Thursday, January 30, 2014

ဒေါ်အောင်ဆန်း စုကြည်အတွက် စာတစ်စောင် (စတုတ္ထပိုင်း)

ဒေါ်အောင်ဆန်း စုကြည်အတွက် စာတစ်စောင်(၁၆)


                 စုက ဂျပန်ကို ရောက်လာချိန် မှာ သူ့လက်ထဲ ဘာငွေမှ မရှိပါဘူး။ သူက အောက်တိုဘာလဆန်းမှာ ငွေရတော့မှာပဲ လို့ သိနေလေတော့ ဂရုလည်း မစိုက်ပါဘူး။ “ကျွန်မက ပိုက်ဆံ မရှိဘဲလည်း အမြဲ အဆင်ပြေအောင် လုပ်နိုင်ပါတယ်” လို့ ပြောလေရဲ့။ ဒီလို အကြောက်အလန့် မရှိတာကပဲ သူ့ရဲ့အောင်မြင်ရေး သော့ချက် ဖြစ်မှာပါ။ သူရမယ့်ငွေက များကောင်း များမှာ ဖြစ်ပေမယ့် အခန်းငှားခ၊ ကျန်းမာရေး အာမခံနဲ့ စားသောက်ကုန် ဈေးနှုန်းတွေက များလေတော့ မလွယ်ပါဘူး။ သူက သုတေသန လုပ်ဖို့ အာရုံထားပြီး ရသမျှ ငွေလေးတွေကို စုဖို့ တွေးခဲ့ပါတယ်။ ဒါပေမယ့် မိုက်ကယ်တို့ သားအဖ အတွက် လေယာဉ် လက်မှတ်ဖိုး အကုန်ခံရဖို့ ဖြစ်လာခဲ့ ပါရော။ စုရဲ့ ပထမစာတွေ ထဲမှာ မိုက်ကယ်က သူ့ဆီ လိုက်လာမယ် လို့ မပါခဲ့ပါဘူး။ တကယ်တော့ မိန်းမ တစ်ယောက်အဖို့ သူ့ကလေးတွေထက် ခင်ပွန်းကို ဂရုစိုက်ပေးဖို့ လိုနေပြန်ပါရော။ သူတို့က ပိုပြီး တောင်းဆို တတ်သူလေ။ ယောကျာ်းဆိုတာ ကျွန်မတို့လို  မိန်းမတွေ အတွက် အမြဲပြဿနာ ပေးနေကြတာ မဟုတ်လား။ ကျွန်မတို့ နှစ်ယောက်သား သက်ပြင်းလေးများ ပြိုင်ချလိုက်ကြတာမို့ လေယာဉ်လက်မှတ် ရောင်းသူက ရယ်မောလိုက် ပါတယ်။

ထမင်းစားပွဲတွင် စစ်ပြန်ကြီး အချို့နှင့် တွေ့ရသည့် နိုရီကို၊ ဒေါ်အောင်ဆန်းစုကြည်

ဒီဇင်ဘာ ၂ဝ ရက်မှာတော့ မိုက်ကယ်နဲ့ အလက်ဇန္ဒား ရောက်လာပါတယ်။ စုက ခရစ်စမတ် ညစာလေး ပြင်ဆင်ပြီး ပါမောက္ခ ယိုကိုယားမားနဲ့ ဇနီးရယ်၊ သူ့ရဲ့ ဂျပန်စာ ဆရာမ မီချီကိုရယ်၊ ကျွန်မရယ်ကို ဖိတ်ကျွေးကာ ကျေးဇူးစကား ဆိုပါတယ်။ သူ့အခန်းလေးရဲ့ နံရံနဲ့ အမိုးမှာ အလက်ဇန္ဒား အင်္ဂလန်က ယူလာတဲ့ အလှအပ တန်ဆာဆင်တဲ့ ပစ္စည်းလေးတွေ နဲ့ လှလှပပ ပြင်ဆင်ထားပါတယ်။ ကလေးတွေ ကတော့ ပျော်နေ ကြတာပေါ့။ ညစာကို အသား ကောင်းကောင်းနဲ့ ပြင်ဆင်ထားတာမို့ စုတစ်ယောက် ပိုက်ဆံအိတ်လေး ပိန်တော့မှာပဲ လို့ ကျွန်မလည်း ပူပန်နေမိပါတယ်။ စုက အောက်စဖို့ဒ် ကယူလာတဲ့ အဆာပလာအချို့နဲ့  ခရစ်စမတ် ပူတင်းကို ဖုတ်ပေးပါတယ်။
ကလေးတွေကတော့ အခန်းထဲမှာ အငြိမ်မနေနိုင်ကြပေဘူး။  ကော်ရစ်ဒါ တစ်လျှောက် ပြေးလွှားကြပြီး ဧည့်ဂေဟာထဲက တခြားကလေးတွေကို ရှာကြလေရဲ့။ ဧည့်ဂေဟာမှာ နေကြတာက နိုင်ငံခြားသား ပညာရှင်တွေမို့ အင်္ဂလိပ်လို ပြောနိုင်ကြ မယ့် သူတွေ မဟုတ်လား။ ဂျပန်ကျောင်းမှာ စကားမပေါက်ပေမယ့် ဒီမှာတော့ သူတို့ စကားပြောစရာလူ ရှိနေတာကိုး။ ဒီတော့ သူတို့က ဒီက ကလေးတွေကို ရှာဖွေပေါင်းသင်း ရတော့ တာပေါ့။ တကယ်တော့ ဧည့်ဂေဟာမှာ ရှိသူတွေက ပညာရှင်အဖြစ် လာတဲ့သူတွေမို့ မငယ်ကြတော့ပါဘူး။ ဒီတော့ စုက အစ်ကိုကြီး၊ အစ်မကြီးတွေရယ်လို့ လေးစားဖို့နဲ့ သွားရှုပ်သလို မလုပ်မိစေဖို့ သူ့သားတွေကို သွန်သင်ပါတော့တယ်။ ဒါပေမယ့် ဧည့်ဂေဟာမှာ ရှိနေတဲ့ ပညာတော်သင်နဲ့ ပညာရှင်တွေ အားလုံးလိုလိုက သူတို့ကို ချစ်ခင်ကြပါတယ်။
ဒီမှာ အောက်စ်ဖို့ဒ်နဲ့ မတူတာက ကိုယ့်အခန်းတံခါး ဖွင့်လိုက်တာနဲ့ လူ့အဖွဲ့အစည်းလေး တစ်ခုထဲကို လွယ်လွယ် ရောက် သွားနိုင်တာပါ။ စုက ဒီဂေဟာကို ရောက်တာနဲ့ မြန်မာပြည်က ပညာသင်တစ်ယောက်နဲ့ ဆက်သွယ်မိ တော့တာပါပဲ။ တကယ်တော့ ဒါဟာစုအဖို့ မြန်မာပြည်က လူငယ် ပညာရှင်နဲ့ တိုက်ရိုက် ဆက်ဆံခွင့် ရလိုက်တဲ့ ပထမဆုံး အခွင့်အရေး များ ဖြစ်လေမလားပါပဲ။
စုအနေနဲ့ မြန်မာပြည်က လာတဲ့ ပညာတော်သင်နဲ့ ပညာရှင်တွေကို ပိုပိုပြီး တွေ့လာလေ မြန်မာပြည်က လူတွေ အနေနဲ့ သူ့အဖေ ဗိုလ်ချုပ်အောင်ဆန်း အပေါ် ဘယ်လောက်ထိ ဂုဏ်ယူကြတယ် ဆိုတာကို သိလာလေလေ ဖြစ်ခဲ့ရပါတယ်။ စုအပေါ် သူတို့ဆက်ဆံပုံကို ကြည့်ရုံနဲ့လည်း ဗိုလ်ချုပ်အောင်ဆန်းအပေါ် လူတွေရဲ့ ချစ်ခင်လေးစားစိတ်ဟာ သိသာလွန်း လှပါတယ်။ ဒီလိုနဲ့ အောက်စ်ဖို့ဒ်က စုနဲ့ကျိုတိုက စုကြားမှာ ခြားနားလာ တယ်လို့ ကျွန်မက တစ်စစတွေးလာ မိပါတယ်။ စုရဲ့အိမ်ထောင်ရှင်မ၊ မိခင်နဲ့ သုတေသနသမား ဆိုတဲ့အခန်း ကဏ္ဍတွေမှာ အပြောင်းအလဲ မရှိပေမယ့် ကျိုတိုက စုမှာတော့ သူ့ဆီမှာ မသိမသာ ရှိနေပြီးသား ဂုဏ်သိက္ခာ တွေ ပြန်လည်ကာ နိုးထလာပါတယ်။ စုကိုယ်တိုင်ကလည်း အင်မတန်တော် တဲ့ မြန်မာ့ ပညာတတ် လူငယ် တွေဆီက သူ့အပေါ် မျှော်လင့်ချက် ကြီးကြီး ထားနေကြတယ်လို့ ခံစားလာနေရတယ် လို့လည်း ကျွန်မက သတိပြုမိ လာပါတယ်။ ဒီလို အပြည်ပြည်ဆိုင်ရာ ဧည့်ဂေဟာမှာ မြန်မာပြည်က ပညာရှင် လူငယ်တွေနဲ့ ထိတွေ့ ဆက်ဆံခွင့် ရခဲ့တဲ့အချိန်ဟာ မြန်မာ့နိုင်ငံရေး အတွက် ရင့်မှည့်လာမယ့်  မျိုးစေ့လေး အခြေကျခဲ့နိုင်တဲ့ အချိန် ဖြစ်တယ် လို့ပဲ ကျွန်မက ထင်မိပါတယ်။
အဲဒီအချိန်တုန်းက စုအကြောင်းကို တွေးတဲ့အခါ ဗိုလ်ချုပ်အောင်ဆန်းနဲ့ စုတို့သားအဖမှာ လွတ်မြောက်ရေး အတွက် ခြေလှမ်းလှမ်းပုံချင်း တူနေတာကို စိတ်ဝင်စားဖွယ် သတိထားမိ လိုက်ပါတယ်။ သူတို့နှစ်ယောက် စလုံးဟာ လှုပ်ရှား ပြောင်းလဲမှု တစ်ခုကို မလုပ်ခင်မှာ ဂျပန်ကို ရောက်လာခဲ့ကြတယ်မဟုတ်လား။ ဒီကို ရောက်နေတဲ့ ကာလတွေဟာ သူတို့ နှစ်ယောက် စလုံးအတွက် နိုင်ငံရဲ့ အနာဂတ် အကြောင်း ပိုပြီး တွေးတော စဉ်းစားချိန်ရခဲ့တဲ့ ကာလတွေ လို့တောင် မြင်မိပါတယ်။ သူတို့ရဲ့ အိပ်မက်တွေ ပြည့်ဝလာအောင် ဘယ်လောက် အချိန်ယူ ခဲ့ကြပါသလဲ။ စိတ်ဝင်စားစရာ ကောင်းတာကတော့ မြန်မာပြည်အတွက် တစ်ခါက ဒေါမာန်ဟုန် သမား ဖြစ်ခဲ့တဲ့ ဂျပန်မြေဟာ သူတို့ နှစ်ယောက်စလုံးရဲ့ အတွင်းစိတ်ထဲမှာ အပြောင်းအလဲ စတင်ဖို့အတွက် နေရာလေးသဖွယ် ဖြစ်ခဲ့တာပါ။
ဗုဒ္ဓဘုရားရင်ခွင်မှ စု
စုက တစ်ခါတလေ သိပ်ကို တင်းတင်းမာမာ ပြတ်ပြတ်သားသား ပြောတတ်ပါတယ်။ မိုက်ကယ်တို့ကတော့ အဲဒီလို အပြောမျိုးတွေကို မကြားသလိုဘဲ ဘာဆိုဘာမှ ပြဿနာ မရှိပါဘူး။ ဒါပေမယ့် တချို့လူတွေ အတွက် တော့ သူတို့ကိုယ်တိုင် စိတ်မကြည်သာ နေချိန်မှာဆိုရင် အဲဒီလို အပြောမျိုးတွေကြောင့် သူ့အပေါ်မှာ စိတ်မကြည်မလင် ဖြစ်သွားတတ်ကြပါတယ်။ ကျွန်မကိုယ်တိုင်လည်း တစ်ခါတလေမှာ သူ့အပြောတချို့ ကြောင့် စိတ်ဆိုးဖူးပါရဲ့။ ဒီလိုအကျင့်မျိုးကတော့ သူ့ရဲ့ဦးနှောက် က အလွန်ပြေးလွန်းလို့ ဖြစ်ရတာပါပဲ။ အတွေး တစ်ခုခု အပေါ်မှာ သိပ်ကို ပြင်းပြင်းထန်ထန် ခံယူတတ်တာလည်း ပါမှာပေါ့။ ဒီအပေါ်မှာတော့ ကျွန်မအနေ နဲ့ ဘာမှ စောဒက တက်စရာ မရှိဘူးလေ။
စု ကျိုတိုမှာ ရှိတဲ့အခိုက် မီဒီယာတွေမှာ မီနာမာတာချီဆို ကုမ္ပဏီကြောင့် မာကျူရီ အဆိပ်သင့်ခဲ့ရတဲ့ လူတွေ အကြောင်း အများကြီး ဖော်ပြနေခဲ့ကြပါတယ်။ အဲဒီအခါ စုက အဲဒီ အဆိပ်သင့်သူတွေဟာ လျော်ကြေးငွေ တွေချည်း တောင်းနေလို့ ဆိုကာ လောဘကြီးသူတွေပဲလို့ ဝေဖန်ခဲ့ပါတယ်။ ကျွန်မကတော့ သူ့ရဲ့ လမ်းကြောင်း လွဲသွားမယ့် ဝေဖန်ရေးကို လက်မခံနိုင်တာမို့ ထွက်နေတဲ့ ဒေါသတွေကို ထိန်းရင်းကနေ ဒီ လူနာတွေ ခံစားရချက်ကို သေသေချာချာ မသိဘဲ အခုလိုမဝေဖန်ဖို့ ပြောဖြစ်ပါတယ်။ ကျွန်မစိတ်ဆိုးနေတာကို သူနားလည် သွားတဲ့အခါမှာတော့ ခေါင်းလေးငုံ့ပြီး “ကျွန်မ သိသွားပြီ”လို့ ဆိုလေရဲ့။
သူက နိုင်ငံရေး တရားမျှတစိတ်ရယ်၊ ဘာသာရေး အဆုံးအမရယ်တွေနဲ့ ကြီးပြင်းလာခဲ့တော့ သူ မှန်တယ်လို့ ခံယူထားတဲ့ စံနဲ့မတူ ကွဲပြားတဲ့ အတွေးရှိသူတွေအပေါ် စိန်ခေါ်တတ်ပြန်ပါတယ်။ ကျွန်မ ယောကျာ်းနဲ့ အငြင်းပွားလေ့ ရှိတာကလည်း စုပါပဲ။ အဆုံးမှာတော့ စုက ပဲ  အငြင်းအဆန်မရှိ ကျွန်မခင်ပွန်း ရဲ့ အတွေးတွေကို လက်ခံသွားတတ် ပေမယ့် စုက ကျွန်မ ခင်ပွန်းကို အဖေလိုတစ်မျိုး အစ်ကိုလို တစ်သွယ် ချစ် ခင်ခဲ့ပါတယ်။ သူတို့နှစ်ယောက်လုံးက လူမှုသိပံ္ပသမားတွေလေ။ အတွေး ကောင်းပုံချင်းလည်း တူတာကိုး။
ဆက်လက်ဖော်ပြပါမည်။
မသီတာ(စမ်းချောင်း)

 

ဒေါ်အောင်ဆန်းစုကြည်အတွက် စာတစ်စောင် (၁၇)



၁၉၈ဝ တဝိုက် အောက်စဖို့ဒ်တွင် ကလေးနှစ်ယောက်နှင့်အတူ

တစ်နေ့တော့ သူက စုနဲ့ ကျိုတိုမှာ ညစာအတူ စားခဲ့ပါတယ်။  တွေ့တွေ့ချင်းမှာပဲ စုက “အို့စုဆန်ရေ လူတွေ က ကျွန်မကို သိပ်ပြင်းထန်တယ်။ အရမ်း ပွင့်ပွင့်လင်းလင်း ပြောလွန်းတယ်လို့ ဆိုကြတယ်။ ရှင်ရော အဲဒီလို ထင်လား” လို့ မေးလိုက် ပါတယ်။ ကျွန်မခင်ပွန်းက လူတွေရဲ့ မှတ်ချက်တွေက စုအပေါ် ထိခိုက်သွားတယ် လို့ ထင်မိပေမယ့် စုရဲ့ လွတ်လပ် စွာ တွေးခေါ်ပြောဆို မှု ကလည်း ဂျပန်လူမှုဝန်းကျင်နဲ့ သိပ်အံဝင်ခွင်ကျ မဖြစ်ဘူး လို့ ထင်ပါတယ်။“ အိုကေပါ စု၊ ခင်ဗျားလည်း ခင်ဗျား တွေးမိသလို ရိုးရိုးပဲ ပြောလေ။ ကျွန်တော်လည်း ကျွန်တော် ပြောနိုင်သလိုပဲ ပြောမယ်။ မဟုတ်ဘူးလား။ အဲဒီလို မလုပ်နိုင်ဘူး ရယ်လို့ မရှိဘူး မဟုတ်လား”လို့ သူက ပြန်ဖြေခဲ့ပါတယ်။
စုဟာ ဂျပန်မှာ နေခဲ့စဉ်က ဂျပန်က လူတွေ အနေနဲ့ သူ့အပေါ် ဘယ်လိုတွေ တွေးထင်မြင်တယ် ဆိုတာကျွန်မ မသိပါဘူး။ သူက လူတွေရှေ့မှာ သူ့ရဲ့ အားနည်းချက် ကိုပဲဖြစ်ဖြစ်၊ အချစ်ခံရအောင် ပဲဖြစ်ဖြစ် ဘာကိုမှ ပြသ လုပ်ဆောင်မှာ မဟုတ်ဘူးလေ။ စုက ကျွန်မရှေ့မှာတော့ ပွင့်ပွင့်လင်းလင်း ပြောဆိုနေထိုင်ပါတယ်။ စုက မိုက်ကယ် ရှိရင်တော့ ကျွန်မကို သိပ်ဂရုမထားတော့ပါဘူး။ ကျွန်မ အမြဲတွေးမိခဲ့တာကတော့ စုဟာ သူ့ အမိမြေ အတွက် ဘာမှ လုပ်မပေးနိုင်ဘူး ဆိုတာကို နောင်တရနေတဲ့ စိတ်နဲ့ မြန်မာပြည်ကို ချစ်တဲ့စိတ်တွေ အမြဲရှိ နေကာ အဲဒါကိုက ချစ်စရာပဲလေ။ ဒီနှစ် နှစ်သစ်ကူးကာလမှာ သူတို့ တစ်မိသားစုလုံး ကျွန်မတို့နဲ့အတူ ရှိနေတဲ့ အခိုက်မှာတော့ စုရဲ့ မိန်းမပီသမှု ကို တွေ့လိုက်ရပါတယ်။

၁၉၈၆ ခုနှစ် နှစ်သစ်ကူးနေ့မှာတော့ အိုင်ဇန်ဆကာမိုတိုမှာ ရှိတဲ့ ဟီယိုရှိဘုရားကျောင်း ကနေ အိမ်ကို ပြန်လာ ကြတဲ့အခါ လမ်းမှာ မိုမိုယာ မာခေတ်(၁၅၉၄-၁၆၂၃)က ဘုရားကျောင်း အတော်များများကို  တွေ့ရပါတယ်။ အဲဒီကျောင်းတွေ က တောင်ကုန်းလျှောလေးတွေမှာ ကျောက်တုံးနံရံတွေနဲ့ အလှဆင် တည်ဆောက်ထားတဲ့ အနူဇူမိဟန် ဗိသုကာ လက်ရာတွေရှိတဲ့ ဥယျာဉ်ထဲမှာ ရှိပြီး အဲဒီလက်ရာတွေအတွက် နာမည်ကျော်ပါတယ်။ ကျွန်မက ရီဆန်ဂျီကျောင်း ထဲမှာ မြန်မာ ဗုဒ္ဓရုပ်ပွားတော် တစ်ဆူ ရှိတာကို သိထားတဲ့အတွက် စုကို ပြောပြလိုက် ပါတယ်။ သူက အဲဒီကျောင်းကို ပို့ပေးဖို့ပြောတာနဲ့ ကျောင်းဆီသွား တော့ နှစ်သစ်ကူးနေ့မို့ကျောင်းဂိတ် ကပိတ်ထားလေရဲ့။ ကျွန်မတို့လည်း ကျောင်း အနောက်ဘက်က ပတ်ပြီး တံခါးခေါက်ကြည့်ကြပါတယ်။
တံခါးပွင့်သွားတာနဲ့ တစ်ပြိုင် နက် မြန်မာဗုဒ္ဓရုပ်ပွားတော်ရဲ့ တည်ငြိမ်တဲ့ အပြုံးရိပ်ကို ဘွားခနဲ ဖူးတွေ့ လိုက်ရ ပါတယ်။ စုက“အို”လို့ တစ်ခွန်းတည်း ပဲ ပြောနိုင်ပြီး နောက်ထပ်စကား မဆက်နိုင်လောက်အောင် ငြိမ်ကျသွား ပါတယ်။ ငွေသုံးရာမှာ စနစ်ကြီးတဲ့ စုက ယန်း ၅ဝဝဝကို ဘုန်းတော်ကြီးဆီ ကပ်လှူလိုက်ပြီး ကြမ်းပြင်မှာ ကျုံ့ကျုံ့ထိုင်ကာ ထိခြင်းငါးပါးနဲ့ ဦးသုံးကြိမ်ချ ကန်တော့လိုက်ပါတယ်။ ပြီးတော့ တတွတ်တွတ် နဲ့ဘုရားစာရွတ် ဆုတောင်းတော့တာ ပါပဲ။မိုက်ကယ်ရော ကလေး နှစ်ယောက်ကပါ စုလိုပဲ ဝတ်ပြုကြပါတယ်။ ဒါပေမယ့် သူတို့ကတခြား ဘုရားဖူးတွေ ဝင်လာတော့ မတ်တပ်ရပ် လိုက်ကြပါတယ်။ စုကတော့ ဘေး ဘယ်ညာ ကို သတိမထား မိတော့သလို ဘုရားစာကိုသာ တတွင်တွင် ရွတ်နေပါတော့ တယ်။ ကျွန်မက စုရဲ့ အနောက်မှာ တစ်ချိန်လုံး ရှိနေတာမို့ စုက ကိုယ်ကို ကိုင်းညွတ်လိုက် ပြန်မတ်လိုက်နဲ့ ဘုရားကန်တော့နေတဲ့ ကောက်ကြောင်းကို မြင်တွေ့နေရပါတယ်။ အဲဒီအခါကျမှ စုဟာ မိန်းမဆန်လှပြီး ဆွဲဆောင်မှု ရှိတယ်လို့ မြင်လာမိတာပါ။ ပထမဆုံးအကြိမ် အဖြစ် စုဟာ လိုက်လျောနိုင်တဲ့ မိန်းမမျိုးလည်း ဖြစ်တယ်လို့ ကျွန်မ တွေးလိုက်မိပြန်ပါတယ်။
ကျွန်မတို့ရဲ့ အင်္ဂလန်နဲ့ဂျပန်မှာ တွေ့ဆုံခဲ့တဲ့ သမိုင်းကို ပြန်ကြည့်တဲ့အခါ သူ့ကို မြန်မာပြည်မှာတော့ ကျွန်မ မဆုံမိသေး ပါလား လို့ တွေးမိပါတယ်။ ကျွန်မတွေ့ခဲ့တဲ့ စုဟာ နိုင်ငံခြားရောက်စု ဖြစ်နေခဲ့တာမို့ သူဟာ သံမဏိဝတ်ရုံကို လွှမ်းခြုံ ထားတဲ့ အသွင်နဲ့ ဖြစ်နေခဲ့တာပေါ့။ အခုတော့ ဂျပန်က ရွာလေးတစ်ရွာရဲ့ ဗုဒ္ခ ရုပ်ပွားတော် ရှေ့မှောက်မှာ သူဝတ်ဆင် ထားခဲ့တဲ့ သံမဏိဝတ်ရုံကို မခြုံတော့ဘဲ မြန်မာ့ဝိညာဉ် အပြည့်နဲ့ ဖြစ်နေခဲ့ပါတယ်။ အဲဒီလို သူ့ရဲ့ အင်မတန်အေး ချမ်း ပျော့ပျောင်းနေပုံကို ကြည့်ပြီး ကျွန်မရဲ့ စိတ်ထဲမှာ ရုတ်တရက် ဖြစ်ပေါ်လာတာကတော့ စုအနေနဲ့ စိတ်အေး လက်သာ နေနိုင်အောင် ဆိုရင် မြန်မာပြည်က လွဲပြီး တခြားနေရာ မရှိနိုင်ဘူး ဆိုတာပါပဲ။ စုအနေနဲ့အင်္ဂလန်မှာ နိုင်ငံခြား သား တစ်ယောက်အဖြစ် လုံခြုံစွာ နေနိုင်ပါမယ်။ ဒါပေမယ့် ဆန္ဒ မရှိတရှိ ပေါ့။ ဒါမှမဟုတ် အဆိုးဆုံးအတွက် ပြင်ဆင် ရင်း မြန်မာတွေ ကြားမှာ တစ်သက် လုံး နေသွား သင့်တယ်လေ။ ကျွန်မကတော့ စုအနေနဲ့ အဲဒီလို နေသွားမှာကို စိတ်ပူမိပါရဲ့။
စုထံမှ ခွဲခွာခြင်း
စုအဖို့ ဂျပန်ကနေ ပြန်ရမယ့် အချိန်က နီးကပ်လို့ လာပါတယ်။ တစ်ရက်မှာတော့ စုက ကျွန်မတို့ အိမ်ကို ရောက်လာလေရဲ့။ ကျွန်မကလည်း အတုံ့အဆိုင်း မရှိ အခုလို ပြောဖြစ် သွားမိပါတယ်။ “စုရေ ကျွန်မသာ ရှင်ဆိုရင်လေ မြန်မာပြည်ကို ပြန်သွား မှာပဲ။ ရှင် အောက်စ်ဖို့ဒ်မှာ နေနေသမျှ ရှင့်အဖို့ လက်ဘက်ရည်ပွဲ တွေမှာပြောရမယ့် သူရဲကောင်း တစ်ယောက်လို ဖြစ်နေ ပြီး မြန်မာပြည် ကတော့ ရှင့်ကို ဘယ်လိုနည်းနဲ့ မဆို လိုအပ်နေမှာလေ။ ရှင့်မှာ မြန်မာပြည်က လိုအပ်နေတဲ့ အရည်အချင်း ကောင်းတွေကလည်း အများကြီးရယ်။ အင်္ဂလိပ်စကား ဆိုရင်လည်း တကယ့်ကို အရမ်းကောင်းတယ်လေ။ မိုက်ကယ့်အနေနဲ့ အိန္ဒိယက တက္ကသိုလ် တစ်ခုခုမှာ အလုပ်ကောင်းကောင်း ရနိုင်တာပဲ။ မြန်မာအစိုးရက ဗီဇာပေးနိုင် သလောက် ရှင်တို့နှစ်ယောက် လည်း လွယ်လွယ် တွေ့နိုင်မှာပဲ။ အိန္ဒိယဆိုတာ မြန်မာပြည်နဲ့ ခဲတစ်ပစ်လောက်ပဲ ဝေးတော့ အဆင်ပြေတာ ပေါ့။ မဟုတ်ဘူးလား။ အောက်စ်ဖို့ဒ်က အိမ်ကို ငှားထားပေးလိုက်လည်း ရတာပဲ။ ကလေး နှစ်ယောက် ကိုလည်း ဘော်ဒါထားပြီး ကျောင်းတက်ခိုင်း နေရမှာပဲ။ အဲဒီလိုများ မတွေးမိဘူးလား” လို့လေ။ ကျွန်မရဲ့ အဲဒီစကားလည်း ကြားပြီးရော ဘယ်တော့မဆို ခပ်သွက်သွက် တုံ့ပြန်တတ်တဲ့ စုဟာ ခဏကလေး တိတ်ဆိတ်သွား ပါတော့တယ်။
ဆက်လက်ဖော်ပြပါမည်။
မသီတာ-စမ်းချောင်း

ဒေါ်အောင်ဆန်းစုကြည်အတွက် စာတစ်စောင် (၁၈)

ကျွန်မ သိထားတဲ့ အမှန်တရား တစ်ခုက ရှိနေပါသေးတယ်။ အဲဒါကတော့ စုဟာ ဂျပန်မှာ နေခိုက် သူ့အဖေ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပတ်သက်ပြီး မြန်မာပြည်က လူတွေဟာ ဘယ်လောက်ထိ ချစ်ခင်လေးစားမှု ရှိနေသေး တယ် ဆိုတာရယ်၊ သူ့အပေါ် မြန်မာပြည်ရဲ့ ဂုဏ်ယူဖွယ်ရာ ခေါင်းဆောင်ကြီးရဲ့သမီးအဖြစ် သဘော ထားပြီး မျှော်လင့်ချက်တွေ အပြည့်နဲ့ ရှုမြင်ကြတယ် ဆိုတာရယ်ကို သူတွေ့ကြုံခဲ့ရခြင်းပါပဲ။ ကျွန်မက ပြောမိတာတွေ လွန်များသွားသလား လို့ ပူပန်မိပေမယ့် စုအဖြေကို စောင့်နေလိုက်ပါတယ်။ စုက လာလည်တိုင်းမှာ ကျွန်မတို့ အတွက် ဂျပန် အချိုမုန့်လေးတွေ ယူလာတတ်ပေမယ့် ကျွန်မအဲဒီနေ့က လက်ကမ်း မယူဖြစ်ပဲ ရှိနေခဲ့ပါတယ်။ သိပ် မကြာခင်မှာပဲ စုက “နိုရီကို ရှင်မှန်ပါတယ်” လို့ ဆိုလိုက်ပါတယ်။ အဲဒီအချိန်က ၁၉၈၆ နွေဦး မှာပေါ့။
ဒေါ်အောင်ဆန်းစုကြည်တို့ မိသားစုနှင့် စာရေးသူ နိုရီကို

ဇွန်လမှာတော့ စုက သူ့ပစ္စည်း တချို့ ကျွန်မအိမ်မှာထားခဲ့ကာ အိန္ဒိယမှာ ရှိတဲ့ မိုက်ကယ့်ဆီကို ထွက်သွား ခဲ့ပါတယ်။ အဲဒီအချိန်ဟာ ကျွန်မတို့အနေနဲ့ စုကို နောက်ဆုံး တွေ့ခဲ့ရတာပါပဲ။
ကျွန်မစကားကြောင့်တော့ သူဟာ မြန်မာပြည်ရဲ့ ဒီမိုကရေစီရေး လှုပ်ရှားမှုထဲ ရောက်သွားခဲ့တယ်လို့ မထင်မိ ပါဘူး။  သူ့အမေ ဖျားနာနေချိန်မှာ မြန်မာပြည် ပြည်တွင်းက လှုပ်ရှားမှုတွေ ကလည်း ဖြစ်လာတော့ သူ့ဆီမှာ ရှိနေခဲ့တဲ့ ရင့်သန်နေတဲ့ နိုင်ငံချစ်စိတ်နဲ့ တရားမျှတမှုကို အလေးထား စိတ်တွေကြောင့်ပဲ သူ ဒီလှုပ်ရှားမှုထဲကို ရောက်သွားတာပါ။ ၁၉၈၈ ဩဂုတ် ၂၆ ရက်မှာ ရွှေတိဂုံဘုရား အနောက်ဘက်မုခ် မိန့်ခွန်း ပြောတဲ့အခါ စုက “ကျွန်မဟာ နိုင်ငံခြားသား တစ်ယောက်ကို လက်ထပ်ထားတယ် ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် အဲဒါကြောင့် တော့ ကျွန်မရဲ့ အမိမြေကို ချစ်တဲ့စိတ်ကို မလျော့ပါး စေနိုင်သလို မြန်မာပြည်အတွက် ကျွန်မရဲ့ သန္နိဋ္ဌာန် ကိုလည်း မပျက်စီးစေနိုင်ပါဘူး” လို့ ပြောခဲ့ပါတယ်။ ဒီလိုပြောတာဟာ သူ့ကိုယ်သူ မြန်မာ တစ်ယောက်ဆိုတာ ပြသတာပဲလေ။ မိုက်ကယ်နဲ့ သားနှစ်ယောက်ရဲ့အကာအကွယ်နဲ့ပဲ စုဟာ မြန်မာလူထုနဲ့ ပြန်လည် ပေါင်းစည်း မိခဲ့ပါပြီ။
သူ့အဖေ ဗိုလ်ချုပ်အောင်ဆန်းဟာ သူ့နိုင်ငံ လွတ်လပ်ရေးအတွက် ပြည်ပက ရန်သူကို ရင်ဆိုင်တိုက်ခိုက်ဖို့ သူ့ ကိုယ်သူ တိုက်ပွဲထဲ ခြေစုံပစ်ဝင်ခဲ့ပါတယ်။ စုကတော ပြည်တွင်းမှာ ရှိတဲ့ စစ်အစိုးရကို ရင်ဆိုင်ဖို့ မြန်မာ လူထု အနေနဲ့ “ကြောက်ရွံ့ခြင်းက ကင်းလွတ်”ဖို့ တိုက်တွန်းခဲ့ပါတယ်။ ပိုပြီး ခက်ခဲတဲ့အလုပ်ပါပဲ။ သူ့မှာရှိတဲ့ တစ်ခုတည်းသော လက်နက်ကတော့ “ဒီမိုကရေစီ”ပါ။
စစ်အစိုးရကတော့ စုကို လူထုက ထောက်ခံတာကို ကြောက်လန့်ခဲ့ပါတယ်။ ဒါ့အပြင် သူတို့က တရားမျှတမှု ကနေ သွေဖီဖို့လည်း ရဲဝံ့ခဲ့ပါရဲ့။ သူတို့က စုကို နေအိမ် အကျယ်ချုပ် ချထားခဲ့ပါတယ်။ ကျန်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီပါတီ)ဝင်တွေနဲ့ ၈၈ မျိုးဆက် ကျောင်းသားတွေကိုလည်း ထောင်ချခဲ့ ပါတယ်။ အဲဒီနောက် ၁၉၉၀ မှာ လူထုက နိုင်ငံလုံးကျွတ် သဘောထားထုတ်ဖော်ကာ မဲပေးခဲ့ကြပြီး အန်အယ်လ်ဒီ က မဲနိုင်ခဲ့ပေမယ့် နိုင်ငံလုံးကျွတ် အရှုံးကို ရင်ဆိုင် ခဲ့ကြရပါတယ်။ ဒါပေမယ့် စုမပါဘဲ အန်အယ်လ်ဒီက ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တာကို ကြည့်ရင် သူ နေအိမ် အကျယ်ချုပ် ကျနေတာတောင် ဒီမိုကရေစီ အဖျားကတော့ လူတွေကြားမှာ ဒီရေတက်နေပြီ ဆိုတာ သေချာပါတယ်။ စုက သူတို့ကြားမှာ နေနေ ပြီလေ။ စုကိုယ်တိုင်ဟာ မြန်မာပြည်ပါပဲ။
အချုပ်အနှောင်ထဲက စု (၁၉၈၉-၁၉၉၅)
အစောင့်အရှောက် နတ်တစ်ပါး အလား မိုက်ကယ်
နာမကျန်း ဖြစ်နေတဲ့ အမေကို ပြုစုဖို့ဆိုပြီး စု မြန်မာပြည် ပြန်သွားတာ တစ်နှစ်တောင် ရှိခဲ့ပါပြီ။ ၁၉၈၉ ခုနှစ် ဧပြီမှာတော့ ကျွန်မတို့ နှစ်ယောက်လည်း မိုက်ကယ်တို့သားအဖကို စု မရှိတဲ့ အောက်စ်ဖို့ဒ်က ပါ့ခ်တောင်း အိမ်မှာ သွားတွေ့ဖို့ ဆုံး ဖြတ်ခဲ့ပါတယ်။တကယ်တော့ ကျွန်မ သိပ်သိချင်နေတာက မိုက်ကယ်ဟာ ကလေး နှစ်ယောက်ကို ချက်ကျွေးနိုင်တာ ဆိုလို့ စု မကြိုက်တဲ့ ကြက်ဥမွှေကြော် တစ်မျိုးပဲ ကောင်းကောင်း ရှိတာမို့ အခုနေခါ ကလေးတွေကို သူဘယ်လိုများ ကျွေးမွေးနေမလဲ ဆိုတာပါ။ ကျွန်မအနေနဲ့လည်း ကလေး နှစ်ယောက်ကို ဂျပန်စာတွေ ချက်ကျွေးချင် နေမိပါတယ်။ ကျွန်မတို့ရဲ့လျှပ်စစ် ထမင်းပေါင်းအိုးလေးရယ်၊ ဆူကီယာကီလုပ်တဲ့ ဒယ်အိုးရယ်က စုတို့ရဲ့ မီးဖိုချောင်ထဲမှာ ရှိနေသေးတယ်လေ။
ထမင်းစားပွဲပေါ်မှာ ကျွန်မတို့ နှစ်ယောက် အံ့အားသင့်သွားအောင် စောင့်နေတာတွေကတော့ ကြက်ရို့စ် နဲ့ ဟင်းရွက်သုတ်ပါပဲ။ အဲဒီအချိန်က ကင်မ်က အသက် ၁၁ နှစ်နဲ့ ၇ လသာ ရှိသေးပေမယ့် သူက အန်ကယ် အို့စု နဲ့ အန်တီနိုရီကို့ကို ကိုယ်တိုင် ချက်ကျွေးမယ် ဆိုကာ မနက်ကတည်းက အချိုပွဲကို ပြင်ဆင်ခဲ့ပါသတဲ့။ ကျွန်မတို့မှာ အံ့ကို ဩလို့ပေါ့။ ဒါပေမယ့် သူ့မှာ လျှို့ဝှက်ချက် ရှိနေတာကို ကျွန်မတို့ မသိခဲ့ပါဘူး။ မြန်မာဝတ်စုံ ကို သပ်သပ်ရပ်ရပ် ဝတ်ထားတဲ့ မိန်းကလေးတစ်ယောက် က ထမင်းပွဲကို ပြင်ဆင်ပေးပြီး ကိတ်မုန့် လုပ်ပုံ ကိုလည်း ကင်မ့်ကို သင်ပေးခဲ့ပါသတဲ့။ သူက ဟောင်ကောင်မှာ ဆရာဝန်အဖြစ် ရပ်တည်ခဲ့တဲ့ စုရဲ့ ဝမ်းကွဲ ညီအစ်မ ပါ။ စုက မိခင်ကိုပြုစုနေရင်းက ဒီမိုကရေစီ လှုပ်ရှားမှုထဲ ရောက်သွားတော့ သူ့ မိသားစု အတွက် ဝမ်းကွဲညီမကို အကူအညီ တောင်းပြီး အဝေးကနေ စီမံခဲ့တာပဲ ဖြစ်ပါတယ်။ ကျွန်မက အမြော်အမြင်ရှိလှတဲ့ စုကို အတော်ကြီး အထင်ကြီး သွားမိပါရဲ့။
အဲဒီကာလတွေမှာ မိုက်ကယ့် အနေနဲ့ ပုံမှန်အလုပ်ရယ်လို့ မရှိပါဘူး။ သူတို့အိမ်ရဲ့ ပထမနဲ့ ဒုတိယထပ်ကို ငှားတဲ့ ဝင်ငွေက အဓိက ဝင်ငွေပေါ့။ တကယ်တော့ သူ့ကို ကမ်းလှမ်းလာတဲ့ အလုပ်တွေက အများကြီးပါ။ သူက တစ်ခုကိုမှ မရွေးခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ အဲဒီအလုပ်တွေက ပညာရေးနဲ့ မပတ်သက်လို့ ပါတဲ့။ အင်္ဂလန်မှာ အဲဒီအချိန်က တိဘက်ဘာသာစကား သင်ကြားရေးအတွက် နေရာနှစ်နေရာပဲ ရှိပြီး ဘယ်နေရာမှ မလစ်လပ်ပါဘူး။ ကျွန်မကမိုက်ကယ်နဲ့ ကလေးတွေအတွက် စိတ်ပူကြောင်း ပြောမိတော့ မိုက်ကယ်က ကျွန်မကို “နိုရီကိုရာ။ ကျွန်တော်တို့က ဒီမှာ အင်္ဂလန်မှာ လုံခြုံနေတာပဲ။ ခင်ဗျား စုကိုတော့ ဘာလို့ စိတ်မပူရတာလဲ” လို့ မေးခွန်း ပြန်ထုတ်ပါတော့တယ်။ ကျွန်မက စုရဲ့ ပုန်းလျှိုးနေတဲ့ အရည်အချင်းတွေ ကို သိထားတယ်လေ။ ပြီးတော့လည်း နှစ်ပေါင်းများစွာ တစ်ဘက်သတ် အချစ်နဲ့ ချစ်ခဲ့ရတဲ့ အမိမြေ မြန်မာပြည် က လွဲပြီး ဘယ်နေရာမှာမှ သူ့ရဲ့နိုင်ငံရေး မျိုးစေ့ကို မြေချ ပန်းပျိုးနိုင်မယ့် နေရာမရှိဘူးလို့ ကျွန်မက သေချာ နေတာကိုး။ ဒါကြောင့် မိုက်ကယ့်ကို စုရဲ့ ကျန်းမာရေးကလွဲပြီး ကျန်တာ မပူပန်ဘူး လို့ ဆိုလိုက်ပါတယ်။ “စုအနေနဲ့ မြန်မာပြည် နိုင်ငံရေးမှာ အင်အား အပြည့်နဲ့ သူ့အခန်းကဏ္ဍကို ထမ်းဆောင်ဖို့ အတွက် အိမ်ထောင်ရေး အပူအပန် တွေကနေ စုက ကင်းဝေးသင့်တယ် မဟုတ်လား”လို့ပေါ့။ မိုက်ကယ်က “ခင်ဗျား မှန်ချင် မှန်မှာပါ”လို့ ပြန်ဖြေလေရဲ့။
ဆက်လက်ဖော်ပြပါမည်။

မသီတာ(စမ်းချောင်း)  

ဒေါ်အောင်ဆန်းစုကြည်အတွက် စာတစောင်(၁၉)


၁၉၈၀ ခုနှစ်က အောက်စဖို့ဒ်တွင် အပြည်ပြည်ဆိုင်ရာ ပညာရှင်အချို့နှင့်အတူ တွေ့ရသည့် နိုရီကိုနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ မိသားစု 

အဲဒီနေ့က မိုက်ကယ်ဟာ ကျွန်မကို မြန်မာ ငွေစက္ကူတစ်ရွက် ပြပါတယ်။ အဲဒီမှာ
ဗိုလ်ချုပ်အောင်ဆန်းရဲ့ပုံနဲ့ နံပါတ် ၈ ဂဏန်းတွေ ပေါ်နေပါတယ်။ မိုက်ကယ်က ၈ ဂဏန်းက ၈၈၈၈ အရေးတော်ပုံကို ကိုယ်စားပြုကြောင်း နဲ့ ဗိုလ်ချုပ်ပုံကတော့ စုကို ထောက်ခံတဲ့ အသွင်လည်း ဆောင်ကြောင်း ရှင်းပြပါတယ်။ ကျွန်မကတော့ မြန်မာလူထုက စုကို ယုံကြည်စွာ အားပေး ထောက်ခံကြတာကို ကြားရတော့ ဝမ်းသာမိပါတယ်။ သူ့ကို နိုင်ငံခြားသားနဲ့ လက်ထပ်တဲ့အတွက် နိုင်ငံကို သစ္စာဖောက်သူအဖြစ် စွပ်စွဲခံခဲ့ရဖူးတာကိုး။

“နိုရီကို၊ အစကတည်းက ဒီလို နေ့မျိုး တစ်နေ့တော့ ရောက်လာမယ် ဆိုတာ ကျွန်တော်သိနေပါတယ်။ မြန်မာလူထုက သူ့ကို လိုအပ်လာတဲ့အခါ ကျွန်တော်က အဲဒီလမ်းကို မပိတ်ပင်ပါဘူးလို့ စုကို ကတိပေးခဲ့ တာပါ”လို့ မိုက်ကယ်က ပြောပါတယ်။

ကျွန်မက ဝမ်းနည်းသွားပါတယ်။ မိုက်ကယ်က စုကို ဇနီးမယား တစ်ယောက်အနေနဲ့ ထိန်းချုပ်ဖို့ မကြိုးစားတာ ကို သိရတဲ့ အတွက်လည်း သူ့ရဲ့ သဘောထားကြီးမှုကို လေးစား အထင်ကြီးမိပါတယ်။ အခုအချိန်ထိတော့ မိုက်ကယ်ဟာ အတ္တကြီးတဲ့ အချစ်စိတ်ကမ္ဘာ ထဲကနေ  အသွင်ပြောင်းလာခဲ့ပြီပေါ့။ ကျွန်မကတော့ မိုက်ကယ် ဟာ စုအတွက် အစောင့်အရှောက် နတ်တစ်ပါးလို သူ့ကိုယ်သူ ပြောင်းလဲနေတာကို မြင်လိုက်ရသလိုပါပဲ။

ကျွန်မတို့တတွေ ပထမဆုံးအကြိမ် နိုင်ငံခြားကို သွားတဲ့အခါ အရာရာဟာ သဘောကျစရာတွေ ချည်းမို့ မတွေး မမြင်နိုင်လောက် အောင်ဖြစ်သွားတတ်ပါတယ်။ ဒါပေမယ့် အပြင်မှာ ကြာကြာနေ တဲ့အခါမှာတော့ အဲဒီလူ့အဖွဲ့ အစည်းရဲ့အပြစ်ကလေးတွေကို သတိပြုမိ လာတတ်ပါတယ်။ တစ်စစနဲ့ကိုယ့်အမိမြေက ပန်းတွေက ပိုလှတယ် လို့ ပြန်တွေးမိ လာတော့တာပေါ့။ အဲဒီအခါမှာတော့ ကျွန်မတို့ဟာ ဘယ်လောက်အထိ နိုင်ငံစွဲ၊ အမျိုးသားရေး စိတ်ရှိတယ်ဆိုတာမျိုး ပြန်မြင်လာပါတယ်။ စုမှာလည်း ကောင်းမွန်တဲ့ အမျိုးသားရေး စိတ်ဓာတ် ရှိနေတာကို ကျွန်မခံစားမိပါတယ်။

 အဲဒီစိတ်ကြောင့်ပဲ မြန်မာပြည်မှာ သူ့ဘဝကို မြှုပ်နှံလိုက်တာပါ။ သူက မြန်မာအဝတ်အစားတွေကို တမြတ်တနိုး ဝတ်လေ့ရှိသလို မြန်မာပြည် အကြောင်း မကောင်းလည်း မပြောတတ်ပါဘူး။ ဘာပဲပြောပြော မြန်မာပြည် အကြောင်းကိုလည်း ထည့်ပြောတတ်လေရဲ့လေ။
ဒါပေမယ့် စုက သူ့ရဲ့ မြန်မာနိုင်ငံသား ဘဝကို ထိန်းသိမ်းထား နိုင်ခဲ့ရုံသာမက သားနှစ်ယောက် ကိုပါ မြန်မာပတ်စ်ပို့တ် ကိုင်ထားတာကို ခွင့်ပြုခဲ့တဲ့ မိုက်ကယ့် မိသားစုကိုလည်း ကျေးဇူးတင် နေမိပါတယ်။  ဒီလို အဆုံးအဖြတ်ကလည်း အင်္ဂလန် နဲ့ အင်္ဂလိပ်တွေရဲ့ ပုံရိပ်ပဲ ဖြစ်မယ် ထင်ပါတယ်။ အင်္ဂလန်ဟာ စီးပွားရေးအရ ဩဇာမကြီးတော့ပေမယ့် သူ့ရဲ့ သိက္ခာအရတော့ ကမ္ဘာမှာ ကောင်းကောင်းကြီး ရပ်တည်နိုင်နေတာ အဲဒီလို သဘောထားမျိုးတွေ အတွက် ဖြစ်ပါလိမ့်မယ်။

နေအိမ် အကျယ်ချုပ်ကြောင့် သံမဏိ နိုင်ငံရေးသမား ဖြစ်လာတဲ့ စု

(ဒီအခန်းငယ်ရဲ့ အစပိုင်းမှာတော့ ၁၉၈၈-၈၉ ခုနှစ်က မြန်မာ့ နိုင်ငံရေး ဖြစ်စဉ်အချို့ကို ပြန်ရေးပြထား တာသာ ဖြစ်ပါတယ်။ မြန်မာ မဟုတ်တဲ့ စာဖတ်ပရိသတ်ကို သိစေချင်တဲ့သဘော အကြမ်းဖျဉ်းပဲ ရေးထားတာမို့ ချန်လှပ်ထားခဲ့ပါတယ်။ ဘာသာပြန်သူ)

၁၉၈၉ ဇူလိုင် ၂ဝ မှာ စု နေအိမ် အကျယ်ချုပ် ကျတော့ ကလေးတွေက နွေရာသီ ကျောင်းပိတ်ရက်မို့ သူနဲ့ အတူ ရှိနေကြချိန်ပါ။ စုက သူ့ခြံထဲကနေ ထောင်ကို ခေါ်သွားခံရတဲ့ ပါတီဝင်နဲ့ လုပ်ဖော်ကိုင်ဖက်တွေ နည်းတူ သူ့ကို ထောင်ကို ခေါ်သွားဖို့ အစာငတ်ခံ ဆန္ဒပြခဲ့ပါတယ်။ အဲဒီအဖြစ်ကို မိုက်ကယ်နဲ့ သားနှစ်ယောက်က တွေ့မြင်ခဲ့ရတာပေါ့။ သူ့လူတွေကို ထောင်ထဲမှာ ကောင်းကောင်းမွန်မွန် ထားပါ့မယ်လို့ ကတိရတော့မှ စုက အစာ ပြန်စားတာမို့ စုစုပေါင်း ၁၁ ရက် အစာ မစားခဲ့ပါဘူး။

အဲဒီနောက်ပိုင်း မိုက်ကယ်နဲ့ ကလေးတွေ အင်္ဂလန်ကို ပြန်လာခဲ့ရပြီးနောက် ၂ နှစ်နဲ့ ၄ လလုံးလုံး စုအိမ်က ဖုန်းလည်း အဖြတ်ခံရကာ  မိသားစုဆီက စာလည်း လက်ခံခွင့် မရှိခဲ့တာမို့ အဆက်အသွယ် အားလုံးပြတ် တောက်ခဲ့ ရပြန်ပါတယ်။ မိုက်ကယ့် အပြောအရတော့ စုက နေအိမ်ဝင်းထဲက ပန်းခြံထဲဆင်းပြီး နေစာလှုံချင် လို့တောင် မရခဲ့ပါဘူး။ စုက ငွေရေးကြေးရေး အကျပ်အတည်း ရှိခဲ့ပေမယ့် အိမ်က ပရိဘောဂ အဟောင်းတွေ ရောင်းပြီး အဆင်ပြေအောင် နေခဲ့ပါတယ်။ ကျွန်မ ထပ်ကြားခဲ့ဖူး တာကတော့ စုအိမ်က အဖော်မိန်းကလေး ဈေးဝယ်သွားရင်လည်း ဆိုင်ရှင်တချို့က ငွေမယူလိုက်ကြဘူး ဆိုတာပါပဲ။ စုကိုယ်တိုင်က ဘဝကို ရိုးရိုးနဲ့ ခြိုးခြိုးခြံခြံ နေချင်တော့ သူ့ငွေရေး ကြေးရေး ပြသနာကို သူ့ဘာသာ လိမ္မာပါးနပ်စွာ ဖြေရှင်းနိုင်ခဲ့တယ် လို့ ကျွန်မလည်း ယုံကြည်ပါတယ်။

စုက ကိုယ့်ကိုယ်ကို ထိန်းချုပ်တဲ့နေရာမှာ အစွမ်းထူးရှိသူလို့ ဆိုရမှာပါ။ သူ့ဘဝကိုသူ စည်းကမ်းနဲ့ မောင်းနှင် သူလည်း ဖြစ်ပါတယ်။ ဒီတော့ နေအိမ်အကျယ်ချုပ်ဆိုတာ သူ့အတွက် သိပ်ခက်ခဲခဲ့ပုံ မရပါဘူး။ ဒါမှမဟုတ် စစ်အစိုးရ အနေနဲ့ သူ့ကိုယ်သူ ပြန်လည် ပြင်ဆင်မွမ်းမံဖို့ အခွင့်အရေးထူးကြီးကို မထင်မှတ်ဘဲ ပေးခဲ့တယ် လို့လည်း ဆိုနိုင်မလားပဲ။ စုကတော့ စာတွေ လှိမ့်ဖတ်ခဲ့ပါတယ်။ စာဖတ်ရတာကို သူက အပျော်ဆုံးပဲကိုး။ တရား အားထုတ်မှုနဲ့ စာဖတ်ခြင်းကလည်း သူ့ကို ကိုယ်ပိုင် နိုင်ငံရေးအတွေးအခေါ်တွေ ရလာစေခဲ့ပါတယ်။ ဒါ့အပြင် နေအိမ် အကျယ်ချုပ်ရဲ့ အသီးအပွင့်ကတော့ “ကြောက်ရွံ့ခြင်းမှ ကင်းလွတ်ခြင်း” ပဲ ဖြစ်ပါတယ်။ သားတွေကို မစောင့်ရှောက်နိုင်၊ မိသားစုဘဝကို မပျော်ပိုက်နိုင်ဘဲ အထီးကျန်ကာလ ခြောက်နှစ်ကို ဖြတ်သန်း လိုက်ရတဲ့ အတွက် စုဟာ သံမဏိလို မာကျောတဲ့ နိုင်ငံရေးသမားတစ်ယောက် ဖြစ်လာရပါတော့တယ်။


ရှင့်ရဲ့ အားပေးမှုအတွက် ကျေးဇူးတင်ပါတယ် စု

ကျွန်မဆီ မိုက်ကယ်က တစ်ဆင့် ပေးပို့လာတဲ့ စုရဲ့ စာတစ်စောင် ရှိခဲ့ဖူးပါတယ်။ စုက ၁၉၉၅ ခုနှစ် နှစ်သစ်ကူး အနေနဲ့ ဘီဘီစီအင်တာဗျူး တစ်ခုမှာ ပျော်ရွှင်စရာနှစ်တစ်နှစ်ဖြစ် ပြီး ကျွန်မအတွက်လည်း ရောဂါဘယ ကင်းပါစေလို့ ဆုတောင်းပေး ခဲ့ဖူးပါတယ်။ စုက အဲဒီလို ပြောလိုက်တော့ ကျွန်မတကယ့်ကို ခံစားလိုက်ရ ပါတယ်။ သူ့ပခုံးပေါ်မှာ နိုင်ငံ့တာဝန်တွေကို  ထမ်းပြီး အကြောင်းအကျိုး ယုတ္တိမရှိ ဆက်ဆံရေးတွေကို စိတ်ရှည်ရှည်နဲ့ တစ်ယောက်တည်း ခုခံနေရချိန်မှာ ကျွန်မကလည်း ရင်သားကင်ဆာ ဝေဒနာရဲ့ ကျွန်တစ် ယောက်လို ဖြစ်နေခဲ့ရပါတယ်။ စု စကားအရဆိုရင် ကျွန်မလည်း ကိုယ့်ကင်ဆာကို ကြောက်ရွံ့ခြင်းမှ ကင်းလွတ်အောင် နေမှ ရှင်သန်နိုင်မှာပေါ့။

ရင်သားခွဲစိတ်မှုပြီး နောက်လေးလလောက်အထိ ကျွန်မမှာ နောက်ပိုင်း ဖြစ်လာမယ့် ပြသနာတွေအတွက်  စိုးရိမ်နေခဲ့မိပါတယ်။ ဒါပေမယ့် ဒီကင်ဆာကို လက်မခံမယ့် အစား ကျွန်မရဲ့ ပိုင်ဆိုင်မှု တစ်စိတ်တစ်ပိုင်း အဖြစ် လက်သင့်ခံဖို့လည်း ဆုံးဖြတ်ခဲ့ပါရဲ့။ အဲဒီလို လက်ခံလိုက်ပြန်တော့ ကင်ဆာကို ကြောက်တဲ့စိတ်လည်း ကွယ်ပျောက်ခဲ့ရသလို စိတ်လည်း အေးချမ်း လာပါတယ်။ စုရေ ရှင့်ရဲ့ အားပေးမှု အတွက် ကျေးဇူးပါပဲ။ ကျွန်မရဲ့ဝေဒနာကို ကျွန်မဘာသာ ထိန်းသိမ်းရင်း ရှင့်ကို လာတွေ့မယ် လို့ပဲ စိတ်ထဲကနေ ပြောခဲ့မိပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အတွက် စာတစ်စောင် (၂၀)

၂ဝဝ၉ ခုနှစ် မတ်လ ၂၇ ရက် မှာတော့ မိုက်ကယ်ဆုံးတာ ၁ဝ နှစ် ပြည့်နေ့မို့ ကျွန်မက အဲဒီအကြောင်းတွေကို ပြန်တွေးနေ မိပါတယ်။ မိုက်ကယ်နဲ့ ဖက်စ်အားဖြင့် အပြန်အလှန် ဆက်သွယ်ခဲ့ကြဖူးတာမို့ အဲဒီစာရွက်တွေကို ပြန်ရှာဖတ်မယ် လို့လည်း တွေးဖြစ်ပါတယ်။ ကျွန်မတို့အိမ်က ဖက်စ်ဟာ ၁၉၉ဝ ခုနှစ်လောက်က ရှေးဟောင်း ဒီဇိုင်းမို့ စာရွက်လိပ်တွေ အနေနဲ့သိမ်းထားဖြစ်ပါတယ်။

မိုက်ကယ့်စာတွေ အားလုံးက စီပီယာ ရောင် ပြောင်းနေ ပြီ ဖြစ်သလို စကားလုံးတွေကလည်း မှိန်ပြီး ပျောက်သလောက် ဖြစ်နေပါပြီ။ ကျွန်မလည်း အဲဒီစာရွက်လိပ် တွေကို ယူကာ စတိုးဆိုင်ဆီပြေးပြီး ကော်ပီပြန်ကူး လိုက်ပါတယ်။ ဖြစ်ချင်တော့ တချို့က ဘယ်လိုမှ ဖတ်လို့ မရတော့ပါဘူး။ အကောင်းဆုံး ပြန်ရတဲ့ စာကတော့ နေအိမ် အကျယ်ချုပ် ကျနေစဉ်က စု ရေးပို့လိုက်တဲ့ စာတစ်စောင်ပဲ ဖြစ်ပါတယ်။ ကျွန်မက အဲဒီစာကို မေ့နေခဲ့တာမို့ ကိုယ့်ကိုယ်ကို မိုက်လိုက်လေလို့ တွေးမိပါ တယ်။ မိုက်ကယ် ကွယ်လွန်တဲ့ နှစ်ပတ်လည်နေ့မှာ သူ့ကို သတိရမိ လွမ်းမိတော့မှပဲ ဒီစာကို သတိရတာပါ။ မိုက်ကယ်က ကျွန်မကို ကျေးဇူးတင်တဲ့ အနေနဲ့ စုရဲ့စာကို ပေးခဲ့တာ မဟုတ်လား။ ကျေးဇူးပဲ မိုက်ကယ်ရေ။
စာမှာ တပ်ထားတဲ့ ရက်စွဲက ၁၉၉၅ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်ပါ။ စု နေအိမ် အကျယ်ချုပ်က မလွတ်သေးချိန် ပေါ့။ ဒီစာကို မိုက်ကယ် ဘယ်လိုပို့ခဲ့တယ် ဆိုတာ သေချာမသိပေမယ့် ဖက်စ်ကို တစ်ယောက်ယောက်ဆီက ငှားပြီးပို့ခဲ့တယ် ထင်ပါတယ်။ မိုက်ကယ်တို့ သားအဖနဲ့ ခရစ်စမတ် ပိတ်ရက် အတူနေလိုက်ရတဲ့အတွက် ဝမ်းသာတဲ့ အကြောင်း ရေးထားတဲ့ စုရဲ့စာ ပါပဲ။
တကယ်တော့ ဒီစာက ညီမငယ် တစ်ယောက်က အစ်မကြီး တစ်ယောက်ဆီရေးတဲ့ အိမ်ရှင်မ တစ်ယောက်ရဲ့ လက်ရေး အဖြစ် မဟုတ်ဘဲ နိုင်ငံရေးသမားတစ်ဦးရဲ့ သိက္ခာတွေ ပါနေတဲ့ မင်္ဂလာစာ တစ်စောင်အဖြစ် ပြန်ပြီး ဖော်ပြချင် ပါတယ်။ စုရေ…. ရှင် ကျွန်မကို ခွင့်ပြုပါနော်။ ရှင့်ရဲ့ လူထုအတွက် ရှင့်စာကို ဖော်ပြလိုက်ပါတယ်။

၁၃-ဝ၁-၁၉၉၅ ဝ၇း၅၉
သို့ ၁၃၁-…..ဝ၁ဝ၈၁၇
စာ-ဝ၁
ဖက်စ်/ဖုန်း ဝ၁ဝ-၈၁-၇၇၅-၉၄-၁၅၁၆
သီးသန့်လျှို့ဝှက်
ချစ်ခင်ရတဲ့ နိုရီကို
မကြာသေးခင်က ဘီဘီစီမှာ လွှင့်သွားတာ ကြားလိုက်ရတာက ဂျပန်မှာ ၁၉၉၅ ခုနှစ် ကို ရောက် သွားပြီတဲ့။ ရှင့်ကို မင်္ဂလာနှစ်သစ် လို့ နှုတ်ဆက်လိုက်ပါတယ်။ ရှင်နဲ့ အို့စုဆန်တို့ နှစ်ယောက် ကင်ဆာ ပြဿနာကြောင့် ဖြတ်သန်းရတဲ့ စိတ်ပင်ပန်းမှုတွေ ကြားကပဲ ၁၉၉၅ ဟာ ပျော်စရာ နှစ် သစ်တစ်ခု ဖြစ်ပါစေလို့ ကျွန်မ ဆုတောင်း လိုက်ပါတယ်။
ဒီနေ့ညနေမှာ မိုက်ကယ်နဲ့ ကင်မ်က ရွှေတိဂုံဘုရားကို သွားကြတယ်လေ။ ပြီးတော့ ဗုဒ္ဓရုပ် ပွားတော် တစ်ဆူကို ရှင့်အတွက် ဝယ်လာခဲ့ကြပါတယ်။ သူတို့က ဒီဇန်နဝါရီလကုန် အောက်စ ဖို့ဒ်ကို ပြန်ရောက်ပြီး မကြာခင်မှာပဲ ရှင်နဲ့ အို့စုဆန်တို့ အဲဒီကို အလည်လာနိုင်ကြမယ် လို့ မျှော်လင့်နေကြတယ်။ ကင်မ်က မနက်ဖြန်ပြန်လိမ့်မယ်။ အလက်ဇန္ဒားကတော့ ၂၉ ရက်က တည်းက ပြန်သွားခဲ့ပြီ။ နိုရီကိုရေ ရှင် စိတ်ရော ကိုယ်ပါ အားလုံး ကျန်းမာမှ ဖြစ်မယ်နော်။ ကျွန်မကို လာတွေ့မယ်ဆိုတဲ့ စိတ်ပိုင်းဖြတ် ချက်ကိုလည်း ထိမ်းသိမ်းထားရမယ်နော်။ ကျွန်မက ရှင့်အကြောင်း တွေးနေမှာ ဖြစ်သလို ရှင့်ဝေဒနာအတွက်လည်း မေတ္တာတွေ ပို့ပေးနေမှာပါ။ စိတ်ထဲမကောင်း ဖြစ်မနေပါနဲ့နော်။ ကျွန်မတို့အတူတူ တွေ့ကြရင် ပျော်စရာ ရယ်စရာတွေ ဖြစ် မယ့်အကြောင်းကို တွေးပါနော်။
ဒီလိုအချိန်မှာ ကျွန်မကတော့ ရှင်တို့နဲ့အတူ ဂျပန်ဒေသခံနေရာ တချို့ကို သွားလည်ခဲ့တဲ့ ညတွေကို သတိရ နေမိတယ်။ ပြီးတော့ အို့စုဆန်က ရှင်စားမယ့် အိုမိုချီတွေကို ကင်တဲ့အခါ အဆင်မပြေဖြစ်ခဲ့တာ ကိုလည်း သတိရနေတာပဲ။ (မီးကျွမ်း သွားပေမယ့် စားလို့တော့ ကောင်း သားနော်) အခုအချိန်ကတော့ မျှော်လင့်ချက် တွေရယ်၊ ပြန်လည် ဆန်းသစ်မှုရယ် ရှိသင့် ချိန်ပေါ့။ ကျွန်မတို့ အားလုံး သတ္တိနဲ့ စိတ်ဓာတ်ခိုင်မာဖို့ လိုအပ်တဲ့ အချိန်လေ။
ရှင်နဲ့ အို့စုဆန်တို့ကို ချစ်ခင်စွာဖြင့်
စု
အောက်စ်ဖို့ဒ်ကို ပြန်ရောက်တာ နဲ့ ကျွန်တော် အမြန်ဆုံး ဆက်သွယ်ပါမယ်။
ချစ်ခင်မှုများဖြင့်
မိုက်ကယ်
စာရဲ့ အောက်ဆုံးမှာတော့ မိုက်ကယ်က လက်မှတ် ရေးထိုး ထားပါတယ်။ စုရယ် ဘယ်လောက်တောင် စိတ်စွမ်း အား ပြင်းထန်ပါလိမ့်။ ရှင့်နိုင်ငံအတွက် ဒီမိုကရေစီ မျှော်လင့်ချက်တွေကို စွမ်းဆောင် လာနိုင်မယ့် သူပဲ။ သတ္တိနဲ့ စိတ်ပိုင်းဖြတ်မှုတွေကို ရှေ့တစ်လှမ်း တိုးကာ ဆင်းရဲမွဲတေမှုနဲ့ အဆင်မပြေမှုတွေကို ကျော်လွှားနိုင် အောင် သူက စွမ်းနိုင်မယ်လို့ ကျွန်မ ယုံလိုက်ပါတယ်။
စုရဲ့စာထဲကအတိုင်း ကျွန်မကို ကင်မ်က စန္ဒကူးသားနဲ့ ထုထားတဲ့ ဗုဒ္ဓရုပ်ပွားတော်တစ်ဆူ ပေးအပ်ပါတယ်။

ပြီးတော့ ဝင့်ဝင့်ကြွားကြွားပဲ  “ဒယ်ဒီက  ပိုကြီးတဲ့ ရုပ်ပွားတော်ကို ဝယ်ဖို့ ပြောပေမယ့် သားက အန်တီနိုရီကိုက ဒီရုပ်ပွားတော်ကို ကြိုက်မှာ သေချာတယ်လို့ ပြောခဲ့တာ” ဆိုပြီးပြောကာ ပေးခဲ့တာပါ။ ကင်မ်က တကယ်တမ်း မှာ စကားများများ ပြောလေ့ ရှိသူ မဟုတ်တော့ သူက အခုလို သေချာ တွေးတောပြီး ဝယ်လာပေးတဲ့ လက်ဆောင် အပေါ် ကျွန်မက စိတ်လှုပ်ရှားစွာပဲ လက်ခံဖြစ်ခဲ့ပါတယ်။ သူ့ရဲ့ ချစ်စရာ ကောင်းပုံကလည်း ကျွန်မကို ကိုင်လှုပ်လိုက်သလို စိတ်ထဲ ကျေနပ်မိပါတယ်။ အဲဒါကြောင့်ပဲ စုရဲ့စာကို ဘယ်ထဲသိမ်းလိုက်မိမှန်း မသိလောက်အောင် မေ့သွားခဲ့တာပါ။

ဗုဒ္ဓရုပ်ပွားတော်ရဲ့ ကြည်ညိုဖွယ် အဆင်းကိုကြည့်ပြီး  ကျွန်မကတော့ သူတို့မိသားစု အကြောင်း ပြန်အောက်မေ့နေ ခဲ့ပါတယ်။ ဒီစာကို ရေးပြီး လေးနှစ်အကြာမှာ စုရဲ့ ခင်ပွန်းမိုက်ကယ် ကွယ်လွန်ခဲ့ပါပြီ။  ကင်မ်က မိုက်ကယ် ဆုံးတာကို လက်ခံလို့ မရလောက်အောင် စိတ်တွေ ပြိုကွဲထိခိုက် ခဲ့ရပါတယ်။ မိသားစုတွေကိုလည်း သူ စိတ်ထဲ မတွေ့တော့ ပါဘူး။မိုက်ကယ်ရဲ့အမြွာ ညီအစ်ကို ဖြစ်တဲ့ အန်ထော်နီကိုလည်း သူက ပြဿနာရှာလာပါတယ်။ အန်ထော်နီက မိုက်ကယ်နဲ့ အသံရော ရုပ်ရော တူတာ ဆိုတော့ အန်ထော်နီက ရှိနေပြီး မိုက်ကယ်က ဘာလို့ မရှိရတာလဲဆိုကာ ပြဿနာ ရှာတာမျိုးပါ။ သူက အန်ထော်နီ့ ပေါ်မှာပဲ ပေါက်ကွဲတာမျိုးပေါ့။ တကယ်တော့ အန်ထော်နီ့ မှာလည်း မိုက်ကယ့် ကွယ်လွန်မှု အပေါ် အဲဒီလိုပဲ ခံစားရရှာတော့ ကင်မ့်ကို ဘာမှပြန်မပြောဘဲ ခံစားချက်တွေကို တိတ်တဆိတ် မျှဝေလက်ခံပေး ခဲ့ပါတယ်။ ကျွန်မလည်း အတတ်နိုင်ဆုံးတော့ ကင့်မ်ကို ဖေးမ ပေးခဲ့တာပါပဲ။ ကျွန်မက ဘာပဲချက်ချက် ကင့်မ်အတွက်လို့ ပြောပြီး တခြားသူတွေ ထက်အရင် ကင့်မ်ကို ကျွေးခဲ့ ပါတယ်။ တကယ်တော့ သနားစရာကောင်းတဲ့ ကင်မ်ကလေးဟာ သူ့အဖေရဲ့ နောက်ဆုံး အချိန် နှစ်လလောက် အတွင်းမှာ အဖေ့ကို ပြုစုနေရတာနဲ့ပဲ ထမင်းဟင်းတောင် ကောင်းကောင်း ကန်းကန်း စားဖြစ်ခဲ့ပုံ မရရှာပါဘူး။

ကင်မ်က သူ့စိတ်တွေ တည်ငြိမ်နေတဲ့ တစ်ချိန်မှာတော့ ကောက်ခါငင်ခါ မေးချလိုက်ပါတယ်။ “အန်တီ နိုရီကို၊ အဲဒီဗုဒ္ဓ ရုပ်ပွားတော်လေး အခုထက်ထိ ရှိနေသေးလား”လို့ ပေါ့။ ကျွန်မက သူ့ကို ပွေ့ဖက်လိုက်ကာ “ရှိတာ ပေါ့ကွယ်။ ဒါက အန်တီ့ရဲ့ ရတနာ တစ်ပါးပဲဟာ” လို့ ဖြေခဲ့ပါတယ်။ တကယ်တော့ အသက် ၁ဝ နှစ်အရွယ် ကတည်းက မိခင်ရဲ့ ပြု စုစောင့်ရှောက်မှုကို မရခဲ့တဲ့ ကလေးတစ်ယောက်ရဲ့ ဝမ်းနည်းစိတ်တွေကပဲ သူ့ကို ဒေါသတွေ အဖြစ် ပေါက်ကွဲစေခဲ့တာပါ။

ဆက်လက်ဖော်ပြပါမည်။
မသီတာ-စမ်းချောင်း

 



No comments: