Thursday, January 30, 2014

ဒေါ်အောင်ဆန်းစုကြည်အတွက် စာတစ်စောင် (အဌမပိုင်း)

ဒေါ်အောင်ဆန်းစုကြည်အတွက် စာတစ်စောင် (၃၆) 

  စက်တင်ဘာ ၂၇ မှာတော့ ဂျ ပန်ဓာတ်ပုံသတင်းထောက် ခန်းဂျိ နာဂါအိဟာ သတင်းလိုက်နေစဉ်မှာ စစ်သား တစ်ယောက် ရဲ့ အနီးကပ် ပစ်ခတ်မှုကြောင့် သေဆုံး ခဲ့ရပါတယ်။ အဲဒီပစ်ခတ်မှု ဓာတ်ပုံဟာလည်း ခဏအတွင်း မှာ ကမ္ဘာကို ပျံ့နှံ့သွား ပါတော့တယ်။ ဓာတ်ပုံထဲမှာတော့ ကတ္တရာလမ်းပေါ် ပက်လက်လဲကျ နေပြီဖြစ်တဲ့သူဟာ ကင်မရာ ကိုင်ထားတဲ့ ညာလက်ကို မိုးကောင်းကင်ပေါ် ထောင်လျက်သား ကိုင်ထားလေရဲ့။ နိုဝင်ဘာ ၄ ရက်မှာတော့ သူ့ အတွက် လွမ်းဆွတ်ဖွယ်အခမ်းအ နားကို တိုကျိုမှာ ကျင်းပပါတယ်။ တိုကျိုမှာ ရှိတဲ့ မြန် မာတွေနဲ့ ဂျပန် ထောက်ခံသူတွေက စုရုံးပြီး အခမ်းအနားကို တက်ခဲ့ကြတာပါ။ ကျွန်မတို့လည်း မိတ်ဆွေဟောင်းတွေ ကို ပြန်တွေ့ရကာ သူတို့က အခြေအနေ ပေးရင် မြန်မာပြည်ကို အလည်သွားဖို့ အကြံပေး ကြပါတယ်။

အဲဒီလိုနဲ့ ကျွန်မတို့လည်း မြန်မာပြည်ကို သွားလည်ဖို့ ဆုံးဖြတ်ကာ ဗီဇာလျှောက်တော့ ခရီးစဉ်စဖို့ ၂ ရက်အလိုမှာ ဗီဇာရခဲ့ပါတယ်။ သုဝဏ္ဏဘုမိသို့ ကျွန်မတို့လည်း မြန်မာပြည်ကို တကယ်ဦးတည်သွားနေတာပါလား လို့ ကိုယ့်ဘာသာကိုယ် မယုံနိုင်ဘဲ လေယာဉ်ခရီး စတင်ဖြစ်ခဲ့ပါတယ်။ ထိုင်းနိုင်ငံရဲ့ သုဝဏ္ဏဘုမိ လေဆိပ် ကလည်း တစ်နှစ်ကို လူ သန်း ၄ဝ ဝင်ရောက်ဖြတ် သန်းနိုင်လောက်တဲ့ အထိ ကျယ်ဝန်းကြီးမားပါပေတယ်။ ဒါပေမယ့် ကျွန်မကတော့ လေဆိပ် ရဲ့ နာမည်ဟာ ထူးဆန်းနေ သလိုပါပဲ။ ပါဠိလို သုဝဏ္ဏဘုမိဆိုတာ ရွှေမြေလို့ အဓိပ္ပါယ်ရတာပါ။ ရှေးခေတ်မှာ မွန်လူမျိုးတွေရဲ့ ထီးနန်း ရှိရာကို သုဝဏ္ဏဘုမိလို့ ခေါ်ခဲ့တာ ပါ။ မြန်မာနဲ့ ထိုင်းကြားမှာ စစ်ပွဲတွေ ရှိခဲ့တဲ့အတွက် အပြန်အလှန် ကူးလူးဆက်ဆံမှုတွေ များခဲ့ပါ တယ်။ ဒါကြောင့် ဒီနာမည်က ဘယ်သူ့နာမည်လဲဆိုတာ ခွဲမရ တော့ဘူး ထင်ပါရဲ့။

 လေဆိပ် စာအုပ်ဆိုင်ထဲမှာတော့ မြန်မာပြည် အကြောင်း ရေးထားတဲ့ အင်္ဂလိပ်စာအုပ် တော်တော်များများကို တွေ့ရ ပါတယ်။ အဲဒီစာအုပ်တွေကို ဂျပန်မှာ မတွေ့ခဲ့ရ ဖူးတော့ ဝယ်ချင်ပေမယ့် မြန်မာပြည် အသွားမှာမို့ ဟိုရောက်ရင် စစ်ဆေးတာတွေ လုပ်တဲ့အခါ အဆင်မပြေမှာစိုးလို့ မဝယ်ဖြစ်တော့ပါဘူး။ စိတ်မကောင်းစွာ နဲ့ပဲ ဂိတ်ရှိရာကို ထွက်ခဲ့ရ ပါတယ်။ တီဂျီ ၃ဝ၅ လေယာဉ်က ခပ်ဟောင်းဟောင်းပါ။ ထိုင်းနဲ့ ကပ်လျက်မို့ ထိုင်းအများအပြားနဲ့ နိုင်ငံခြားသားတွေက အများကြီးပါပဲ။ ဘန်ကောက် က နေရောင်အောက် မှာ ရွှေငွေရတနာရောင်တွေ ပြန့်ကြဲ တောက်ပသလို ရှိနေပါ တယ်။ လေယာဉ်က အနောက်ဘက်ကို ဦးတည် ပျံသန်းတာမို့ သိပ်မကြာခင် မှာပဲ မှောင်လိုက်လာ ရာက နောက်ဆုံး မည်းမှောင်သွားပါတော့တယ်။ ဒါ မြန်မာပြည်ပေါ့။ ရွှေရောင် ဘုရားစေတီတွေနဲ့ ရွှေငွေ သယံဇာတတွေ ပေါများတဲ့ သုဝဏ္ဏဘုမိ အရပ်လို့ ပြောရမယ့် မြန်မာပြည်လေ။

ထိုင်းနဲ့ ဘေးချင်းကပ်နေပေမယ့် ထိုင်းကတော့ အနောက် ကမ္ဘာ ဈေးကွက် ကို အစောကြီး ကတည်းက ရောက်နေခဲ့ပါတယ်။ ဒီမှာလည်း ရှေးရိုးစွဲမှုနဲ့ ခေတ်သစ် ပြောင်းလဲ လိုခြင်းတွေ ထိပ်တိုက်တွေ့ကြတော့ ရှပ်နီပါတီ နဲ့ ရှပ်ဝါပါတီ ရယ်လို့ ဖြစ်နေကြ လေရဲ့။ သူတို့ပြဿနာဖြစ်တိုင်း ဆန္ဒပြပွဲတွေ၊ အာဏာသိမ်းပွဲတွေနဲ့ ဖော်ထုတ်ရန်ဖြစ်ကြပြန်ပါတယ်။ ထိုင်းတွေဟာ ဘက်တစ်ဘက်တည်းကို ဘက်မလိုက် ဘူး၊ ဒါကိုပဲ ထိုင်းစတိုင်လ် ဒီမိုကရေစီလို့ သူတို့ကပြောကြပါတယ်။ ထိုင်းတွေက သူတို့ဟာ အရှေ့တောင်အာရှမှာ နံပါတ်တစ်မို့ သုဝဏ္ဏဘုမိ နာမည်ကို ယူတယ်လို့ သိရပါတယ်။ ရန်ကုန်လေဆိပ်က မထင်မှတ်လောက်အောင် သန့်ရှင်းပြီး ကျစ်ကျစ် လျစ်လျစ်လေး ဖြစ်နေလေရဲ့။

လွန်ခဲ့တဲ့ နှစ်တွေ တုန်းက ကျွန်မဟာ ဒါရိုက်တာချိနို့ ရိုက်ကူးတဲ့ “သွေး” ဇာတ်ကားကို ကြည့်ခဲ့ဖူးပါတယ်။ ဒီဇာတ်လမ်း ရဲ့ စာရေးသူက ဂျာနယ်ကျော် မမလေးဖြစ်ပြီး ၁၉၇၃ ခုနှစ် က ထွက်ခဲ့ပါတယ်။ ဂျပန်မိန်းကလေး တစ်ယောက် က အင်ဖာတိုက်ပွဲကြောင့် ကျဆုံးခဲ့တဲ့ သူ့အဖေရဲ့ သားတစ်ယောက်ကို မြန်မာပြည်မှာ သွားရှာတဲ့ အကြောင်း ပေါ့။ သူ့ရဲ့အဖေတူ အမေကွဲမောင် ကလေးကို ရှာတွေ့ခဲ့ ပေမယ့်အစပိုင်းမှာ သူ့ကို အသိအမှတ် မပြုခဲ့ကြပါဘူး။ စိတ်ဓာတ် ကျသွားတဲ့ ကောင်မလေးက ဂျပန် ကိုပြန်ဖို့ လေယာဉ်ပေါ် တက်ခါနီး မှာမှ သွေးက စကားပြောတဲ့ အတွက် မောင်လေးက သူ့ကို“အမ”လို့ ခေါ်ကာ လာတွေ့တဲ့ ဇာတ်လေးပါ။ ရုပ်ရှင် က ဓာတ်ပုံတွေ သိပ်လှ တာကြောင့် သိပ်ကိုကြည့်လို့ကောင်း ခဲ့ပါတယ်။ မြန်မာပြည်ကို မသိသေးတဲ့သူတွေ အတွက် ရောက်ဖူးချင်စိတ် တွေ ပေါ် စေနိုင်သလို သိပြီးသူတွေအတွက် အလွမ်းစိတ်တွေဖြစ်စေနိုင်တဲ့ ရုပ်ရှင် လို့ ပြောရ ပါမယ်။

 ရန်ကုန် လေဆိပ် ဆောက်လုပ်ရေးကို ဂျပန်ဆောက်လုပ်ရေး ကုမ္ပဏီ တစ်ခုက မြန်မာကုမ္ပဏီတစ်ခုနဲ့ တွဲပြီး ဆောင်ရွက် ခဲ့တယ်လို့ သိရပါတယ်။ လေဆိပ်မှာတော့ ကျွန်မ အတွက် ဘာပြဿနာမှ မဖြစ်ဘဲချောမောစွာပဲ ရန်ကုန်မြို့ ထဲ ခြေချလိုက်နိုင်ပါပြီ။ ကျွန်မတို့ကို လူငယ်လေး တစ်ယောက်က လာကြိုနေပါတယ်။ လေဆိပ်ထဲ က မထွက်ခင် မှာ အငှားယာဉ်မောင်းတွေ အပြိုင်အဆိုင် လူခေါ်နေတာကို မြင်ရတာ ရုရှကို သတိရစရာ ပေါ့။

ကျွန်မတို့တည်းတဲ့ ဟိုတယ်က မြို့လယ်မှာရှိပြီး ဆူးလေဘုရားကို မြင်နေရပါတယ်။ ဟိုတယ်အခန်းက ဘုရား ထက် မြင့်နေတော့ ကျွန်မ မှာ ဘုရားကို လက်အုပ်ချီ ရတာ ဇောက် ထိုးဖြစ်နေသလိုပါ။ စုသာ ဒီအကြောင်း သိရင် ဝေဖန်မှာပဲနော်။ ဆူးလေဘုရား ကိုတော့ ကျွန်မ တောင်းပန်ဖြစ်ခဲ့ပါတယ်။ ရွှေတိဂုံ စေတီတော် နောက်နေ့ မနက်မှာတော့ ကျွန်မတို့ကို ဧည့်ကြိုတွေက ရွှေတိဂုံ ဘုရားကို ဦးဆုံးခေါ်သွားခဲ့ပါတယ်။ ကောင်း ကင် ပြာပြာနောက်ခံမှာ မီတာ ၁ဝဝ လောက်မြင့် တဲ့ ရွှေရောင် စေတီတော်ကြီးက သပ္ပါယ်ဖွယ်ရာ တင့်တယ်နေလေရဲ့။ ရင်ပြင်တော်မှာတော့ စေတီငယ်တွေရော၊ တန် ဆောင်းတွေပါ ရွှေရောင်တောက်ပ နေသလို ရင်ပြင်ကျောက်ပြားက လည်း ပူလိုက်တာမှ အရမ်းပါပဲ။ ကျွန်မတို့လည်း အရိပ်ထဲကနေပဲ လျှောက်နိုင် ပါတယ်။ အပူချိန်က ၃ဝ ဒီဂရီကျော်မို့ သိပ်ပူလှပါတယ်။

 အဲဒီနေ့က ဒီဇင်ဘာ ၂၁ ရက်ပေါ့။ ကျွန်မခင်ပွန်း ကတော့ နမော်နမဲ့နဲ့ “ခင်ဗျားတို့ဆီမှာ ဘယ်အချိန် က ဆောင်းရာသီလဲဗျ”လို့ မေးလေရဲ့။ ကျွန်မတို့ရဲ့ ဧည့်ကြိုက ရယ်ပြီး “အခုအချိန်လေခင်ဗျာ”လို့ ဖြေရှာပါတယ်။ သူက ဂျပန်မှာ ခဏနေခဲ့ဖူးသူပါ။ ကျွန်မယောကျာ်းက ရုရှ မှာ အနေများခဲ့တော့ ဒီအပူဒဏ်ကို လုံးဝ မခံနိုင်ခဲ့ပါဘူး။ မော်စကို မှာ နေရတာ အပူ သက်သာတယ်လို့ တချိန်လုံး ပြောနေလေရဲ့။ ရှေးယခင် ဘုရင်နဲ့ ဘုရင်မတွေ က သူတို့ရဲ့ ကိုယ်အလေးချိန်နဲ့ စက် ပြီး ရွှေသင်္ဃန်းတွေကို ကပ်လှူခဲ့တာ ကြောင့် နှောင်း လူတွေကလည်း သူတို့နိုင် သလောက် ရွှေသင်္ဃန်းတွေ ကပ်ကြတယ်လို့ သိရပါတယ်။ ဒီတော့ ကျွန်မအတွက် ရွှေတိဂုံစေ တီတော်ဟာ ရွှေသားစင်စစ်တွေကို လေဟာပြင်မှာ ထုတ်ပြ ထားတဲ့ ပြပွဲဆန်း တစ်ခုလို ဖြစ်နေပါတော့တယ်။ မြန်မာပြည် လွတ်လပ်ရေး ရပြီး စမှာ နိုင်ငံရေးပါတီတစ်ခုက ရွှေတိဂုံက ရွှေတွေကို ခွာပြီးရမယ့်ငွေကို တိုင်းပြည် အတွက် သုံးမယ်ဆို တုန်းက လူထုက ကန့်ကွက်ခဲ့တယ် လို့ ဆိုပါတယ်။ စစ်အစိုးရကတော့ အဲဒီလို မကြံဖူးဘူး ထင်တာ ပါပဲ။ ရွှေတိဂုံကို ထိမ်းသိမ်း ထားချင်တဲ့ ကိစ္စမှာတော့ လူထုဆန္ဒအတိုင်း စစ်အစိုးရက ရှိပုံရပါတယ်။

ရင်ပြင်တော်နဲ့ တန်ဆောင်းတွေမှာ အေးအေးလူလူ အနားယူ စားသောက်အိပ်စက်နေသူတွေကို တွေ့ရ ပါတယ်။ လူတွေနဲ့ အကြည့်ချင်း ဆုံတဲ့အခါ သူတို့က ကျွန်မကိုပြုံးပြလေရဲ့။ လူတွေအတွက် ရွေတိဂုံဟာ ဘာသာရေးအရ ကိုးကွယ်အားထား ရာ နေရာအပြင် သူတို့ရဲ့ အထိမ်းအမှတ် တံဆိပ်တစ်ခုလို ဖြစ်နေတာပါ။ ရွှေတိဂုံရဲ့ ရွှေရောင်နဲ့ ဖိနပ်မပါ လုံချည်ပွပွနဲ့ လူတွေဟာ ဘာမှ မဆိုင်သလို ဖြစ်နေပေမယ့် တသားတည်း လည်း ဖြစ်နေပါတယ်။ ကျွန် မတို့လို သစ်သားကို အားပြုသူတွေ အတွက် ရွှေရောင်တောက်တဲ့ ရွှေတိဂုံဟာ သိပ်တောက်ပနေလေရဲ့။ ကျွန်မလည်း သိပ်ကို ကြည်နူးနေမိပါတယ်။ နောက်ထပ် ဘုရားတွေ ထပ်ဖူးစရာ မလိုတော့ဘူး လို့ တွေးမိ လောက်အောင် ဒီကို ရောက်လာရတာကို ကျေနပ်နေမိပါတယ်။

မသီတာ(စမ်းချောင်း)

ဒေါ်အောင်ဆန်းစုကြည်အတွက် စာတစ်စောင် (၃၇)


ကျွန်မ မှတ်မိနေတာ ကတော့ အနောက်ဘက် မုခ်မှာ စုက နိုင်ငံရေး တရားပွဲ ကျင်းပခဲ့တယ်ဆိုတာပါ။  “ကျွန်မ နိုင်ငံခြားမှာ နေပြီး နိုင်ငံခြားသားနဲ့ လက်ထပ်ထားတယ် ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် ကျွန်မ ရဲ့ မွေးရပ်မြေ အပေါ် ချစ်တဲ့ အချစ်နဲ့ ကူညီချင်တဲ့ အတွေးတွေဟာ ဘယ်တော့မှ မနည်းခဲ့ဖူးပါဘူး” နဲ့ “လူတွေက ကျွန်မဟာ နိုင်ငံရေးကို နားမလည်ဘူးလို့ ပြောကြပါတယ်။ အမှန်ကတော့ နားလည်လို့ကို ခက်နေတာပါ”လို့ စုက ပြောခဲ့တာဖြစ်ပါတယ်။ အဲဒီအချိန်က စုနားမှာ သူ့တစ်မိသားစုလုံး ရှိနေပါတယ်။ အဲဒီမိန့်ခွန်းဟာ စုအတွက် မြန်မာပြည်မှာ သူရှိနေတယ် ဆိုတာကို ကြေညာရာ ရောက်သလို သူ့မိသားစုကနေ သူဟာ လွတ်လပ်စွာ နေနိုင်တယ် လို့ ကြေညာရာလည်း ကျခဲ့ပါတယ်။ အဲဒီနေရာကို ကျွန်မခဏလေးပဲဖြစ်ဖြစ် ရောက်ဖူး မြင်ဖူးချင် ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်မတို့က ဧည့်လမ်းညွှန်အနေနဲ့ စုနဲ့ကျွန်မတို့ရဲ့ပတ်သက် ဆက်နွယ်မှုကို သိသွားမှာလည်း စိုးမိပါတယ်။ ဒါနဲ့ပဲ အဲဒီကို မရောက်ဖြစ်တော့ပါ ဘူး။
ဧည့်လမ်းညွှန်က ကျွန်မတို့ကို “ဖီးလ်”စားသောက်ဆိုင်ကို ခေါ်သွား ခဲ့ပါတယ်။ ဆိုင်ထဲမှာ လူတွေအများ ကြီး ရှိနေလေတော့ မြန်မာတွေ ဆင်းရဲဒုက္ခရောက်တယ် လို့ ပြောတာ နဲ့ ကွဲပြားနေတာကို တွေ့ရသလိုပါပဲ။ ကမ္ဘာပေါ်ရှိ ဘယ်နေရာမှာ ဖြစ်ဖြစ် ဘယ်တော့ဖြစ်ဖြစ် ချမ်းသာသူတွေက ရှိနေတတ်တယ်လို့ ဆို ရမှာပေါ့။ စားပွဲထိုးလေးတွေ သွက်သွက်လက်လက် အလုပ်လုပ်နေတာ  မြင်တော့ ကျွန်မခင်ပွန်းက သူတို့ တစ်လ ဘယ်လောက် ရလဲဆိုတာ ဧည့်လမ်းညွှန်ကို မေးလိုက်ပါတယ်။  ကျွန်မခင်ပွန်းကတော့ စီးပွားရေး ပညာရှင် ပီသစွာနဲ့ရောက်လေရာနေရာမှာ အလုပ်သမားတွေရဲ့ လုပ်ခလစာကို စပ်စုနေတတ် ပါတယ်။  သူ့လစာ ဘယ်လောက် ဆိုတာတော့ သူတကယ် မသိရှာပါဘူး။
“ဝန်ထမ်းတစ်ယောက်က တစ် လကို ဒေါ်လာနဲ့ တွက်ရင် ၄ဝ လောက်ပဲရပေမယ့် ဒီကလေးတွေ က ၇ဝ လောက်ထိ ရကြတယ်။ သူတို့က နယ်က လာကြတာများ တယ်”လို့ ဧည့်လမ်းညွှန်က ပြန်ဖြေ ပါတယ်။ “ဒါပေမယ့် နေစရိတ် ကြီးမှာပေါ့”လို့ ကျွန်မက ဝင်ပြော တော့ “ဟာ သူတို့က ဆိုင်ပိတ်ရင် ဒီမှာပဲ အိပ်ကြတာ”လို့ ပြန်ဖြေပါ တယ်။ ကျွန်မက စားပွဲတွေကို ငေးကြည့်မိပါတယ်။
ကျွန်မတို့ရဲ့ ဧည့်လမ်းညွှန်က နေ့လယ် ၂ နာရီနဲ့ ၄ နာရီကြားမှာ ခဏနားဖို့ ပြောပါတယ်။ ကျွန်မတို့ အသက်ကြီးသူတွေက အပူဒဏ်ကို မခံနိုင်တော့ သူက စိတ်ပူပြီး တွေးပေးရှာတာပါ။ ကျွန်မတို့လည်း ကိုယ့်အခန်းထဲကနေပဲ ရန်ကုန်ကို ငေးကြည့်ဖြစ်ခဲ့တာပေါ့။  ညဘက်မှာ ဆူးလေစေတီက မီးရောင်နဲ့ တည်ငြိမ်နေ သလောက် နေ့ဘက် မှာတော့ ရွှေရောင်တွေ တောက်ပ နေပါတယ်။
ကျွန်မခင်ပွန်းက ခြေညှပ်ဖိနပ် တစ်ရံ၊ လုံချည်တစ်ထည်နဲ့ ဂဏန်း နံပါတ်အကြီးကြီးပါတဲ့ လက်ပတ် နာရီ တစ်လုံးလည်း ဝယ်ချင်နေပါ တယ်။ သူက အမြဲလို ဈေးဝယ်တာကို မုန်းသူမို့ အခုလို ဈေးဝယ် ထွက်ချင်တယ် ဆိုတော့ ထူးဆန်းနေပါတယ်။ ကျွန်မက အသုံးအဆောင် မပေါများတဲ့ ဒီနေရာမှာ ဈေးမဝယ်စေ ချင် ပေမယ့် သူကတော့ ဈေးကို လေ့လာ ချင်နေသလို သူ့ငွေတွေကိုလည်း မြန်မာပြည်မှာ သုံးချင်ပုံပါ။ ဧည့်လမ်းညွှန်က ကျွန်မတို့ကို တရုတ်တန်း ဈေးဆီ ခေါ်သွားလေရဲ့။
တရုတ်တန်းက ကျွန်မတို့တည်းတဲ့ ဟိုတယ်ကနေ သိပ်မဝေးပါဘူး။ တရုတ်တန်းမှာတော့ပစ္စည်းဆိုင်တွေ ရော အစားအသောက်ဆိုင်တွေပါ လမ်းဘေး ပလက်ဖောင်းပေါ် အထိ ပစ္စည်းတွေ ခုံတွေကို ခင်းကျင်းထား ကြပါတယ်။ ဒီတော့ ကျွန်မတို့လည်း ဆိုင်ရှိရာကို တိုးတိုးဝှေ့ဝှေ့ဘဲ ဝင်လျှောက်သွားခဲ့ရပါတယ်။ ဆိုင်လေးတွေ က ၄ မီတာ အကျယ် ၈ မီတာ အရှည်လောက်ပဲ ရှိကြတာပါ။ ဒါဟာတရုတ်တန်းပါပဲ။ ကျွန်မ ကတော့ နေရာ ကျဉ်းကျဉ်းထဲမှာ ပစ္စည်းတွေအများကြီးကို ဆံ့အောင် စီပြထားတတ်တဲ့ သူတို့ကို အံ့သြအ ထင်ကြီးမိလေရဲ့။ ကြမ်းပြင်ကနေ မျက်နှာကြက်အထိ ရှိရှိသမျှ စားစရာ၊ ဝတ်စရာ အသုံးအဆောင် အားလုံးကို နေရာလပ်မကျန် ပြသထားတာပါ။  နောက်ထပ် အံ့သြစရာကတော့ ဂျပန်ထွက် ရှီရှဲဒိုးနဲ့ ကာနေးဘိုး အလှကုန်တွေကိုပါ သော့ခတ်ထားတဲ့ မှန်ဗီရိုထဲမှာ တွေ့ရတာပါပဲ။ ဂျပန်မှာတောင် နို့ရည်တစ်ဘူး ဟာ မြန်မာ အလုပ်သမား လုပ်ခ တစ်လခစာလောက် ဈေးကြီးတဲ့ ပစ္စည်းတွေလေ။ ဒီမှာ ဈေးဘယ်လောက် တင်ထားမယ် မမှန်းတတ်ပါဘူး။ ဝယ်သူ ရှိလို့လည်း တင်ရောင်းကြ တာပေါ့။ ကျွန်မကတော့ အဲဒီ ပစ္စည်းတွေကို ဝယ်တဲ့ မိန်းကလေး တွေ ကို မြင်ဖူးချင်နေမိပါတယ်။
ဧည့်လမ်းညွှန်လေးရဲ့ ကျေးဇူး နဲ့ပဲ ကျွန်မခင်ပွန်း ဝယ်ချင်တာတွေ ကို ခဏအတွင်း ဝယ်လိုက်နိုင်ခဲ့ပါ တယ်။ သူ ဝယ်လိုက်တဲ့ လက်ပတ် နာရီဆိုရင် ၁၅ ဒေါ်လာလောက် ပဲ ပေးရပြီးတော့ နောက် ၂ နှစ်အထိ အချိန်လည်း မှန်၊ တစ်ခါမှလည်း မပျက်တဲ့အတွက် သူက ကျေနပ်နေ ပါတယ်။ ဒါနဲ့ပဲ သူက မြန်မာ ပြည်မှာ လက်ပတ်နာရီ ဝယ် ဆိုပြီး တော့တောင် မိတ်ဆွေတွေကို ပြောနေလေရဲ့။ တရုတ်တန်းဈေးမှာ ကျွန်မ တွေ့ခဲ့ရတာတွေက တရုတ်နဲ့ ထိုင်းပစ္စည်းတွေ ချည်း တွေ့ရတာမို့ မြန်မာပစ္စည်းတွေ လိုချင်ရင် ဘယ်သွားရမယ် မသိတော့ပါဘူး။ ကျွန်မမှာ မြန်မာပြည်ကို အလည်ရောက် နေခိုက် မှာတောင် မြန်မာ ပစ္စည်းတွေကို လွမ်းနေ ရလေရဲ့။

မြစ်တစ်ဖက်က မြို့ဒလ
ကျွန်မတို့ဟိုတယ်အခန်းရဲ့ ပြ တင်းပေါက်ကနေ ရန်ကုန်မြို့လယ်ကို ကောင်းကောင်း တွေ့နေရပါတယ်။ မြို့လယ်ရှုခင်းမှာ မြို့တော် ခန်းမ၊ တရားရုံးချုပ်ကြီးနဲ့ ရန်ကုန် မြစ်ဘေးက အကောက်ခွန်ရုံး၊ စာတိုက်ကြီး၊ စထရင်း ဟိုတယ်တွေ ကိုပါ လှမ်းမြင်နေရတာပါ။ ဒီရှုခင်းကို မြင်ရတော့ သိမ်းမြစ်ကမ်းဘေး က လန်ဒန်နဲ့ ဆင်တူတယ် လို့ တွေးမိပါတယ်။ မြန်မာပြည် ကို မသိတဲ့ သူတွေကတောင် ဒီလိုမြစ်ကမ်းဘေးက ရုံး အဆောက်အဦတွေကို ကြည့်ပြီး ဒီမြို့ကို အင်္ဂလိပ်တွေ တည်ခဲ့တယ် လို့ ပြောနိုင်မလားပဲ။
လန်ဒန်နဲ့ ရန်ကုန် မတူနိုင်မှာ ကတော့ မြစ်တစ်ဘက်ကမ်းမှာ စိမ်းလန်းလွန်းတဲ့ တောအုပ်တန်းက မျက်စိ တစ်ဆုံး မိုင်ချီပြီး ရှိနေတာပါ ပဲ။ ကျွန်မခင်ပွန်းနဲ့ ကျွန်မလည်း အဲဒီဘက် အခြမ်းကို စိတ်ဝင်စားမိ သွားပါတယ်။ ဒါနဲ့ ဧည့်လမ်းညွှန်ကို အဲဒီဘက်ခြမ်းဆီ သွားလည်လို့ ရမလားလို့ မေးဖြစ်တော့ သူက ရတာပေါ့လို့ ဆိုလေရဲ့။
ပန်းဆိုးတန်း ဆိပ်ကမ်းကတော့  ပန်းဆိုးတန်းလမ်း အောက်ဘက်မှာ ရှိပါတယ်။ နိုင်ငံခြားသားတွေအတွက် မြစ်ကူး သင်္ဘောလက်မှတ်က အသွားအပြန် ကို နှစ်ဒေါ်လာ ပါတဲ့။  နားနေဆောင် မှာတော့ အကြော်သည် အချို့နဲ့ ဖရဲသီးသည် အချို့ကို တွေ့ ရပြီး ယင်တလောင်းလောင်း ဖြစ်နေတာကိုလည်း သတိထားမိပါတယ်။
သင်္ဘောကမ်း ကပ်တယ် ဆိုတာနဲ့ လူတွေရော ဈေးသည်တွေပါ စု ပြုံတိုးဝှေ့ကြတော့တာပါပဲ။ သင်္ဘောက အချိန် ဇယားနဲ့ ထွက်တာ မဟုတ်ဘဲ လူပြည့်ရင် ထွက်တာ မျိုးပါ။
သင်္ဘောကို ရေချပြီးကတည်းက တစ်ခါမှဆေးကြောထားပုံ မပေါ် တာကိုလည်း သတိထားမိပါတယ်။ သင်္ဘော အောက်ပိုင်း မှာ ဆီတွေနဲ့ ချွဲနေပြီး အနံ့တွေစုံလှတော့ အသက် ရှုမဝဖြစ်တာမို့အပေါ်ဘက်ကို လေရှု ရအောင် တက်ခဲ့ဖြစ်ပါတယ်။ ပလတ်စတစ် ထိုင်ခုံလေးတွေ ထပ်ထားတာကိုတွေ့ရပြီး ဧည့်လမ်းညွှန်က ကျွန်မ ကိုထိုင်ဖို့ ခုံတစ်လုံး ယူပေးလိုက်ပါ တယ်။ ခုံခပေးရမယ် လို့လည်း သိလိုက်ရပါတယ်။ ဒီထိုင်ခုံမှာ ထိုင်ဖို့ဆိုတာ ကိုယ့် သန့်ရှင်းတဲ့ ဘောင်းဘီ နဲ့ ခုံက ပေရေနေ တာတွေကို သုတ်သင် ပေးရမယ်လို့ ဆိုလိုရာ ကျနေတာကို လည်း တွေ့ရပါရဲ့။

ဒေါ်အောင်ဆန်းစုကြည်အတွက် စာတစ်စောင် (၃၈)

သင်္ဘောပေါ်က လူတွေကို ကြည့်ရတာ နွမ်းဖတ်နေပါတယ်။ သူတို့ရဲ့ မျက်ဝန်းနက်တွေဟာ တကယ့်ကို စိမ်းကားနေ ပါတယ်။ ကျွန်မက စိုက်ကြည့်လိုက်တဲ့ တစ်ချိန်မှာတော့ သူတို့ရဲ့ လှစ်ခနဲအပြုံးကို မြင်လိုက်ရ ပါတယ်။ ကျွန်မလည်း စိတ်ထဲမှာ အပြစ်ရှိသလို ခံစားရပြီး ပြန်ပြုံးပြလိုက်ဖြစ်ပါတယ်။ သင်္ဘောစီးချိန်က ဆယ်မိနစ်သာ ကြာပေမယ့် ကျွန်မက တစ်ချိန်လုံး အပြုံးဖလှယ် နေခဲ့ရပါတော့တယ်။
သင်္ဘောပေါ်ကဆင်းတော့ သဲတရှပ်ရှပ်နဲ့ သစ်သားကုန်းပေါင်ကို တက်ကာ တစ်ဖက်ကမ်းကို ရောက်ပါတယ်။ တံတား တစ်ဖက် တစ်ချက် မှာတော့ ဆိုင်လေးတွေက အစီအရီပါပဲ။ တံတားထိပ်မှာတော့ ရှူနာ ရှိုက်ကုန်း အင်ဂျင်သံနဲ့ လိုင်းကား တစ်စီးက ခရီးသည်ခေါ် နေပါတယ်။ ဆိုက်ကားတွေလည်း လူခေါ်နေတာ အများကြီး ပါပဲ။
ကျွန်မတို့လည်း ဆိုက်ကားစီးပြီးတော့ပဲ လည်မယ်လို့ ဆုံးဖြတ်လိုက်ကြပါတယ်။ ဆိုက်ကားစီးတဲ့ အခါမှာတော့ ကျွန်မ ခင်ပွန်းနဲ့ ဧည့်လမ်းညွှန်က အာဟာရ မပြည့်တဲ့ပုံနဲ့ ပိန်ပိန်လေးတွေမို့ တစ်စီးစီးပြီး ဝတုတ်တုတ် ကျွန်မက တစ်စီး သပ်သပ်စီး ဖြစ်သွားပါတယ်။ ဘာမှပြောဆိုတိုင်ပင်တာမရှိဘဲ အဲဒီလိုထိုင်စီးကြဖို့ ဆုံးဖြတ်ဖြစ်တာပဲ ဖြစ်ပါတယ်။ ဆိုက်ကား ဆရာနှစ်ယောက် လုံးကတော့ အသက်ကြီးကြီး ပိန်ပိန်ပါးပါးတွေမို့ ဘယ်လိုပဲ စီးစီး တယ်တော့ မထူးလှဘူး ထင်တာပါပဲ။ ဒါပေမယ့် ယောကျာ်းတွေချည်းစီးတဲ့ ဆိုက်ကားကတော့ ချောချောမောမောပဲ ထွက်ခွာသွားပါတယ်။ လမ်းတွေက တစ်ခါ တုန်းက ကတ္တရာအပြည့် ခင်းထားခဲ့ပုံပါပဲ။ ဒါပေမယ့် အခုတော့တော လမ်းလေးလို ဖြစ်နေလေရဲ့။ ကျွန်မရဲ့ ဆိုက်ကား ဆရာက ထိုင်ခုံမှာ ဖင်မကျနိုင်လောက်အောင် ခါးဆန့်ပြီး ကုန်းရုန်းနင်းရှာပါတယ်။ ကျွန်မလည်း တစ်သက်နဲ့ တစ်ကိုယ် ကိုယ်ခန္ဓာ ဝတာဟာ အပြစ်လို့ ပထမဆုံး အကြိမ် ခံစားလိုက်မိတာပါပဲ။
လမ်းတစ်လျှောက် တွေ့ရသမျှ တွေက စိတ်ဝင်စားစရာပါ။ တဲအိမ် လေးတွေ အများစုက လမ်းဖက် မျက်နှာမူတဲ့အခြမ်းမှာ အကာအရံ မလုပ်ထားတာမို့ အိမ်ထဲကို တိုးလျှိုးပေါက် ကြည့်လို့ရနိုင်တာပါပဲ။
အိမ်တစ်အိမ်ရဲ့ အလယ်မှာ စားပွဲ တစ်လုံးပေါ်မှာ ရှေးခေတ်က ဖုန်း တစ်လုံး တင်ထားတာ တွေ့လိုက်ရပါတယ်။ ကြည့်ရ တာ သူတို့တွေရဲ့ တစ်ခုတည်းသော ဆက်သွယ်ရေး ကိရိယာလားပေါ့။ နောက်တစ်ခု ထူးခြားတာကတော့ ဒီလိုနွမ်းပါး တဲ့နေရာမှာ သောက်ရေအိုးစင်လေး တွေကိုတွေ့နေရတာပါ။ ရေငတ်လာ သူတွေအတွက် စဉ်းစားပေးထားတဲ့ ရွာဓလေ့ကို သဘောကျမိရပြန်ပါတယ်။
ရေမရှိတဲ့ချောင်းတစ်ခုကိုလည်း တွေ့ရပြီး မိုးတွင်းမှာတော့ ရေက ၆ ပေကျော်လောက်ထိ တက်တယ်လို့ သိရပါတယ်။ ရွာလယ် တစ်နေရာ မှာတော့ ကျွန်မတို့ ဆိုက်ကားတွေ ခဏနားလိုက်ကြပါတယ်။ ရွာထဲမှာ လူမရှိသလို ဖြစ်နေပြီး ဧည့်လမ်းညွှန် ရှင်းပြမှပဲ အများစုက နေရေးထိုင်ရေး ဈေးချိုတဲ့ ဒီဒလမှာ နေကြပေမယ့် ရန်ကုန်ဖက်ကို အလုပ်သွားလုပ်ကြ တယ်ဆိုတာသိရပါတယ်။ ကျွန်မက တော့ဒလအတွက် စိတ်မကောင်း ဖြစ်နေမိပါတယ်။ ဒလမှာ သောက်သုံးရေပြဿနာက ရှိလေတော့ လူတွေ သိပ်မနေချင်ကြဘူးလို့ ဧည့်လမ်းညွှန်က ဆိုပါတယ်။ ရွာထဲက တချို့နေရာတွေမှာ ဂျပန်ရဲ့ အကူအညီနဲ့ရေရအောင် လုပ်ထားတာတွေ ကိုလည်းတွေ့ခဲ့ရပါတယ်။ အဲဒီအကြောင်းတွေကို လွန်ခဲ့တဲ့အနှစ် ၂ဝလုံး လုံး သာမန်မြန်မာနိုင်ငံသားတွေအ ကြောင်း ဓာတ်ပုံလိုက်ရိုက်မှတ်တမ်း တင်ခဲ့တဲ့ဂျပန်က ဓာတ်ပုံသတင်း ထောက်ရဲ့ လက်ရာတွေ ထဲမှာတွေ့ လိုက်ရပါတယ်။ ကျွန်မတို့ရဲ့ ဧည့် လမ်းညွှန်ကတော့ အဲဒါတွေကို မသိရှာပါဘူး။
အပြန်လမ်းမှာ တံတားကို တက်တော့ ကျွန်မလည်း အသက်ရှု အောင့်ကာ ဗိုက်ချပ်ထားပြီးကျွန်မရဲ့ ဆိုက်ကားဆရာ အမောသက်သာ အောင် ကြိုးစားကြည့်မိပါတယ်။ ဆိပ်ကမ်းကို ပြန်ရောက်တော့ ကျွန်မ လည်း ဒူးတွေတောင်တုန်နေပါပြီ။ ဆိုက်ကားဆရာကိုလည်း ကျေးဇူး တင်နေမိပါတယ်။ သူ့ဆိုက်ကားဘီး လည်းလေ မရှိတော့ဘူး ထင်တာပါပဲ။
ကျွန်မက ဆိုက်ကားကို နင်းသူရဲ့ ကိုယ်ပိုင်လို့ ထင်ခဲ့ပေမယ့် သာမန် လူတွေက ဆိုက်ကားတစ်စီးကိုတောင် မတတ်နိုင် ဘူးလို့ ဆိုပါတယ်။ ငွေကြေး တတ်နိုင်သူတွေက ဆိုက်ကားထောင်ပြီး နေ့စဉ်ငွေ သွင်းကာ နင်းသူတွေကို ငှားစားကြောင်းနောက်မှ သိရပါတယ်။ ကျွန်မလည်း ဆိုက်ကားနင်းသူရဲ့ တစ်နေ့တာဝင်ငွေနဲ့သူ့မိသားစု မလောက်ငနိုင်ဘူး လို့ တွေးမိကာ စိတ်မကောင်းဖြစ်ရပါတယ်။
တကယ်တော့ ကျွန်မက ဆိုက် ကားမစီးချင်ပါဘူး။ ဒါပေမယ့် ကျွန်မ တို့မစီးကြရင် ဆိုက်ကားနင်းသူတွေ အဆင်မပြေနိုင် ဘူးလေ။  လူ့ခွန်အားနဲ့ နင်းရတာက ခက်ခဲပင်ပန်းမှာ ဖြစ်ပေမယ့် နင်းခွင့်မရရင် ပိုပြီးဆင်းရဲ ပင်ပန်းနိုင်တာကိုး။ ခက်လှတဲ့ စိတ်မချမ်းမြေ့စရာ ဆင်းရဲမွဲတေမှု ပါပဲ။
ရန်ကုန်မြို့သို့ အလည်လာစဉ်က နိုရီကို
ရန်ကုန် တက္ကသိုလ်
ဒလဖက်က ပြန်လာတော့ စထရင်း ဟော်တယ်မှာ လက်ဖက်ရည် သောက်ကာ အမောဖြေ ဖြစ်ကြပါတယ်။ အဲဒီဟော်တယ် နဲ့ ဒလဟာ တကယ့်ကို ကွာခြားလွန်းပါ လားနော်။
ကျွန်မတို့ တည်းခိုရာဟော်တယ်ကို ပြန်ရောက်တော့ ရန်ကုန် တက္ကသိုလ်က ဆရာမလေးတစ် ယောက်ဟာ ကျွန်မတို့ ကို စောင့်နေပါတယ်။ သူက ကျွန်မခင်ပွန်း စာသင်နေတဲ့ တက္ကသိုလ်မှာ သုတေသန လုပ်နေတဲ့ ပါရဂူဘွဲ့ယူ ကျောင်းသူ လည်း ဖြစ်ပါတယ်။ သူက နွေရာသီ ကျောင်းပိတ်ရက်မို့ မြန်မာပြည်ကို ပြန်လာခိုက်မှာ သံဃာ့ အရေးအခင်း ဖြစ်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သူက ဂျပန်ကို ပြန်မသွားနိုင်တော့ပါဘူး။ သူဂျပန်ကို ရောက်နေခိုက်မှာ ပညာ ရေးဝန်ကြီး အပြောင်းအလဲဖြစ် တာလည်း ပါတာပေါ့။ ဝန်ကြီးအသစ်က ဝန်ကြီး အဟောင်း ဆုံးဖြတ်ခဲ့တာတွေကို တာဝန် မယူတော့ပါဘူး။ ဝန်ကြီး အပြောင်းအလဲမှာ ဆရာမလေးက ဓားစာခံလို ဖြစ်သွားရပါတယ်။ ဒါ့အပြင် စစ်အစိုးရကလည်း သံဃာ့အရေး အခင်းအကြောင်းကို ပြည်ပမှာ ဒီ့ထက် လူပိုသိသွားမှာကို မလိုလားဘူးလေ။ တကယ်တော့ အင်တာနက် ကြောင့် သံဃာ့ အရေးအခင်းက လူသိထင်ရှား ဖြစ်ပြီးနေပါပြီ။ ဆရာမလေး ကတော့ သူ့အနေနဲ့ ဘယ်လောက်ပဲ ခက်ခက်မျှော်လင့်ချက်ကို လက်လျှော့မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
အဲဒီနောက်မှာတော့ ကျွန်မတို့ အားလုံးဟာ ဂျပန်ဆိုင်တစ်ဆိုင်ကို သွားကာ ဂျပန်စာစားလိုက်ကြပါတယ်။ ဆရာမလေးရော ဧည့်လမ်းညွှန်ပါ ဂျပန်စာကို သဘောကျ လွမ်းဆွတ် နေကြသူတွေဖြစ်ပြီး ကားဆရာက တော့ ပထမဆုံး စားဖူးပေမယ့် သဘောကျနေလေရဲ့။ ဆိုင်ထဲမှာ လူရှင်းနေတာကို တွေ့ရခိုက် ပိုင်ရှင် မစ္စကိုမာရူက ရှင်းပြတာ ကတော့ သံဃာ့ အရေးအခင်း မတိုင်ခင်က ဧည့်များသလောက် အပြီးမှာတော့ လူတွေ သိပ်မလာကြတော့ဘူး ဆိုတာပါပဲ။ သူတို့ ဇနီးမောင်နှံက မြန်မာပြည်ကို ၁၉၉၆ ခုနှစ်ကတည်းက ရောက်ကာ စားသောက်ဆိုင် ဖွင့်ခဲ့တာဖြစ်ပြီး တခြားဂျပန်တွေ က ပြန်သွားတဲ့တိုင် အောင်သူတို့က မပြန်ဘဲ ဆက်နေခဲ့တာပါ။ သူတို့ က မြန်မာတွေကို သဘောကျတာမို့ မပြန်တော့ဘူးလို့ ဆိုပါတယ်။
ဆရာမလေးက သူ သိပ်ဂုဏ် ယူတဲ့ သူ့ရဲ့ ရန်ကုန်တက္ကသိုလ်ကို ကျွန်မတို့ကို ခေါ်သွားပြပါတယ်။  ကျောင်းဝင်း ထဲမှာ သစ်ပင်အိုကြီး တွေရှိနေကာ ကျွန်မတို့လည်း တကယ့်ကျောင်း ပရဝုဏ်ဆိုတဲ့ အသိမျိုးကို ရလိုက် ပါတယ်။ ကျွန်မတို့ လည်း ဘွဲ့လွန်အဆောင်တစ်ဆောင် နဲ့ စာကြည့်တိုက်ကို သွားကြည့် ကြပါတယ်။ ကျောင်းဝင်းက လူမရှိသလောက်ပါပဲ။
၂ဝ ရာစုအစကတည်းက သမိုင်းတစ်လျှောက်မှာ တော်လှန်ရေး မှန်သမျှ ဒီရန်ကုန်တက္ကသိုလ်က စခဲ့တယ်လို့ ဆိုနိုင် သလောက်ပါပဲ။  ဒါကြောင့်လည်း စစ်အစိုးရ က ကျောင်းသားတွေ စုစည်းရခက်အောင် ရန်ကုန် တက္ကသိုလ်ကို မြို့ပြင်ပို့ဖို့ စီစဉ်လိုက်တာပါ။
တကယ်တော့ စုရဲ့အိမ်ဟာ တက္ကသိုလ် ရိပ်သာလမ်းမှာမို့ ရန်ကုန် တက္ကသိုလ်ကနေဆို ခဲတစ်ပစ် လောက်ပဲ ဝေးပါတယ်။ ဒါပေမယ့် ကားသမားကို စုအိမ်ဖက်မောင်းပေးဖို့ ကျွန်မ မပြောဖြစ်ခဲ့ပါဘူး။ ကားသမားက စုအိမ်ကို စောင့်တဲ့ စစ်သားနဲ့ ရဲတွေကို ကြောက်နေတာလေ။ စု ရှိနေတဲ့နေရာနဲ့ အနီးဆုံးကိုရောက် ခဲ့ပေမယ့် ကျွန်မ တို့မှာ စုကို“ဟဲလို” လေးတောင် မလုပ်ခဲ့နိုင်ပါဘူး။
မသီတာ(စမ်းချောင်း)

ဒေါ်အောင်ဆန်းစုကြည်အတွက် စာတစ်စောင် (၃၉)

ကျွန်မတို့လည်း အလွန် အင်မတန် စိတ်ပျက်လက်ပျက် ဖြစ်နေမိတဲ့ ကြားထဲက ပြောင်းရွေ့သွားတဲ့ ဒဂုံ တက္ကသိုလ် တစ်ဖြစ်လဲ ရန်ကုန် တက္ကသိုလ်ကို သွားဖြစ်ခဲ့ပါတယ်။ ကားနောက်ခန်း အလယ်မှာ ထိုင်ပြီး မညီမညာ အဖုအထစ် အချိုင့်အပိန့်တွေ များလှတဲ့ လမ်းတစ်လျှောက် တစ်နာရီကျော်ကြာအောင် စီးပြီး လိုက်လာ ရတာဟာ ကိုယ့်ကိုယ်ကို ညာပြီး နှစ်သိမ့်တဲ့ အတတ်ပညာကို လေ့လာနေရသလိုပါပဲ။ ကားလေးက မြို့လယ် ကနေ အရှေ့မြောက် ဘက်ဆီ ဦးတည်နေပါတယ်။ ကား လမ်းရဲ့ ဘယ်ဘက်အခြမ်းမှာတော့ ရထားလမ်းကို တွေ့ရပါတယ်။ ကားက ဘယ်ကွေ့ကာ ရထားလမ်း ကို ကျော်ပြီး လမ်းကြားတစ်ခုထဲ မောင်းဝင် လိုက်တယ်ဆိုရင်ပဲ ကားက ဆောင့်ပြီး ခုန်သွားလေရဲ့။ လမ်းရဲ့ တစ်ဘက်တစ်ချက်မှာတော့ စပါးခင်းတွေ ရှိနေပါတယ်။ စပါးခင်း အလယ်မှာတော့ အဆောက်အဦ ဖြူဖြူကြီး က မြင်ကွင်းထဲမှာ ထီးထီးကြီး ဝင်လာပါတယ်။ ဂိတ်စောင့်က ဆရာမလေးရဲ့ မျက်နှာကို သေချာကြည့်ပြီးမှ ဂိတ်တံခါးကို ဖွင့်ပေးလိုက် ပါတော့တယ်။
ကျောင်းဝင်းရဲ့ အတွင်းအကျ ဆုံးနေရာက တောင်ကုန်းတစ်ခုပါ။ အင်္ဂတေ အုတ်လှေကားထစ်ဖြူဖြူတွေရဲ့ အဆုံးမှာတော့ တိုင်လုံးဖြူဖြူတွေနဲ့ အဆောက်အဦ ရှိနေပါတယ်။ တိုင်လုံးတွေနောက်က အဆောက်အဦကို တွေ့ရတာ နန်းတော်လိုလို ဘာလိုလို ပါ။ ဂရိက ပါသီနွန်လေလားပေါ့။  ပင်မအဆောက်အဦရဲ့ ဘေးတစ်ဖက် တစ်ချက်မှာတော့ ကျောင်း စာသင်ခန်းတွေ အများကြီး ရှိနေပါတယ်။ ကြည့်ရတာ ဘယ်ဘက်ခြမ်း ကနေ ညာဘက်ခြမ်းမှာ ရှိတဲ့ စာသင်ခန်းတွေ ဆီ လျှောက်ရရင် အချိန် အတော်ကြာမယ့်ပုံပါပဲ။
ဒီနေရာမှာ ဂျပန်တက္ကသိုလ် တွေလို အိုင်တီ၊ စာကြည့်တိုက်၊ အားကစားခန်းမ၊ ၂၄ နာရီ ဈေးဆိုင်၊ အခမဲ့ ကျောင်းကား ဆိုတာမျိုး တွေ ပံ့ပိုးမယ်ဆိုရင်တောင် ဘယ် ကျောင်းသားမှ လာတက်ချင်ပုံ မရလောက်ပါဘူး။
ကျောင်းပရဝဏ်အပြင်မှာတော့ အအေးဆိုင်တချို့ကို တွေ့ခဲ့ရပါတယ်။ ကျောင်းဝင်းထဲမှာ ဘာဆိုင်မှ မတွေ့ မိလေတော့ ကျောင်းသားတွေဟာ ကျောင်းဆောင်လည်း မရှိ၊ ဈေး ဆိုင်လည်းမရှိဘဲ ဘယ်လိုများ ကျောင်း တက်နေသလဲ ဆိုတာ မတွေးတတ် အောင်ပါပဲ။ ကျွန်မက တက္ကသိုလ် ဆရာမတစ်ယောက်ရေးတဲ့ ဆောင်းပါး တစ်ပုဒ်ကို ဖတ်ခဲ့ဖူးတာမို့ သတိရ မိပါတယ်။ ကျောင်းဆောင်မှာ နေဖို့ အတွက် သူက စာအုပ်စာတန်းတွေ အပြင် ထမင်းဟင်းချက်စရာ အိုးခွက် တွေကိုပါ ယူလာခဲ့ရပါသတဲ့။ သူက အဲဒီဒုက္ခတွေကို ခံနိုင်ပေမယ့် သွားရေး လာရေး အဆင်မပြေတာကိုတော့ မခံနိုင်ဘူးလို့ဆိုပါတယ်။ ဒါကြောင့် သူ့ကျောင်းသားတွေက သူတို့ရဲ့ဆိုင်ကယ်နောက်ခုံမှာ သူ့ကို တင်ခေါ်ပေးရင် ကံကောင်း လှချည့်လို့ တွေးနေမိပါသတဲ့။
“ကျွန်မက ဝန်ထမ်းဆိုတော့ ဘာမှ မပြောချင်ပါဘူး။ ဒါပေမယ့် ကျောင်းသားတွေကတော့ ကျောင်းကို သိပ်မလာချင် ကြဘူးလေ။ ဒါ ကြောင့် တစ်နေ့ထက် တစ်နေ့ ကျောင်း လာတက်တဲ့သူက နည်းနည်းသွား ပါတယ်။ နောက်တစ်ခု ကတော့ ဒီလို အခက်အခဲတွေကို ကျော်လွှားပြီး ကျောင်းပြီး ဘွဲ့ရတဲ့အခါမှာလည်း အလုပ်လက်မဲ့က ဖြစ်နေပြန်ပါတယ်။ ဒီလိုနဲ့ လူငယ်လေးတွေက တရားမဝင် ဈေးကွက် အလုပ်တွေကို လုပ်ဖြစ် သွားကြလေရဲ့”လို့ ကျွန်မတို့ရဲ့ ဧည့်လမ်းညွှန်က ရှင်းပြပါတယ်။ သူကတော့ ရန်ကုန်တက္ကသိုလ်ကို တက်ရောက်ခွင့် ရခဲ့တဲ့ ကံထူးရှင်ပေါ့။  သူ့အသက်က ၃၀ ကျော်ပေမယ့် ရံ ဖန်ရံခါ စကားပြန်အလုပ်လေး ရတာ ကလွဲရင် ဘာအလုပ်မှ မရှိရှာပါဘူး။
ကျွန်မလည်း စစ်အစိုးရရဲ့ အမျှော်အမြင်ကို အံ့ဩမိပါတယ်။ ပညာရေးဆိုတာ ပုဂ္ဂလိကပြဿနာမျိုး မဟုတ်ဘဲ အနာဂတ် နိုင်ငံတော် အတွက် စိတ်ခွန်အားကို ပျိုးထောင်နေတာလို့ နားမှလည်ရဲ့လားလို့လည်း တွေးနေမိပါတယ်။
စာရေးသူ နိုရီကို ဇနီးမောင်နှံ မြန်မာပြည်သို့ ရောက်ရှိခဲ့စဉ်
ရှေးခေတ်မြို့တော် ပုဂံ
ကျွန်မတို့လည်း ဟိုတယ်ကနေ မနက် ၅ နာရီကတည်းက ထွက်ပြီး အလည်ခရီးကို စလိုက်ပါတယ်။  ကျွန်မတို့ ကားက မီးပွိုင့်တစ်ခုမှာ ရပ်လိုက်ခိုက်မှာတော့ မထင်မှတ်ဘဲ ဖိနပ်မပါတဲ့ ကလေးတစ်သိုက်က ကားနားကို ကပ်လာကာ သစ်ခွပန်းတွေ လာရောင်းပါတယ်။ ကျွန်မတို့လည်း ရုရှမှာ အခုလိုပဲ ကားရှေ့ ဘွားခနဲ ပေါ် လာပြီး ကားမှန်ဆေးပေးဖို့နဲ့ ပစ္စည်းတစ်ခုခုရောင်းဖို့ ကြိုးစားတဲ့ ကလေးတွေကို သတိရသွားမိပါတယ်။
ပုဂံလေဆိပ်ကတော့ ပုံပြင်ထဲက မြို့တော်ရဲ့အဝင်ဝပဲပေါ့။ လေဆိပ်က မြို့ထဲသွားတဲ့ လမ်းတစ်လျှောက် မှာတော့ ရေတမာပင်တွေ စီတန်းစိုက် ထားလေရဲ့။ အဲဒီအပင်ရဲ့ အရွက်တွေက သွားကိုက်ပျောက်စေတယ် လို့လည်း သိရပါတယ်။ ကျွန်မတို့လည်း နေ့လယ် ၁၂ နာရီမှာ ညောင်ဦးဈေး ပိတ်မှာမို့ ဈေးမပိတ်ခင်မီအောင် သွား ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ညောင်ဦးဟာ ရှေးယခင်နှစ် များစွာကတည်းက လမ်းပန်းဆက်သွယ်မှု အချက်အချာ ကျပြီး ကုန်ဖလှယ်တဲ့ နေရာဖြစ်ခဲ့ ပါတယ်။ ဈေးထဲမှာ ရောင်းနေတာတွေက အမယ်စုံလွန်းလို့ ကျွန်မတော့ အံ့တောင် ဩမိပါတယ်။ ဈေးအရှေ့ဘက်မှာလည်း တခြား လမ်းဘေးဈေးသည်တွေ အများကြီး ရှိနေလေရဲ့။
ဈေးအတွင်းမှာလည်း ဆိုင်ခန်းတွေက အတန်းလိုက် အများကြီးမို့ ဒီနိုင်ငံမှာ အငတ်ဘေးဆိုတာ သိမှ သိပါလေစ လို့ မေးရမလိုပါ။ တကယ် တော့ ၁၉၆၂ ခုကတည်းက စစ်အာဏာရှင် လက်အောက်မှာ ရှိနေခဲ့ပေမယ့် တော်လှန် ပုန်ကန်မှုတွေ သိပ်မရှိခဲ့တာဟာ ဒါကြောင့်ပဲ ဖြစ်မယ် ထင်ပါတယ်။ လူတွေက မြောက်ကိုရီးယားမှာလို သိပ်မငတ်ကြတော့ အေးဆေး နေတယ် ထင်ပါရဲ့။
၂၀ဝ၈ ခုနှစ်မှာ ကွယ်လွန်ခဲ့တဲ့ စာရေးဆရာမကြီး လူထုဒေါ်အမာက သူ့စာအုပ်တစ်အုပ်ထဲမှာ ၁၉၆၉ ခုနှစ် က ပုဂံဈေးကို သွားခဲ့တဲ့အကြောင်း ရေးထားတာ ဖတ်ရဖူးပါတယ်။ အဲဒီအချိန်က သူတို့အုပ်စုဟာ လူ ၂၀ လောက် ပါပြီး တည်းစရာနဲ့ စားစရာ နေရာတွေ အတော့်ကို ရှားပါးခဲ့တယ် လို့ ဆိုထားပါတယ်။ သူတို့ ဘုရားဖူးအဖွဲ့က ပုဂံမှာ အစားအသောက် ဈေးဝယ်ထွက်တဲ့အကြောင်းကို ရေးထားတာပါ။ ပုဂံဈေးက သေးပေမယ့် အစားအသောက်တွေက လတ်ဆတ်သလို အရည်အသွေး ကောင်းသလောက် ဈေးချိုနေတာကို သူတို့က အံ့ဩခဲ့ကြကြောင်းပါ။ အဲဒီထဲမှာ မှ ဈေးသည်တွေအနေနဲ့ ဈေးဝယ်တွေကို သူတို့ရဲ့ကုန်ပစ္စည်း အရည်အသွေး ကို ဖြစ်ဖြစ် ဈေးနှုန်းကိုဖြစ်ဖြစ် ညာဝါးပြီး မရောင်းတာကို သဘောအကျဆုံးလို့ ရေးထားတာပါ။
ဒေါ်အမာက အစားအသောက်တွေ အထားခံအောင် မလုပ်တတ်တဲ့ နေရာတွေမှာ လတ်ဆတ်မှုဟာ အရေးကြီးတဲ့ အတွက် အစားအစာ တွေကို ရွေးတဲ့အခါ အနီးအနားဒေသက အစားအစာတွေက ပိုလတ်ဆတ်နိုင်တာမို့ အဲဒီလို အစားအစာတွေကို ရွေးဝယ်ဖြစ်ကြတယ်လို့ ရေးပါတယ်။ အိမ်ရှင်မတွေ အနေနဲ့ အဲဒီလို ရွေးတတ်တာမျိုးရယ် ၊ ဈေးမများဘဲ အရည် အသွေး မညံ့အောင် ရွေးတတ်တာမျိုး ရယ်ဟာ အရည်အချင်းတွေပါ လို့လည်း ဆိုပါတယ်။ ကျွန်မကလည်း အခုအချိန်အထိ ဧရာဝတီမြစ်ကြီးကို ကြည့်ရင်း စားခဲ့ရတဲ့ နေ့လယ်စာနဲ့ ရုပ်သေးပွဲ ကြည့်ရင်း စားခဲ့ရတဲ့ ညစာတွေကို မမေ့နိုင်သေးပါဘူး။ ဒါဟာ လတ်ဆတ်တဲ့ အသားအရွက်တွေနဲ့ ချက်ထားလို့ ဖြစ်မှာပါ။
ပုဂံမှာ တစ်နေကုန် လည်တယ် ဆိုပေမယ့် ဒီလို သမိုင်းဝင်နေရာအတွက် အချိန်မလောက်ပါဘူး။ ၄၂ စတုရန်း ကီလိုမီတာ အကျယ်အဝန်း ရှိတဲ့ ပုဂံမြေပေါ်မှာ လွန်ခဲ့တဲ့ ၁၁ ရာစုကနေ ၁၃ ရာစုအတွင်း တည် ထားခဲ့တဲ့ စေတီပုထိုးတွေနဲ့ ဘုရားတွေကို ကြည့်ရှုလေ့လာရတာ အနည်းဆုံး တစ်ပတ်လောက် ကြာမှ ရမယ် ထင်ပါ တယ်။ ဒါပေမယ့် ကျွန်မတို့ ရဲ့ ဧည့်လမ်းညွှန်က တော်လေတော့ အရေးကြီးတဲ့နေရာတွေကိုတော့ ရောက်သွား နိုင်ခဲ့ပါတယ်။ အထူးသဖြင့် လေးထောင့် စပ်စပ် တည်ထားတဲ့ အာနန္ဒာစေတီကို အမှတ်မိဆုံးပါပဲ။ အရှေ့၊ အနောက်၊ တောင်၊ မြောက် မုခ်လေးမုခ်တိုင်းမှာ ၉.၂ မီတာ အမြင့်ရှိတဲ့ ဗုဒ္ဓရုပ်ပွားတော်တစ်ဆူစီ ရှိနေပါတယ်။ အဝင်ဝမှာကတည်းက  မြင်နိုင်သလို အနီးကပ်ဖူးတော့လည်း တစ်မျိုး တွေ့ရပါတယ်။ မျက်နှာတော်တွေက တစ်ခုနဲ့တစ်ခု သိပ်မတူလှပါဘူး။ အနီးကပ် ကြည့်ရင် ပြုံးတော်မူနေတဲ့ပုံကို ဖူးနိုင်တာမို့ ရုပ်ပွားတော် ကိုယ်တော်တိုင်က အဝေး မသွားနဲ့ဦးလို့ တားနေသလိုလို ထင်ရစေတာကိုးနော်။ ဒီလိုအေးချမ်းတဲ့ အပြုံးနဲ့ ကြင်နာမှုတွေဟာ ဗုဒ္ဓထံကချည်း မဟုတ်ဘဲ ဗုဒ္ဓဘာသာဝင် တွေထံကနေပါ ရနေတယ်လို့ ကျွန်မတော့ မြင် မိလေရဲ့။
မသီတာ(စမ်းချောင်း)

ဒေါ်အောင်ဆန်းစုကြည်အတွက် စာတစ်စောင် (၄ဝ)

အဲဒီတုန်းက မမျှော်လင့်တဲ့ ကိစ္စ တစ်ခုလည်း ဖြစ်ခဲ့ပါသေးတယ်။ ရန် ကုန်လေဆိပ်မှာကတည်းက အလွန် အင်မတန် ဝတဲ့ ဂျာမန်တစ်ယောက် နဲ့ သူ့မိန်းမ ပိန်ပိန်သေးသေးလေးတို့ ကို ခင်မင်မိပြီး သူတို့ကို ပုဂံမှာ ဟိုဟိုဒီဒီ တွေ့ခဲ့မိပါတယ်။ ရွှေဝါရောင် သံဃာ့အရေးအခင်းအပြီးမှာ နိုင်ငံခြားသားတွေက မြန်မာနိုင်ငံကို သိပ် မလာကြတော့ပါဘူး။ ဒါပေမယ့် အာနန္ဒာစေတီထဲက စင်္ကြံတွေကြားမှာ ရုရှဘာသာ စကားသံတွေကတော့ စည်စည်ညံ လို့ပါပဲ။ သူတို့အုပ်စုက လူ ၅၀ လောက်ရှိပြီး လူလတ်ပိုင်းနဲ့ အသက်ကြီးပိုင်းတွေ များပါတယ်။  သူတို့ ကြည့်ရတာ ဒီမှာ ရုရှဘာသာ စကား သင်ပေးမယ့်သူတွေ ထင်ပါ ရဲ့။ ကျွန်မခင်ပွန်းက သူဟာ နောက် နှစ်ဆန်းမှာ မော်စကိုကို သွားမယ်ဆိုတော့ ရုရှအမယ်အိုတစ်ယောက်က သူဟာ  မြန်မာပြည်မှာ ပျော်နေ ကြောင်း သူ့သားသမီးတွေ ကို ပြောလိုက်ပါလို့ ဆိုကာ သူ့အိမ်လိပ်စာကိုတောင် ပေးပါတယ်။
သူတို့က ရုရှဘာသာစကား အသင်ကောင်းချင် ကောင်းမှာပေါ့။ ဒါပေမယ့် ဒီလို အရွယ်အို တစ်ယောက်က ဒီလောက် ပူတဲ့နေရာမှာ လာနေ တာ ဘယ်လောက် နားလည်ရ ခက်ပါသလဲ။ ကျွန်မ မှတ်မိနေတာကတော့ ရုရှက လက်နက်တွေကို မြန်မာက အားပေးနေတာ သိနေပါတယ်။ မြန်မာ့တပ်မတော်ကလည်း ရုရှကို  စစ်သင်တန်း တွေ လွှတ်နေပါတယ်။  ကျွန်မ သိထားတာက ရုရှဟာ အော်ဝဲလ်ရဲ့ နာမည်ကျော် စာအုပ်တွေထဲက အတိုင်း ဖြစ်နေပြီး ဒီလို အနေအထား မှာ မြန်မာက အဲဒီအနေအထားထဲကို တိုးဝင်နေ သလိုပါ။
ကျွန်မတို့ရဲ့ ဧည့်လမ်းညွှန်က ယွန်းလုပ်ငန်းဆိုင်တစ်ဆိုင်ဆီ ခေါ်သွားပါတယ်။ အမျိုးသမီးလေးတချို့ က ယွန်းထိုး နေကြတာမှာ ဘာကိုးကား စာအုပ်မှ မပါပါဘူး။ ဒီအတိုင်း ကြမ်းပေါ်မှာ ထိုင်ထိုးနေကြတာပါ။ သူတို့က လက်တန်းထိုး နိုင်ကြပေမယ့် အရွယ်တွေကတော့ ခပ်ငယ်ငယ်လေးတွေပါ။ ယွန်းဟာ အစက နေအဆုံးထိ လက်နဲ့ လုပ်ရတဲ့ လက်မှု အနုပညာပစ္စည်းတစ်ခုပါပဲ။
ကျွန်မက အမှတ်တရ ပစ္စည်း တစ်ခုဝယ်တိုင်း ခင်ပွန်းသည်က မျက်မှောင်ကြုတ်လေရဲ့။ “ငါတို့ နှစ်ယောက် တည်း နေကြတာ ဘာဖြစ်လို့ ပစ္စည်းတွေ အများကြီး လိုမှာလဲ” “ဒါတွေကို ဘယ်လိုသယ်သွားကြမှာလဲ”  စသဖြင့် သူက မြည်တွန် တောက်တီး ပါတယ်။ မိန်းမဆိုတာ ဆိုင်ရောက်လို့မှ မဝယ်လိုက်ရရင် အပြစ်မကင်း သလို ခံစားရတတ် တာကိုးနော်။ ယွန်းခွက်လေးတစ်ခုက လုံးလုံးဝန်းဝန်းလေးမို့ သဘောကျစရာပါ။ လက်နဲ့ လုပ်ရတဲ့အတွက် ဒီလောက် ပုံစံကျဖို့ကလည်း မဖြစ်နိုင်သလိုပါ။ ဒီခွက်လေးကို ဝါးနဲ့လုပ်တာ မဟုတ် ဘဲ မြင်းမြီးနဲ့လုပ်တာပါတဲ့။ ယွန်းလေ့ကျင့်မှုကိုတော့ ဂျပန်က ပညာရှင်တွေဆီက သင်ခဲ့တာလို့ဆိုပါတယ်။
ကျွန်မတို့က ဘယ်ကိုပဲသွားသွား ဧရာဝတီမြစ်ကမ်းဘေးက လမ်းကို ရွေးပြီးသွားပါတယ်။ မြင်းကပါကို ဖြတ်သွားတဲ့ အခါမှာတော့  မြို့ပြနဲ့ အလှမ်းဝေးတဲ့ ရွာအငွေ့အသက်ကို သတိထားမိလေရဲ့။
ကျွန်မတို့ဟာ ပုဂံနေပြည်တော် သမိုင်းကို လေ့လာမိသလို ရှင်အရဟံကြောင့် ဒီနေရာမှာ ထေရဝါဒ ဗုဒ္ဓ သာသနာ ထွန်းကားခဲ့ကြောင်းလည်း သတိပြုမိပါတယ်။ ဒါ့အပြင် မြင်းကပါ မှာ မွန်ဘုရင်မနူဟာက ၁၀၅၉ ခု နှစ်မှာ တည်ထားတဲ့ ဘုရားကို ဖူးမြော်ခွင့် ရတဲ့အခါမှာတော့ ပုဂံအ ကြောင်း ပိုပြီး သိလာရပါတယ်။
မြစ်တစ်လျှောက်မှာ အိမ်အသစ် တွေ အများကြီး တွေ့ရပေမယ့် လူမရှိသလိုပဲ ခံစားရပါတယ်။ မြင်းကပါ ရွာ ထဲမှာတော့ ဈေးဆိုင်တချို့ကို တွေ့လိုက်ရပါတယ်။ ဆိုင်ရှေ့မှာ အမျိုးသားတချို့က ကျားထိုးနေလေရဲ့။  ဒါ့အပြင် အိမ်ဟောင်းတွေထဲမှာ လူ တွေ လှုပ်ရှားသက်ဝင်နေတာကို လည်း သတိထားမိတော့ ကျွန်မက အိမ်အသစ်နဲ့ အဟောင်းရဲ့ ကွာခြား မှုတွေကိုသတိထားကြည့်ခဲ့ဖြစ်ပါတယ်။
ပုဂံမှာ ဟိုးအရင်က ဘုရားပျက် အကြိုအကြားတွေထဲထိ လူတွေက နေခဲ့ကြပြီး စစ်အစိုးရ တက်ပြီးကာမှ လူတွေကို ဘုရားတွေနဲ့ ဝေးတဲ့နေရာ ဆီရွှေ့ပြောင်းပေး ခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် အိမ်အသစ်တွေ ဟာ အသက်မဝင်တာပါ။ နေရာအ သစ်မှာ စိုက်ခင်းတချို့ရှိသလို တည်းခိုခန်းတချို့လည်း ရှိပါတယ်။ ရွှေ့ခဲ့ တုန်းက လူငါးသောင်းကျော် ရွှေ့ခဲ့တာဖြစ်ပြီး သစ်ပင်ရယ်လို့ ဟုတ်တိ ပတ်တိ မရှိတဲ့နေရာကို ပြောင်းရွေ့ ခိုင်းခဲ့တာ ဖြစ်ပါတယ်။ ပုဂံမြို့ဟောင်း ကို ရှေးဟောင်းမြို့တော်အဖြစ် သတ်မှတ်ပြီး လူနေအိမ်တွေ မရှိအောင် လုပ်ခဲ့တာပါ။ အဓမ္မ ရွေ့ပြောင်းမှုအတွက် နစ်နာကြေးကလည်း မဖြစ်စလောက်လေး ပဲ ဖြစ်ပါသတဲ့။
ပုဂံကို ကမ္ဘာလှည့်ခရီးသွားဧည့် သည်တွေအတွက် မြို့တော်အဖြစ် ပြန် တည်ဆောက်မယ်ဆိုတော့လည်း စစ် အစိုးရက ပုဂံသူ၊ ပုဂံသားတွေကိုပဲ အဓမ္မ လုပ်အားပေး ခိုင်းစေခဲ့ပြန်ပါတယ်။ အဲဒီအချိန်က စစ်အစိုးရရဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းကြီးကပဲ အဲဒီလုပ်အားပေး စီမံကိန်းကို တာဝန်ယူကြီးကြပ်ခဲ့တယ်လို့ ဆိုပါတယ်။ လုပ်အား မပေးနိုင်တဲ့အိမ်တွေကတော့ ငွေကြေး ထည့်ဝင်ရပါတယ်။ အဲဒီလို ဒေသခံ တွေက ချွေးနဲ့ရင်းပြီး လုပ်အားပေး ခဲ့တဲ့အတွက် ရလာဒ်ကတော့ ကြံ့ခိုင်ဖွံ့ဖြိုးရေးအဖွဲ့က တာဝန်ရှိသူတွေက အိမ်အသစ်တွေ ကိုယ်စီ ရသွားကြခြင်း ပါပဲတဲ့။ ဒေသခံတွေ အပြောအရတော့ အဲဒီလိုအိမ်ရသွားသူတွေက သိပ်ပြီး ထောင်ထောင် ထောင်ထောင်တော့ မနေရဲကြဘူးလို့ ဆိုပါတယ်။ သူတို့ မဟုတ်တာ လုပ်ခဲ့ကြောင်း သိတဲ့အတွက် တစ်ခုခု တုံ့ပြန်မှာကို စိုးရိမ်တဲ့ အနေနဲ့ တိတ်တိတ်ပဲနေကြပါသတဲ့။
ညနေခင်းမှာတော့ ကျွန်မတို့က ဧရာဝတီမြစ်ထဲမှာ လှေသွားစီးကြပါတယ်။ ခြောက်သွေ့တဲ့ရာသီမို့ မြစ်ရေက တိမ်နေပါတယ်။ မြစ်ထဲမှာလည်း သောင်တွေ ထွန်းနေလေရဲ့။ လူနေတဲ့ ကမ်းပါးတွေဟာ ရေမျက်နှာပြင် အထက်ကို ၄-၅ မီတာလောက်ပဲ မြင့်ပါတယ်။ ကမ်းပါးကို တောင့်တင်း ခိုင်မာအောင် လုပ်နေတာမျိုးကိုလည်း လုံးဝမတွေ့ရပါဘူး။ သူတို့ ပြောကြတာက မိုးရာသီဆိုရင် ရေက ကမ်းပါးနားထိ တက်လာပါတယ်တဲ့။ ဒီတော့ ကမ်းပါးက စိုက်ခင်း တချို့လည်း ရေအောက်မြုပ်ကုန်ရော ဆိုပါတော့။
ဒေသခံတွေက မြစ်ဘေးမှာ နေ ကြပြီး မြစ်ရဲ့အကျိုးကျေးဇူးကို ခံ စားရပါတယ်။ သူတို့အနေနဲ့ မြစ်ဘေး မှာ ဘယ်လို အကောင်းဆုံးနေလို့ ရတယ် ဆိုတာကိုလည်း သိထားပုံ မရ ကြပါဘူး။ မြစ်ထဲကို ရောက်သွားတဲ့ အခါ မှာတော့ ကျွန်မတို့လည်း စိတ် အေးချမ်းသက်သာသွားပါတယ်။  ကျွန်မ တွေးလိုက်မိတာက မြန်မာတွေလည်း ဒီလိုပဲ အမှားလုပ်သူတွေကို သဘာဝကျကျ၊ မကျကျ ဒေါသ တွေကို မျှောချပြီး ခွင့်လွှတ်လိုက်သ လားလို့ပါ။
မြစ်ပြင်ပေါ်မှာတော့ ဆည်းဆာ နေလုံးနီနီကြီးရဲ့ အရောင်အလင်းက တြိဂံပုံအရစ်အရစ်ထလို့ ကျနေပါ တယ်။ မြစ်ထဲမှာတော့ ထမိန်ရင် လျားနဲ့ အမျိုးသမီး တစ်ယောက်ဟာ နေကို ကျောခိုင်းပြီး ခေါင်းလျှော်နေ လေရဲ့။ သူ့ရဲ့ အရိပ်က မြစ်ရေပြင် ပေါ်မှာ လှတပတကို ထိုးကျနေပါ တယ်။ နတ်ဘုရားတွေက ဖန်ဆင်း ထားသလိုကို လှတဲ့ ရှုခင်းပါပဲနော်။  ရေလယ်မှာ မော်တော်က စက်ကို ရပ်ပေးလိုက်ပါတယ်။ ကျွန်မတို့ နှစ်ယောက်သား လည်း တောင်စွယ် တောင်တန်းတွေနောက်ကို ဝင်လုဆဲဆဲ နေရောင်အောက်မှာ တိတ်ဆိတ်မှုကို အရသာ ခံရင်း လက်ချင်း ချိတ်ကာ ဆုတောင်းလိုက်ကြပါတယ်။
ပုဂံမှ မန္တလေးသို့
ပုဂံကနေ မန္တလေးကို လေယာဉ်နဲ့သွားတော့ နာရီဝက်ပဲ ကြာပါတယ်။ လေယာဉ် မဆိုက်ခင်ကတည်းက တောတောင် သစ်ရိပ်တွေ ကို လှမ်းမြင်နေရပါတယ်။ ဘုရားပုထိုးတွေကိုလည်း မြင်နေရပါတယ်။  ရှိပြီးသား သစ်တောတွေကို ဖျက်ကာ တည်ဆောက်ရမှာပဲလို့ တွေးမိတော့ ဘယ်လိုများ အကြံကောင်းလို့ ဆိုနိုင်မှာ ပါလိမ့် ဆိုပြီး စဉ်းစားလိုက်မိပါ သေးတယ်။ ခပ်ကြောင်ကြောင် တွေးတယ်ပဲ ဆိုဆို ထုကြီးထည်ကြီး စေတီပုထိုး တွေကို တည်ဆောက်ရာမှာ သစ်ပင်တွေကို ခုတ်ပစ်ရမှာဖြစ်သလို လူတွေကိုလည်း  ခိုင်းစေရမှာမို့ ကုသိုလ်ရမှ ရပါလေစလို့ တွေးမိပါတယ်။ အဲဒီလို ကုသိုလ်ရဖို့ ဘုရားတည်တယ် ဆိုပြီး သစ်ပင်တွေ ခုတ်ကာ လူတွေကို အဓမ္မ ခိုင်းခဲ့သူတွေ ဟာ အခုဆို ဘယ်ငရဲမှာများ ငိုနေကြ ပါလိမ့်လို့ ကျွန်မက တွေးမိတာပါ။
 ဆက်ပါဦးမည်
မသီတာ(စမ်းချောင်း)

No comments: