဘယ်သူက
ဖျက်ဆီးခဲ့တာလဲ”လို့ ဆိုတော့ ကျွန်မတို့ရဲ့ ဧည့်လမ်းညွှန်က “ဂျပန်
တပ်တွေ”လို့ဖြေလေရဲ့။ ကျွန်မလည်း “ဘာ”လို့သာ တစ်လုံးတည်း အော်လိုက်မိပါတယ်။
“ဒါဆို ဒီနန်းတော် ပြန်ပြုပြင် တည်ဆောက်ရေးကို ဂျပန် အစိုးရက
လုပ်ပေးသင့်တာပေါ့”လို့ တစ်ဆက်တည်း ဆက်ပြောဖြစ်ပါ တယ်။ တကယ်တော့ ကမ္ဘာ့အမွေ
အနှစ် ဗိသုကာလက်ရာ တစ်ခုကို တခြားနိုင်ငံက စစ်တပ်ဟာ အတုံ့အဆိုင်း မရှိ
ဖျက်ရက်တာပါလား။ ဒါဟာ စစ်ကြောင့် ပျက်ရတာ မဟုတ်ဘဲ စစ်တပ်ကြောင့်
ပျက်ရတာလို့ သဘောပိုက် မိပါတယ်။ တကယ်လို့ ဒီလိုလုပ်တာဟာ အင်္ဂလိပ်စစ်တပ်က
ဆိုရင် ဒီလောက် ဒေါသထွက်မိမှာ မဟုတ်ဘူး ထင်ပါတယ်။ သူများရဲ့
နန်းတော်ကိုလည်း ဖျက်ဆီးသေး၊ သူတို့ ဂျပန်စစ်ပြန်တွေကလည်း မြန်မာ ပြည်ကို
လွမ်းတယ် ပြောသေးဆိုတာ ကျွန်မ ဘယ်လိုများ နားလည်ပေးရ ပါ့မလဲ။
ဒီလို သိလိုက်ရပြီးတဲ့နောက်မှာတော့
ကျွန်မဟာ မန္တလေးမြို့ထဲ လည်ဖို့တောင် စိတ်မပါတော့သလို ဖြစ်မိပါတယ်။
မန္တလေးတောင်ပေါ် တော့ တက်ပြီး စန္ဒမုခိ ဘီလူးရုပ်ကို တော့ ကြည့်ဖြစ်ပါသေးရဲ့။
ညနေစောင်း မှာတော့ ချည်ထည် လုပ်ငန်း တစ်ခုကို သွားလေ့လာဖြစ်ပါတယ်။
ဒီကပိုးထည်တွေကတော့ လူထုဒေါ် အမာ ရေးခဲ့သလိုပါပဲ အရည်အသွေး အတော့်ကို
ကောင်းပါတယ်။ ဒေါ်အမာက ပိုးထည်ဆိုရင် မန္တလေးအရှေ့ ပြင်က ပိုးထည်က
အကောင်းဆုံး လို့ ရေးခဲ့တာကိုး။ ကျွန်မတို့က ကမန်းကတန်း လည်တာဆိုတော့
မန္တလေး ဟာ တရုတ်မြို့ဖြစ်နေပြီဆိုတာ ဟုတ် မဟုတ် မလေ့လာနိုင်ခဲ့တာကိုတော့
စိတ်မကောင်းဖြစ်မိပါတယ်။
ပဲခူးက လျောင်းတော်မူဘုရား
ပုဂံနဲ့ မန္တလေးက ပြန်တော့ ကျွန်မတို့လည်း
နွမ်းနေပါပြီ။ နောက်နေ့မနက် ဧည့်လမ်းညွှန်က လာခေါ်တော့ ကျွန်မတို့လည်း
ပင်ပန်းပေမဲ့ လိုက်လာဖြစ်ပါတယ်။ ကားက မင်္ဂလာဒုံလေဆိပ် ကိုတောင် ကျော်ပြီး
မောင်းနေလေတော့ ကျွန်မခင်ပွန်းက စိတ်နည်းနည်း တိုသလို ဖြစ်နေလို့ ကျွန်မကပဲ
သူတို့ခေါ်ရာနောက်သာ လိုက်ရ အောင်ပါ လို့ နှစ်သိမ့်ရပါတယ်။
ပဲခူးက ရန်ကုန်ရဲ့ မြောက်ဘက် ကီလို ၇ဝ
အကွာလောက်မှာ ရှိပါ တယ်။ ကားလမ်းတစ်လျှောက်မှာ ပထမ တော့
အများသုံးအိမ်သာလို့ ထင်ခဲ့မိပြီး နောက်မှ ဓာတ်ဆီဆိုင်လို့ သိလိုက်ရတဲ့
ဆိုင်တွေတော်တော်များ များ သတိထားလိုက်မိပါတယ်။ အဲ ဒီအချိန်က ဓာတ်ဆီကို
ကိုတာနဲ့ပဲ ရောင်းချပေးတာပါ။ ၂ဝဝ၇ ခုနှစ်မို့ အဲဒီ အချိန်မှာ ဓာတ်ဆီက
ဆိုင်ဈေး ၁၅ဝဝ ကျပ်လောက်ဖြစ်ကာ မှောင် ခိုဈေးကတော့ ၄၅ဝဝ ကျပ်လောက်
ဖြစ်ပါတယ်။ ဓာတ်ဆီစာအုပ်နဲ့ ပြပြီး ဝယ်နေကြတာကို ကြည့်ရတော့ ကျွန်မလည်း
စိတ်ထဲ အဆင်မပြေ ဖြစ်ရပြန်ပါတယ်။ ဆီစာအုပ် မေ့ နေရင်
ဝယ်ခွင့်မရဖြစ်ရတယ်လို့ ကား သမားက ရှင်းပြပါတယ်။ ဆီစာအုပ် ဆိုတာကလည်း
လက်ပေါင်းစုံကိုင် ထားတော့ မည်းသည်းညစ်ပတ်နေ တာပါပဲ။ ဒါ့အပြင် သဘာဝဓာတ်ငွေ့
နဲ့ ရေနံတွေ ထွက်သလောက် လူထု က အခုလို ဓာတ်ဆီ ဝယ်တာတောင် အဆင်မပြေဘဲ
ဖြစ်နေတာတွေကို မြင် ရတော့ စိတ်ပျက်မိပါတယ်။
ရန်ကုန်မှာ မောင်းနေတဲ့ကား အများစု ကလည်း
ဂျပန်က သုံးပြီး သားကားတွေ ဖြစ်နေပါတယ်။ ကားတွေမှာ ဂျပန်စာတွေ တွေ့ရတာက
တော့ ဂျပန်တိုးရစ်တွေ အတွက် စိတ်သက်သာရာ တောင်ရသေးလို့ ဆိုရမှာပါပဲ။
ကျွန်မတို့ ကားဒရိုင်ဘာက ပြော တာကတော့ ဂျပန်ကားတွေရဲ့ ဈေး က အစိုရရဲ့
အခွန်တိုးကောက်မှုအပါ အဝင် စည်းမျဉ်း စည်းကမ်းတွေ ကြောင့်ပါ နှစ်ဆလောက်
တက်လာတယ်လို့ သိရပါတယ်။ ဒါကြောင့် ဌာနဆိုင်ရာ တံဆိပ်နဲ့ကားတွေ အားလုံး
လိုလိုကတော့ ဂျပန်ကားတွေ မဟုတ် ကြပါဘူး။
ပဲခူးကတော့ ၁၃ ရာစုကနေ ၁၆ ရာစုအတွင်း
မြန်မာ့ထီးနန်းစိုက် ရာမြို့တော် ဖြစ်ခဲ့ဖူးပါတယ်။ ပဲခူး လို့ ဆိုလိုက် ရင်
ရွှေမော်ဓော နဲ့ ရွှေသာလျောင်း စေတီတွေက ကျော်ကြားပြီးသားပေါ့။ ပဲခူးကနေ
နန်းတော် ရွေ့သွားပြီး နောက် မှာတော့ ရွှေသာလျောင်း ကိုလည်း လူတွေ မေ့လျော့
သွားပါတော့တယ်။ ၁၉ ရာစုကျမှ အင်္ဂလိပ် လက်ထက်မှာ အိန္ဒိယပညာ ရှင်တစ်ယောက်က
မီးရထားလမ်း ဖောက်ဖို့ လိုက်ကြည့်ရာက ရွှေသာလျောင်းကို တောထဲမှာ သွားတွေ့ပါ
သတဲ့။ ရွှေသာလျောင်း ရုပ်ပွားတော်ရဲ့ ဉာဏ်တော်က ၅၄.၈၈မီတာတောင် မြင့် ပါတယ်။
စစ်ဒဏ်ကို မခံခဲ့ရတာမို့ ရုပ်ပွားတော်ရဲ့ ခြေတော်မှာ ရှိနေတဲ့ မှန်စီရွှေချ
အပြောက်အမွှမ်းတွေတောင် မပျက်စီးဘဲ ကျန်နေ တာကို တွေ့ရပါတယ်။ အဲဒီနောက်
မှာတော့ ဆယ်စုနှစ် ၁ဝ စုစာလုံးလုံး လျောင်းတော်မူ နေရတဲ့ ရွှေသာလျောင်း
ကိုယ်တော်လည်း ဘုရားဖူးတွေ တဖွဲ ဖွဲနဲ့ မနားရတော့ပေဘူး။
မိသားစုတွေတစ်စုပြီးတစ်စုက
ရုပ်ပွားတော်ကို နောက်ခံထားပြီး ဓာတ်ပုံရိုက်နေကြပါတယ်။ ဘုရား ရဲ့ ညာဘက်
ကွင်းပြင် ထဲမှာလည်း နောက်ထပ်လျောင်းတော်မူ တစ်ဆူကို တွေ့လိုက်ရပါတယ်။
ဒီရုပ်ပွားတော် က အဆောင်အယောင် မများပေမယ့် မျက်နှာတော် လုံးဝန်းပြီး
သပ္ပါယ်တာမို့ အဲဒီရုပ်ပွားတော်ကိုပဲ ကျွန်မတို့ က ဓာတ်ပုံရိုက်ဖြစ်
ခဲ့လေရဲ့။ ဧရာဝတီမြစ်ဘေးက ဆည်းဆာချိန်ဓာတ်ပုံ နှစ်ပုံရယ်၊
ဒီလျောင်းတော်မူပုံရယ်က တော့ အခုအချိန်ထိ ကျွန်မတို့အိမ် ဧည့်ခန်းမှာ
ရှိနေပါတယ်။
သိပ်လည်း ပင်ပန်းနေပြီမို့ ရွှေမော်ဓောစေတီ
ကိုတော့ အဝေးကနေပဲ ဖူးဖြစ်ပါတယ်။ ကျွန်မက ထင်ရှားတဲ့ နေရာတွေကို
တစ်ခါတည်းနဲ့ အကုန် လျှောက်မလည်ဘူး လို့လည်း ဆုံးဖြတ် ထားပါတယ်။ ဒါမှ စိတ်က
လည်စရာ ကျန်နေလေခြင်း ရယ်လို့ ဖြစ်ကာ နောက်တစ်ခါ လာချင်မှာလေ။
ဒေါ်အောင်ဆန်းစုကြည်အတွက် စာတစ်စောင် (၄၃)
ဒီ ၂ဝဝ၇ ခုနှစ် ခရီးမှာတော့ စုကို
မတွေ့ခဲ့နိုင်သလို သတင်းစကား လည်း မပါးခဲ့နိုင်ပါဘူး။ ဒါပေမယ့် အများစု ဟာ
ဗုဒ္ဓရဲ့ အဆုံးအမ အတိုင်း အတတ်နိုင်ဆုံး အကောင်း ဆုံး နှလုံးသွင်းထားကြတာကို
တွေ့ရတာမို့ ကျွန်မတို့ ကျေနပ်နိုင်ခဲ့ ပါတယ်။ တစ်ဖက်မှာတော့
ကျွန်မတို့နောက်ကို တစ်စုံတစ်ယောက်က လိုက်ကြည့် နေတယ် လို့ ခံစားရချက်
ကလည်း ရှိနေပါတယ်။
စုရေ နောက် တစ်ခေါက်မှာတော့ စိုးရိမ်ကြောင့်ကြမှုတွေ မရှိဘဲ ရှင့်ကို လာတွေ့ချင်ပါရဲ့။
မြန်မာ့မိခင် (၂ဝ၁ဝ-၂ဝ၁၂) စုသည် မြန်မာလူထု၏ မိခင်သဖွယ် ဖြစ်လာခြင်း
၂ဝ၁ဝ ခုနှစ် နိုဝင်ဘာ ၁၃ ရက် မှာတော့ စုဟာ
၇ နှစ်ခွဲကြာ နေအိမ် အကျယ်ချုပ်ကနေ လွတ်မြောက်လာ ပါတယ်။ စုကို ကြည့်ရတာ
နေကောင်းပုံရပြီး လှလို့ ပလို့ပါပဲ။ မြန်မာ နိုင်ငံမှာ
ရွေးကောက်ပွဲလုပ်တော့ ကျွန်မ တို့က ချင်းမိုင်ကို ရောက်နေ ပါတယ်။
ကျွန်မခင်ပွန်းက အစည်းအ ဝေးတစ်ခု တက်စရာ ရှိလို့ပါ။ ကျွန်မအနေနဲ့ ကတော့
တပ်မတော်သား ၂၅% ပါတဲ့ လွှတ်တော်ကို စိတ်မဝင်စားပါဘူး။
ဒီလိုလွှတ်တော်မျိုးမှာ ဒီမိုကရေစီကို လေ့ကျင့်ရမှာ လို့ တွေးမိတော့
စိတ်မရှည်စရာ ပဲနော်။
ကျွန်မတို့ ချင်းမိုင်ကနေ ဘန် ကောက်ကို
ရောက်တော့ ကင်မ့်သတင်းကို ကြားလိုက်ရပါတယ်။ ဘန်ကောက် ပို့စ် ရဲ့
မျက်နှာဖုံးမှာပေါ့။ သူ့ကို ကျွန်မတို့က ပြီးခဲ့တဲ့ သြဂုတ် မှာမှ
အောက်စ်ဖို့ဒ်မှာ တွေ့ခဲ့တာပါ။ အဲဒီတုန်းက သူ့ကြည့်ရတာ အေးအေး
ဆေးဆေးလေးပါပဲ။ ဒါပေမယ့် အ ခုဓာတ်ပုံထဲမှာ တွေ့လိုက်ရတာက တော့ ဆံပင်တွေ
ဘာတွေ ဖြတ်ထား ညှပ်ထားတာမို့ စိတ်က တစ်ခုခုကို ပိုင်းဖြတ်ထားသလိုပါ။
သတင်းထဲမှာ ရေးထား တာကတော့ သူက မြန်မာပြည်ထဲ ဝင်ခွင့်ဗီဇာ ရဖို့ ဟော်တယ်
တစ်ခုမှာ စောင့်နေပါတယ်တဲ့။ သူ တည်းနေတဲ့ ဟိုတယ်ကို ကျွန်မတို့
သိချင်လာပါတယ်။ ဒီလိုနဲ့ ကျွန်မ တို့နှစ်ယောက်သား ဘန်ကောက်ပို့စ် သတင်းစာ
ရှိရာ အဆောက်အဦဆီ အရောက် သွားဖြစ်ခဲ့ပါတော့တယ်။
ရွေးကောက်ပွဲနေ့မှာတော့ ကရင်အဖွဲ့
တစ်ခုဖြစ်တဲ့ ဒီကေဘီအေက မြန်မာတပ်တွေနဲ့ မြဝတီမှာ တိုက်ပွဲ ဖြစ်ခဲ့ ပါတယ်။
နယ်စပ်မှာ နေတဲ့ ကရင်အများစုလည်း ထိုင်းဘက်ကို ထွက်ပြေးလာခဲ့ရတာပေါ့။
ထိုင်းက သတင်းသမား အများစုကလည်း နယ်စပ်ကို
ရောက်လာ ကြပါတယ်။ ဂျပန်သတင်းထောက် တစ်ယောက် မှတော့ မတွေ့ရပါဘူး။ ဒါကြောင့်
ဂျပန် သတင်းစာတွေမှာ ထိုင်းသတင်းစာတွေလောက် မြန်မာ သတင်းကို မတွေ့ရပါဘူး။
ကျွန်မ မြင်မိတာကတော့ ဂျပန်
လူငယ်အများစုကို အင်္ဂလိပ်စာ သာမက အာရှဘာသာစကားတွေ တတ် အောင် သင်ပြီး အာရှမှာ
ဘာဖြစ်ဖြစ် လွှတ်ပြီး သတင်း ယူနိုင်အောင် လေ့ကျင့်
ပျိုးထောင်သင့်တယ်လို့ပေါ့။ အာ ရှနိုင်ငံတွေကြားမှာ ဂျပန်ဟာ အခုလို
ကိစ္စမျိုးတွေမှာ ခေတ်နောက်ကျ ကျန်နေတာ မကောင်းဘူးလို့လည်း ထင်မိပါတယ်။
ထိုင်းစံတော်ချိန် ညတစ်နာရီမှာပဲ ကျွန်မက
လန်ဒန်ကို ဖုန်းဆက်ကာ ကင်မ့်အကြောင်း စုံစမ်းရပါတော့ တယ်။ နောက်တစ်နေ့မနက်
ထိုင်းနန်းတော်ကို လည်ပတ် အပြီး မှာတော့ ကင်မ် တည်းခိုနေတဲ့ဟော်တယ်ကို
သွားခဲ့ ပါတယ်။ အစကတော့ ဧည့်ကြို မိန်းကလေးက ဘာအချက်အလက်မှ
ထုတ်မပြောနိုင်ဘူးလို့ ငြင်းပါတော့ တယ်။ ဒါပေမယ့် ကျွန်မလည်း စုနဲ့ကျွန်မ
ဘယ်လို ပတ်သက်နေတယ် ဆိုတာကို ပြောပြလိုက်တော့မှ ခဏစောင့်ပါ တဲ့။
နောက်ဆုံးတော့ ကင်မ့် အတွက် ကျွန်မရဲ့ စာလေးကို သူလက်ခံထားပေးလိုက်ပါတယ်။
ဟူး တော်ပါသေး ရဲ့။ မိန်းမသားချင်းမို့ ဒီလောက် အဆင်ပြေတာ ထင်ပါရဲ့။
ကျွန်မတို့ သိလိုက်ရတာက ကင်မ်ဟာ ပြင်သစ်က
ရုပ်ရှင်အဖွဲ့တစ် ဖွဲ့နဲ့အတူ ရှိနေတယ်ဆိုတာပါ။ သူ့ အတွက် စိတ်အေး
သွားတာမို့ ကျွန်မ တို့လည်း ဂျပန်ကို ပြန်လာ ခဲ့ပါတယ်။
နောက်နှစ်ရက်လောက်ကြာတော့ ကျွန်မတို့ ရှိရာ ဂျပန်ကို ကင်မ်က
ဖုန်းဆက်လာပါတော့တယ်။ အဲဒီအချိန်မှာ ကျွန်မက စုနဲ့ကင်မ့်ရဲ့ ပုံတွေကို
အင်တာနက် မှာ တွေ့ပြီးနေပါပြီ။ စုဟာ သူ့ကိုယ်သူ မထိန်းနိုင်လောက် အောင်
ပျော်ရွှင်နေပုံပါ။ ကင်မ်က လည်း မေးတမော့မော့နဲ့ ဂုဏ်ယူ ပျော်ရွှင်နေ သလို
မျက်နှာပေး ကိုက ကျေနပ်နေပုံပေါ့။ သူက ငယ်ငယ်က တည်းက
သူ့စိတ်ခံစားချက်တွေကို သိပ်ကြီး ထုတ်မပြတတ် သူလေ။
စုကတော့ ၇ နှစ်ခွဲသာ ကြာရော ဘာမှ
မပြောင်းလဲသလို လူထုရဲ့ အမေးတွေကို ချက်ချင်းတုံပြန်နေဆဲပါ ပဲ။
သူ့အပြုံးနဲ့ လေသံတွေက အရင် ထက်ပိုပြီးပျော့ပျောင်း လာတယ်လို့ တော့
မြင်မိပါတယ်။ သူဟာ ဒီနှစ်များ အတွင်းမှာ ပိုပြီးပျော့ပျောင်း
ကျစ်လျစ်လာသလို လူထုနဲ့ ဆက်ဆံရာမှာ နိုင်ငံရေးသမား ပိုပီသလာတယ်လို့ လည်း
ကျွန်မ ခံစားလိုက်ရပါတယ်။
စု လွတ်မြောက်ပြီးနောက်မှာ တော့ စုရဲ့
လှုပ်ရှားမှုတွေရယ်၊ ကင်မ် နဲ့ လှုပ်ရှားတာတွေရယ်ကို ဗီဒီယိုအ ဖြစ် တွေ့လာ
ကြရပါတယ်။ အဲဒီဟာ တွေထဲမှာ ကျွန်မအတွက် စိတ်မှာ အခံစားရဆုံးကတော့
ဗိုလ်ချုပ်ဈေးကို သားအမိ နှစ်ယောက် သွားလည်တဲ့ ဗီဒီယိုပါ။ ကင်မ့်ကိုသာ
မြန်မာပြည် မှာ ကြာကြာနေခွင့်ပေးရင် ကင်မ်ဟာ စုရဲ့ ဘော်ဒီဂတ် အလုပ်ကို
လုပ်နိုင်မှာပါ။ ကင်မ်က သူ့အမေရဲ့ လက်ကို ခပ်တင်းတင်း ဆုပ်ကိုင်ထားတာဟာ သူ
ငယ်ငယ်က အတိုင်းပါပဲ။ ဆယ် နှစ်ကျော် ကြာ ဝေးနေရတဲ့ မိခင်နဲ့ မေတ္တာအရ
ပြန်လည်ထိတွေ့ခွင့်ကို လက်လွတ်မခံနိုင်သလို ဆုပ်ကိုင်ထား လိုက်တာလေ။
ကင်မ်ဟာ သူ့အမေကို အနောက်မှာ ထားပြီး လူအုပ်ကြားမှာ သူက ရှေ့ကနေ
တိုးဝှေ့သွားနေလိုက် တာ သဘောကျစရာပေါ့။ လူထုထဲက အမျိုးသမီးတွေ ကလည်း
တစ်ဦးပြီး တစ်ဦး၊ တစ်ယောက်ပြီးတစ်ယောက် လာနှုတ်ဆက်လိုက်ကြတာ စုတို့ ရှေ့
တိုးမလျှောက်နိုင် လောက်အောင် ဖြစ်နေပါတယ်။ သိပ်မကြာခင်မှာပဲ စုရဲ့ ပါးမှာ
နှုတ်ခမ်းနီရာ စွန်းလာပါတော့ တယ်။ ကင်မ်က လူထုထဲမှာ အရပ်
အရှည်ဆုံးလိုဖြစ်နေတော့ သူ့ခေါင်း ကို လိုက်ကြည့်ရုံနဲ့ စု ဘယ်နား
ရောက်နေတယ် ဆိုတာ သိနိုင်လေရဲ့။ လူအုပ်ထဲမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးက
လူတွေလည်း ပါနေပုံ ရပါတယ်။ သူတို့ အချင်းချင်း လက်ကိုင်ဖုန်းတွေနဲ့
သတင်းပေးနေ သလိုမျိုးလည်း တွေ့ရလေ ရဲ့။ ဒီအမေနဲ့ဒီသားကို လူထုက ဒီလောက်
ချစ်နေမှတော့ ကျွန်မလည်း စိတ်မပူဖြစ်တော့ပါဘူး။
တစ်နေရာမှာတော့ မိခင်တစ်ဦး က သမီးငယ်လေး
တစ်ယောက်ကို ပွေ့ချီထားပါတယ်။ ကလေးလေးရဲ့ လက်ထဲ မှာတော့
“ဒေါ်အောင်ဆန်းစုကြည်သည် ကျွန်ုပ်တို့၏ မိခင် ဖြစ် သည်”လို့ အင်္ဂလိပ်လို
ရေးထားတဲ့ စာတန်းတစ်ခုကို ကိုင်ထားလေရဲ့။
အော်.. ဒီလိုကိုး။ ကျွန်မ သိသွားပါပြီ။
စုက မြန်မာလူထုရဲ့ အမေ ဖြစ် သွာပြီကိုး။ ၁၉၈၉ ဇူလိုင် ၂ဝ ကနေ ၁၉၉၅ ဇူလိုင်
၁ဝ ရက်အကြာ နေအိမ် အကျယ်ချုပ် အပြီးမှာ စုဟာ စစ် အစိုးရကို ဆန့်ကျင်တဲ့
ခေါင်းဆောင် တစ်ယောက် ဖြစ်လာခဲ့ပါတယ်။ ဒီမိုကရေစီရဲ့ ပြယုဂ်လည်း ဖြစ်ခဲ့တာ
ပေါ့။ ဒါပေမယ့် သူ့ရဲ့ ဒီမိုကရေစီ ဟာ သိပ်ဒြပ်မဲ့ ဆန်ခဲ့ပါတယ်။ လူထု ရဲ့
နေ့စဉ်ဘဝနဲ့ ဝေးကွာနေခဲ့တာပေါ့။ အဲဒီနောက် ၂ဝဝ၃ မေ ၃၁ ကနေ ၂ဝ၁ဝ နိုဝင်ဘာ
၁၃ ရက်ထိ ကြာခဲ့ တဲ့ အထိန်းသိမ်းခံဘဝအပြီးမှာတော့ စုဟာ မြန်မာလူထုရဲ့
မိခင်အဖြစ် အ သွင်ပြောင်းလာခဲ့ပါတော့တယ်။ စုဟာ ကျစ်လျစ်တဲ့ သင်္ကေတတစ်ခုအဖြစ်
ပြန်လည်မွေးဖွားလာခဲ့တယ်လို့ ဆိုရ မှာပေါ့။
ကင်မ့် အနေနဲ့လည်း မိုက်ကယ့်
နောက်ဆုံးအချိန်မှာ စုက မြန်မာပြည်ကို မထားခဲ့နိုင်ရတဲ့အကြောင်းရင်းကို
သဘောပေါက်လောက်ပြီ ထင်ပါတယ်။ ဒါ့အပြင် သူ့အမေဟာ မြန်မာ လူထုအတွက်
ဘယ်လိုအနက် အဓိပ္ပါယ်မျိုး ကို ဆောင်နေတယ်ဆို တာကိုပါ သဘောပေါက်လောက်ပါ ပြီ။
ဆယ်နှစ်ကျော်ကြာ မတွေ့ခဲ့ရ ပြီးတဲ့နောက် မှာတော့ ကင်မ်ရဲ့ သူ့အမေနဲ့
နေရတဲ့ ၂ ပတ်ဟာ အကောင်းဆုံး အားဆေး ထိုးလိုက်ရသလို ဖြစ်မယ့်နေ့ရက်တွေ ပဲ
ဖြစ်ပါတော့တယ်။ကျွန်မကတော့ စုအနေနဲ့ အခုလို ငြိမ်းချမ်းတဲ့ နေ့ရက် ဘယ်လောက်
များများကို ပျော်ရွှင်စွာ ဆင်နွှဲနိုင်မှာပါလိမ့်လို့ တွေးနေမိပါတော့တယ်။
No comments:
Post a Comment